သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာကေတ၊ ဒေါပုံ ညသပိတ် နဲ့ နှိမ်နင်းပစ်ခတ်မှု အခြေအနေ


နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်နေပုံ (ဓါတ်ပုံ-Citizen Journalist)
နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်နေပုံ (ဓါတ်ပုံ-Citizen Journalist)

(Zawgyi/Unicode)

မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ညဖက် စစ်တပ်နဲ့ရဲက ပစ်ခတ် နှိမ်နင်းနေတဲ့ကြားကပဲ ရန်ကုန်တိုင်း - သာကေတ၊ ဒေါပုံနဲ့ စမ်းချောင်း မြို့နယ်တွေမှာ တနင်္လာညက ရှောင်တခင် ညသပိတ်ဆန္ဒပြတာတွေ ရှိခဲ့ပြီး ဒေါပုံမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်းကျွမ်းမှုနဲ့အတူ လူနေအိမ်ထဲကို ပစ်ခတ်တာ၊ ကားတွေကို ဖျက်ဆီးတာတွေရှိခဲ့ကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

နေ့စဉ်ဆိုသလို မြို့ကြီးတွေမှောရာ နယ်ဖက် ကျေးရွာတွေမှာပါ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက် ပေါက်ပေါက်နေတာပါ။ သာကေတမြို့နယ်မှာ မနေ့ တနင်္လာည ၁၁ နာရီဝန်းကျင် ရပ်ကွက်နေပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာကို လူမှုကွန်ယက်ပေါ် Live လွှင့်တဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

“ ဒီမိုကရေစီ ရရှိရေး … ဒို့အရေး ဒို့အရေး ။ ရဲဘော်ဂျိုင်းထောက် … အရာရှိတိုက်ဆောက် ။ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ … ညီတယ်ဟေ့ ညီတယ်ဟေ့ …”

သာကေတနဲ့ ‌ဒေါပုံ မြို့နယ်အစပ်မှာ ညဖက် ၁၀ နာရီကျော်ဝန်းကျင်က ပစ်ခတ်မှုတွေရှိခဲ့တာပါ။ အထူးသဖြင့် သာကေတ (၁)ဈေးအကွေ့မှာ ပစ်ခတ်နေတာကို တိုက်မြင့်ပေါ်က လွှင့်နေတဲ့ Live ဗီဒီယိုမှာ မြင်ရပါတယ်။

“ ကားတွေ မှန်တွေအကုန် ကွဲကုန်ပြီလားမသိဘူး။ တရပ်ကွက်လုံး ကုန်ပါပြီ၊ …ဟာ စက်သေနတ်နဲ့ ပစ်နေပါတယ်။ သာကေတ (၁)ဈေးကွေ့မှာပါရှင် ”

ဒေါပုံ နွယ်အေးရပ်ကွက်အတွက် အုပ်ချုပ်ရေးမှူးတဦး စစ်တပ်က ခန့်အပ်ခဲ့တာကို ရပ်ကွက်နေပြည်သူတွေ မကြေနပ်တဲ့အတွက် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်း အဲဒီ နွယ်အေးရပ်ကွက်တဝိုက် ဆန္ဒပြဆန့်ကျင်မှုတွေရှိခဲ့ပြီးနောက် အခုလို စစ်တပ်နဲ့ရဲက ညဖက် ပစ်ခတ်မှုတွေ လုပ်လာတာပါ။

အဲဒီလို ပစ်ခတ်နေတုန်းမှာပဲ ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်းနေတာကိုလည်း မြင်ရပါတယ်။

“ မီးလောင်နေပြီ နီးစပ်ရာကို ပြောပေးကြပါ။ မီးတွေ အရမ်းလောင်နေပါတယ် နီးစပ်ရာကို ပြောပေးကြပါ။ မီးသတ်ကားတွေ လွှတ်ပေးပါ ၊ ဟုတ်တယ် နွယ်အေးမှာပါ ။ လူတွေ တယောက်မှ မထွက်ရဲပါဘူး။ သေနတ်နဲ့ ထပ်ပစ်နေပါတယ်။ အပြင်ထွက်ခွင့်လည်း မပေးပါဘူး"

နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လောင်တဲ့မီးဟာ ရှို့မီးဖြစ်နိုင်ပြီး ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ပြည်သူတွေ လက်မခံငြင်းဆန်နေတဲ့ကြားကပဲ စစ်အုပ်ချုပ်ရေးကောင်စီက ရပ်/ကျေးဥက္ကဌ တွေကို ခန့်ပြီး ၊ ညဖက် သန်းကောင်စာရင်းစစ်တဲ့ လုပ်ရပ်တွေ ဒီရက်ပိုင်းထဲ ပေါ်လာပြီးနောက် ၊ အခုလို ဒေါပုံက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်တဲ့ဇာတ်လမ်း ဖြစ်လာတာလို့ အဲဒီရုံးနဲ့ တလမ်းခြားမှာနေတဲ့ အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“အခုဟာက သူတို့က ရပ်ကျေးဥက္ကဌတွေ ခန့်နေတယ်လေ၊ ခန့်ပြီးနောက်ပိုင်း ညဖက်ဆို ဧည့်စာရင်း တိုင်ခိုင်းတာပေါ့နော်။ အဲဒါကို လူတွေက မကြေနပ်ကြဘူး။ ခု မီးလည်းရှို့ရော တပ်က ဝင်လာပြီး တွေ့သမျှလူကို အကုန်ပစ်တာ။ လမ်းထဲမှာ တိုက်တွေပေါ်ကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးပြီးတော့ မဲမဲမြင်တာနဲ့ လှုပ်နေတာမြင်ရင် အကုန်ပစ်တာပဲ။ ပြီးတော့ တလမ်းလုံးက ကားမှန်တွေကို ရိုက်ခွဲသွားတယ်။ လူတွေကလည်း လောင်းနေတဲ့မီး ကိုယ့်အိမ်ကို ကူးလာမှာစိုးလို့ ထွက်ငြိမ်းချင်တဲ့သူတွေ ရှိပေမယ့် အဲလိုကို အထွက်မခံတာ။ အရိပ်တွေ့တာနဲ့ အကုန်ပစ်နေတာ။ အခုက အသံဗုံးတွေနဲ့ရော ကျည်အစစ်တွေနဲ့ပါ ပစ်နေတာ အချက်ပေါင်း ၃-၄၀၀ လောက်ရှိမယ်။ လူအသေအပျောက် ရှိတယ်ဆိုတဲ့သတင်း အသေချာ မရသေးဘူး။”

ရဝတ ရုံးကိုလောင်နေတဲ့မီးက ဘေးနားက အိမ်တွေကို ကူးစက်လောင်တာမျိုး ရှိမရှိ အတည်မပြုနိုင်သေးပါဘူး။ သာကေတနဲ့ ဒေါပုံ မီးသတ်ဌာနတွေကို VOA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

သာကေတနဲ့ ဒေါပုံမှာလို ညဖက် ပစ်ခတ်နှိမ်နင်မှုတွေရှိတဲ့ကြားကပဲ စမ်းချောင်းမြို့နယ် လူငယ်တွေကလည်း မနေ့ညက တလမ်းဝင်တလမ်းထွက် လှည့်လည်ပြီး ညသပိတ်ကို ဆင်နွှဲခဲ့ကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG