သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်


ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်။ (ဓါတ်ပုံ-VOA မြန်မာဌာန)
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်။ (ဓါတ်ပုံ-VOA မြန်မာဌာန)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် စွဲချက်နှစ်ခုနဲ့ စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်ပါတယ်။ မန္တလေးအိုးဘိုထောင်မှာ အကျဉ်းချခံနေရတဲ့ ဦးဘိုဘိုငယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်နေ့က အမိန့်ချမှတ်တာဖြစ်တယ်လို့ တရားရေးအသိုင်းအဝိုင်းက ပြောပါတယ်။ အကျဉ်းကျခံလိုက်ရတဲ့ ဦးဘိုဘိုငယ် ကျန်းမာရေးအခြေအနေအသေးစိတ်တော့ မသိရဘူးလို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့ပြီးနောက် ၁နှစ်ကျော်အကြာမှာ စစ်ကောင်စီဘက်က နေ အဲဒီပုဒ်မနဲ့တရားစွဲဆိုဖို့ပြင်ဆင်ခဲ့တာပါ။

ဦးဘိုဘိုငယ်ကို နိုင်ငံခြားသုံးငွေ လွှဲပြောင်းမှုတွေမှာ ကြီးကြပ်မှု အားနည်းခဲ့မှုနဲ့ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံဘဏ္ဍာငွေ ကျပ်သန်း ပေါင်းများစွာ နစ်နာရတယ်ဆိုပြီး စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက် ထုတ်ပြန်ချက်အရ ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အတွင်း ငွေလွှဲအကြိမ် သုံးသိန်း နီးပါးအနက် ဗဟိုဘဏ်ကို နိုင်ငံခြားသုံးငွေလွှဲပြောင်းခွင့်ပြုချက်တောင်းခံမှု အကြိမ် ၄၀၀ နီးပါးနဲ့ ငွေကြေးမှုခင်းရဲတပ်ဖွဲ့ကို သတင်းပေးမှု ၉ ကြိမ်ပဲ ရှိခဲ့လို့ ကြီးကြပ်မှုအားနည်းပြီး နိုင်ငံတော် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Open Society Myanmar-OSM ငွေစာရင်းကိစ္စမှာလည်း ငွေကျပ် သန်း ၃၆၀ ကျော် နိုင်ငံအခွန် ဆုံးရှုံးခဲ့ကြောင်းနဲ့ ချေးငွေရထားတဲ့ငွေတွေကိုလည်း အတိုးပိုရတဲ့ဘဏ်မှာ မအပ်ဘဲ တစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ စင်ကာပူက SMBC ဘဏ်မှာ အပ်ခဲ့လို့ နိုင်ငံဘဏ္ဍာငွေ ၆၆၅ သန်း နစ်နာဆုံးရှုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအတွက် ဦးဘိုဘိုငယ် ဆောင်ရွက်ချက်တွေက အဂတိလိုက်စားမှုရှိတယ်လို့ စစ်ကောင်စီဘက်ကစွပ်စွဲပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဦးဘိုဘိုငယ်ဟာ NLD ပါတီ စီးပွားရေးကော်မတီမှာ ဘဏ်ပညာရှင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး၊ ၂၀၁၇ ဇူလိုင် မှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူခဲ့ပါတယ်။

[[Unicode]]






ဆက်စပ်သတင်းများ ...

XS
SM
MD
LG