သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးတာ ဘာကြောင့်လဲ


AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ
AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ

(Zawgyi/Unicode)

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အခုချိန်ထိ ရှေ့မတိုးနိုင်တာဟာ လက်ရှိ NLD အစိုးရနဲ့ တပ်မတော်ဘက်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ်အပေါ် တာဝန်ယူလုပ်ဆောင်တဲ့ အထောက်အထားမျိုး မရှိသလို၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ တွေက သုံးသပ်ပါတယ်။

မနေ့ တနင်္လာနေ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လေးနှစ်ပြည့်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီဥက္ကဌ တာဝန်ယူထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ခဲ့ခြင်းမရှိတဲ့ အတွက် ငြိမ်းချမ်းရေး JICM အစည်းအဝေးတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အခုလို NCA အပစ်ရပ်စာချုပ် လေးနှစ်ပြည့်ခဲ့ပေမယ့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ဘာကြောင့်ရှေ့မတိုးနိုင် ဖြစ်နေရသလဲ။ အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Christina Fink က အခုလို သုံးသပ်ပါတယ်။

“NLD အနေနဲ့ ပြည်ထောင်စု ဒီမိုကရေစီအစိုးရအဖြစ် ကြိုးစားအုပ်ချုပ်တယ်ဆိုပေမဲ့လည်း ဒီအမြင်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖေါ်တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တဖက်သက်အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဒီနှစ်အစောပိုင်းမှာ တပ်မတော်က ကြေညာခဲ့ပါတယ်။ အဲဒီလို အပစ်ရပ်ကြေညာခဲ့ပေမဲ့လည်း နောက်ဆက်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် အသစ်တွေ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရ စနစ်ထူထောင်ဖို့ သဘောထား လက်တွေ့ပြသာတာ စတာတွေကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရုံ သက်သက်မဟုတ်ပါဘူး။ အနည်းဆုံးအနေနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ဒေသတွင်း အုပ်ချုပ်ပိုင်ခွင့် ရှိတဲ့ ပြည်ထောင်စု ဒီမိုကရေစီ စနစ်မျိုးကို ဖန်တီးတဲ့ အဆင့်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်နေတာပါ။

မေး။ ။ ဒါဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်တိုးဖို့ ဘယ်လို လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ Fink မြင်လဲရှင့်။

ဖြေ။ ။ ငြိမ်းချမ်းဖြစ်စဉ်ကို ပြန်ပြီးသစ်လွင်စေဖို့ဆိုရင် UPDJC ကော်မတီအနေနဲ့ နိုင်ငံအနှံသွားရောက်ပြီး ကဏ္ဍအမျိုးမျိုးမှာ လုပ်ကိုင်နေတဲ့ လူတွေကို ဖိတ်ခေါ်ပြီးတော့ တိုင်းပြည်အနာဂတ်ပေါ်မှာ သူတို့ အတွေးအခေါ်၊ ယူဆချက်တွေကို ထုတ်ဖေါ်တင်ပြတဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးပွဲတွေပြုလုပ် သင့်ပါတယ်။ ဒီနေရာမှာလည်း သူတို့ကို အသရေဖျက်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံရမယ်ဆိုတဲ့ စိုးရိမ်မှုအကြောက်တရားတွေ ကင်းဖို့လိုပါတယ်။ ဒါအပြင် အစိုးရနဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းဖြစ်စဉ်က ပါဝင်သူတွေနဲ့ အလွတ်သဘောဆွေးနွေးပွဲတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်အုပ်စုတွေနဲ့သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ အခြားကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်သင့်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့က ပြောကြားတဲ့ သူ့မိန့်ခွန်းထဲမှာ- ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာမှာ မဖြစ်နိုင်တဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက်မနေပဲ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဖြစ်နိုင်ခြေအပေါ် အာရုံစိုက်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိရောက်မြန်ဆန်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပေးထားတဲ့ ကတိတွေအတိုင်း လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးဆိုတာ တွေ့ရတယ်လို့ ဂျာမနီ အခြေစိုက် တိုင်းရင်းသားရေးရာကျွမ်းကျင်သုံးသပ်သူ စိုင်းဝမ်စိုင်က ပြောပါတယ်။

“တိုင်းရင်းသားတွေက တကယ်တမ်းက သူတို့တောင်းဆိုတာမဟုတ်ဘူး။ တကယ်တမ်းက NCA မှာ သဘောတူညီချက်နဲ့အညီ လုပ်ခွင့်ကိုင်ခွင့်ကိုတောင်းနေတာ။ ဥပမာ- ရှမ်းအဖွဲ့ကို ကြည့်မယ်ဆိုရင် RCSS က တပြည်လုံး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့အတွက် တကယ်တမ်းက NCA က ခွင့်ပြုထားတယ်။ ဒါပေမယ့် တကယ်တမ်းလုပ်တဲ့အခါကျတော့ စစ်တပ်ကနေ ပိတ်ပင်တာရှိတယ်။ ပိတ်ပင်လို့ သူတို့ ဆွေးနွေးပွဲတွေ ရပ်လိုက်အပြီး ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ကို တက်တဲ့အချိန်မှာ ဘာမှမပြောပဲနဲ့ ဒီအတိုင်းဝင်တက်တဲ့အခြေအနေပဲ ဖြစ်နေတယ်။ ဆိုတော့ အဓိပ္ပါယ်က အစိုးရနဲ့ စစ်တပ်အနေနဲ့ NCA မှာ သဘောတူညီထားတဲ့ အချက်အလက်တွေကို လိုက်လျောညီထွေအောင်လုပ်ပေးဖို့လိုတယ်။ ဟိုနေရာပိတ်လိုက်၊ ဒီနေရာပြင်လိုက် လုပ်ရင် အလုပ်မဖြစ်ဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မိန့်ခွန်းထဲမှာ ပြောသွားတာ ဒီလိုမအောင်မမြင်ဖြစ်နေရတဲ့ အကြောင်းအချက်တွေမှာ NCA စာချုပ်ကြောင့်မဟုတ်ပဲNCA စာချုပ်အကောင်အထည်ဖော်ရာမှာ ေးထားတဲ့ ကတိတွေ အတိုင်းလုပ်ဆောင်နိုင်ခြင်းမရှိလို့ ဆိုတဲ့ သူပြောသွားတဲ့အပိုင်းတွေမှာရော ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ NCA စာချုပ်မှာ သတ်မှတ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်တာက ဘာကြောင့်လဲဆိုတာ နောက်တချက် ထပ်မေးဖို့ လိုတာပေါ့။ အဲလိုထပ်မေးမယ်ဆိုရင် ခုနက ပြောသလိုပေါ့ လူမျိုးအလိုက်လုပ်တဲ့ Political dialogue ပေါ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စစ်တပ်ဘက်က ကပြက်ကရက် ဖြစ်အောင်လုပ်နေတဲ့ဟာကြောင့်မို့ပဲ ပြောရမှာပေါ့။ နောက်တခုကလည်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားမယ်ဆိုရင် အားလုံးပါဝင်ရေးမှုကို မူအားဖြင့် NCA က လက်ခံတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ အကုန်လုံးကို လက်မခံတဲ့အတွက်ကြောင့် ဒီနေ့အချိန်အထိ အားလုံးပါဝင်ရေးက မဖြစ်နိုင်တာပေါ့။”

အောက်တိုဘာလ ၂၈ ရက် က နေပြည်တော်မှာ ပြုလုပ်တဲ့ NCA စာချုပ် လေးနှစ်ပြည့်အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးတို့ တက်ရောက်ပြီး NCA စာချုပ်ပါအချက်တွေကို အကောင်အထည်ဖေါ်နိုင်ခြင်း မရှိတဲ့အပေါ်မှာ သူတို့ရဲ့ အမြင်သဘောထားတွေကို ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)













XS
SM
MD
LG