သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးမဟာမင်းကြီး ဝေဖန်ချက် မြန်မာတုန့်ပြန်


မြန်မာကိုယ်စားလှယ်၊ ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံ
မြန်မာကိုယ်စားလှယ်၊ ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ အဖွင့်မိန့်ခွန်းအဖြစ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein ရဲ့ ပြောဆိုချက်တွေထဲ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာ မှန်ကန်တိကျမှုမရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားမှုမရှိကြောင်း ပြသရာရောက်တယ်လို့ မြန်မာအစိုးရဘက်က ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဇွန်လ ၁၉ ရက်နေ့က မြန်မာအစိုးရရဲ့ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တင်ပြဆွေးနွေးသွားတာတွေကို မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးးအနေနဲ့ လူ့အခွင့်အရေးကို မြှင့်တင် ကာကွယ်ဖို့ ဆိုရင်လက်တွေ့အခြေအနေ အဖြစ်အပျက်ပေါ်မှာ ရရှိလာတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားအချက်အလက်တွေကို အခြေခံပြီး ဘက်မလိုက်ပဲ သမာသမတ်ရှိရှိ ဓမ္မဓိဌာန်ကျကျ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က အခုလို ညီလာခံမှာ ဝေဖန်ပြောဆိုသွားပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ သတင်းအချက်အလက်တွေကို မှန်မမှန်စစ်ဆေးထားခြင်းမရှိတဲ့အပြင် အချက်အလက်အမြောက်များဟာ လှည့်စားထားသလို မှန်ကန်မှုမရှိတဲ့ အကြောင်းအရာတွေကို ပိုမိုရွေးချယ် ဖေါ်ပြခဲ့တဲ့အတွက် မြန်မာအစိုးရအနေနဲ့ အလွန်ပဲ စိတ်အနှောင့်ဖြစ်ရပါတယ်။ ဒါအပြင် ဒီအစီရင်ခံစာဟာ လေ့လာ စောင့်ကြည့်မှုနဲ့ ဝေးကွာနေတဲ့အပြင် ပြင်ဆင်ထားခြင်းမရှိသလို မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားမှုမရှိဘူးဆိုတာ ပြနေပါတယ်။ ဒီလို အစီရင်ခံစာမျိုး လူ့အခွင့်အရေးကောင်စီညီလာခံ မှာ တင်ပြဖို့ မသင့်ပါဘူး။"

ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ပြောနေပေမယ့်၊ ဒီဆောင်ရွက်ချက်တွေအပေါ် ယုံကြည်စိတ်ချရမှုမရှိသေးဘူးလို့ ဇွန်လ ၁၈ ရက်နေ့က ညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein က ဝေဖန်ပြောကြားခဲ့တာပါ။ ဒါအပြင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာလည်း လူ့အခွင့်အရေးစောင့်ကြည့်စစ်ဆေးခွင့်တွေမရှိပဲ မဖြစ်နိုင်ဘူးလို့ သူက ထောက်ပြခဲ့တာပါ။

မြန်မာကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ ခက်ခဲရှုပ်ထွေးပြီး စိန်ခေါ်မှုအများအပြားရှိနေတယ်လို့ဆိုပါတယ်။ အချုပ်အချာအာဏာ၊ နယ်မြေ၊ ပိုင်နက် ကိစ္စသာမက အကြမ်းဖက်ဝါဒ၊ လူ့အခွင့်အရေး၊ ရွှေ့ပြောင်းအခြေချ နေထိုင်တဲ့ ကိစ္စတွေပါဝင်နေတယ်လို့ သူက အခုလိုပြောသွားပါတယ်။

"ARSA ခေါ် ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က နယ်စပ်လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာတယ်။ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ ARSA အကြမ်းဖက်အဖွဲ့ဟာ ဟိန္ဒူ ၉၉ ယောက်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေရဲ့ အဓိက အကြောင်းအရင်းကတော့ အကြမ်းဖက်ဝါဒကြောင့် ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လစ်လျူပြုထားလို့မရပါဘူး။"

အခုလို မြန်မာကိုယ်စားလှယ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က တုန့်ပြန်ပြောဆိုရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ အခက်အခဲ အတားအဆီးတွေ ရှိတဲ့ကြားထဲက လူသားချင်းစာနာမှု ကိစ္စရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖေါ်ထုတ်ရာမှာ တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တာ တွေ့ရကြောင်း ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကုလသမဂ္ဂအနေနဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ စံနမူနာပြုလောက်အောင် ဆောင်ရွက်ခဲ့တာပါ။ ကျနော်ဖတ်ရတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှန်သမျှ တိကျမှုရှိသလို၊ မျှတမှုလည်းရှိတဲ့အပြင် အစိုးရရဲ့ အခန်းကဏ္ဍကိုလည်း လေ့လာသုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖေါ်ပြထားတဲ့ ကုလသမဂ္ဂအချက်အလက်တွေဟာ ကျိုးကြောင်းဆီလျော်မှုရှိပါတယ်။ ပြဿနာကတော့ မြန်မာ အစိုးရက ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီး ကိုနိုင်ငံတွင်း ဝင်ခွင့်မပေးခဲ့တဲ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရ ငြင်းဆန်ခဲ့တာပါ။"

အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တရုတ်နိုင်ငံ ဦးဆောင်တဲ့ စိတ်တူကိုယ်တူနိုင်ငံများ အုပ်စုက လူ့အခွင့်အရေး ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ သူရဲ့ အခန်းကဏ္ဍကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ စုပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ဆောင်ရွက်မှုတွေနဲ့ မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေမှာ အချက်အလက်တွေကို မှန်မှန်ကန်ကန် စိစစ်အသုံးမပြုတာ၊ စေ့စပ်ဆွေးနွေးညှိုနှိုင်းလိုစိတ်မရှိတာ၊ နိုင်ငံတွေရဲ့ အချုပ်အချာအာဏာကို လေးစားမှုမရှိတာ စသဖြင့် စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ဒီကြေညာချက်ကို မြန်မာနိုင်ငံက ထောက်ခံကြောင်းလည်း မြန်မာကိုယ်စားလှယ်က ညီလာခံက ပြောသွားပါတယ်။

၃၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံကို ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG