သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းပြန်ဖွင့်ရေး နှင့် ဆရာမိဘ တချို့အမြင်


မှတ်တမ်းဓါတ်ပုံ ၂၀၂၀ ဇူလိုင် ၂၁ တုန်းက အ.ထ.က ၄ ဗိုလ်တထောင် ကျောင်းရှေ့
မှတ်တမ်းဓါတ်ပုံ ၂၀၂၀ ဇူလိုင် ၂၁ တုန်းက အ.ထ.က ၄ ဗိုလ်တထောင် ကျောင်းရှေ့

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။ ဆရာ ၊ဆရာမအများအပြား အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် ဒီဆရာတွေနေရာမှာ ဘယ်သူတွေနဲ့ အစားထိုးမလဲဆိုတာ မေးစရာဖြစ်နေပါတယ်။ အာဏာသိမ်း အုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီကတော့ လစ်လပ်နေရာတွေမှာ အစားထိုးခန့်သွားဖို့ လုပ်နေပြီလို့ပြောပါတယ်။ ဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး ဝါရင့်အတေ့ွအကြုံရှိတဲ့ ဆရာ ဆရာမတွေနေရာမှာ ဆရာသစ်တွေနဲ့ အစားထိုးမယ့်အပေါ် ကျောင်းသားမိဘတွေရဲ့ အမြင် ဘယ်လိုရှိပါသလဲ ရန်ကုန်ကလာတဲ့သတင်းကို နန်လဖိုင်က တင်ပြပါမယ်။

မြန်မာပြည်နေရာတော်တော်များများမှာ စာသင်ကျောင်းတွေ အပါအဝင် နေရာအများအပြား နေ့စဉ်နီးပါး ပေါက်ကွဲမှုတွေဖြစ်နေသလို ကိုဗစ်ကပ်ရောဂါကူးစက်မှုကလည်း အဆုံး မသတ်သေးချိန်မှာ ဇွန်လ ၁ ရက်မှာ လုံခြုံရေးပေးပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မကြာခင်ပြန်ဖွင့်မယ့် အခြေခံပညာကျောင်းတွေအတွက် ကလေးတွေကို ကျောင်းအပ်ကြဖို့ မိဘတွေကိုလည်း စစ်ကောင်စီက တိုက်တွန်းနေပါတယ်။ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ရုံးမတက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ကျောင်းဆရာ၊ ဆရာမတော်တော်များများ ပါဝင်နေကြတဲ့အတွက် အဲဒီဆရာတွေနေရာမှာ ဘယ်သူတွေက သင်ပေးမှာလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နစက ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လစ်လပ်သွားတဲ့ နေရာတွေမှာ အစားထိုးသွားမယ်လို့ မေလ ၁၅ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီပညာရေးဝန်ကြီးဌာနဘက်ကတော့ ပျက်ကွက်သူတွေကို အစားထိုးခန့်ဖို့ လုပ်နေတာရှိပါတယ်။ နောက်ပြီးတော့ ကျောင်းအုပ်တွေ ကျောင်းတာဝန်ခံတွေ နေရာပျက်ကွက်တယ်ဆိုရင် မြို့နယ်အဆင့် အုပ်ချုပ်ရေးခရိုင်အဆင့်ပညာရေး တွေကအဆင့်ဆင့်တာဝန်ယူဆောင်ရွက်သွားဖို့ရှိပါတယ်။"

အထက်တန်းဆရာ ဆရာမတွေကို ရာထူးတိုးစာမေးပွဲဖြေဆိုဖို့ ခေါ်ဆိုမှုတွေရှိသလို မူလတန်းအတွက် နေ့စားဆရာ ဆရာမတွေ ခန့်အပ်နေတာတွေလည်း လုပ်နေပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်တဲ့ ဆရာတဦးကတော့ CDM ဆရာ၊ ဆရာမတွေ ရဲ့နေရာမှာ အမြန် အစားထိုးစာသင်နိုင်ဖို့ပြင်ဆင်နေတဲ့ စစ်အုပ်ချုပ်ရေးကောင်စီ ဆောင်ရွက်ချက်ဟာ အောင်မြင်ဖို့ ခက်ခဲသလို ကျွမ်းကျင်မှု အားနည်းသူတွေကို အိမ်ပြည့်သဘောခန့်အပ်သင်ကြားခိုင်းတာက ကောင်းမွန်တဲ့ ပညာရေးစနစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

"သူတို့ခန့်ထားမယ်ဆိုရင်တော့ ခန့်လို့ရမှာပါ။ ခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးလေ။ စာသင်တာလူတိုင်းသင်တယ် ဆိုပြီးအစားထိုးတာဘဲ။ စာသင်တာ အနုပညာတခုဖြစ်တယ်။ စာသင်တာ အသက်မွေးဝမ်းကျောင်းပညာတခုလိုဘဲ။ သင်ယူလေ့လာပြီးမှသင်ရမယ်ဆိုတာကို သူတို့ စာသင်ခန်းထဲဝင်မှသိမှာဘဲ။ သင်လို့ရလားဆိုလူတိုင်းတော့သင်မှာပေါ့နော်။ ဒီသင်ရိုးဘဲသင်မှာ စစ်ကျွန် ပညာရေးမဟုတ်ဘူးပြောတယ်။ ဒီမှာ သူတို့အစားထိုးသင်တာဖြစ်ဖြစ် အဲလူတွေရဲ့ အတွေးအခေါ်က ကလေးတွေဆီဝင်မှာဘဲ။သူတို့ကိုယ်တိုင် ဘာသာရေးခွဲညခားတာ ၊လူမျိုးရေးခွဲခြားတာလုပ်သူတွေ၊ မတရားမှုကို အားပေးသူတွေက ဒီဖြစ်ရပ်ကိုမှန်တယ်မှားတယ်မေးလာရင်သူတို့ဘယ်လိုဖြေမလဲ။ သင်ရိုးကိုပြောနေတာမဟုတ်ဘူး သင်နေသူတွေက စစ်ကျွန်တွေဖြစ်လို့ ဒီကလေးတွေကို စစ်ကျွန် မဖြစ်ဖြစ်အောင် သင်မှာဘဲ"

အခြေခံပညာကျောင်းတွေက ဆရာတွေနဲ့ပညာရေးဝန်ထမ်းတွေကိုလည်း CDM လုပ်ဖို့လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅-က နဲ့သတင်းမှားဖြန့်မှု ပုဒ်မတွေတပ်ပြီး ဖမ်းဝရမ်းထုတ်တာ၊ ရာထူးကယာယီ ရပ်ဆိုင်းတာတွေလည်း စစ်ကောင်စီက လုပ်နေပါတယ်။ ဆရာ ဆရာမ တချို့ကတော့ ဖမ်းဆီးခံထားရပါတယ်။

ကျောင်းတွေဖွင့်တဲ့အခါ ကိုဗစ်ကြောင့် နှောင့်နှေးခဲ့တာတွေ ရှိတဲ့အတွက် တစ်နှစ်ကို နှစ်တန်းတက်ဖို့လျာထားတယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီကပြောဆိုထားပါတယ်။ ကျောင်းတွေဖွင့်ဖို့ပြင်ဆင်တာမှာ အစီစဉ်တကျ ပြင်ဆင်ဖွင့်လှစ်ခြင်းမျိုး မဟုတ်တာအပြင် စစ်အုပ်ချုပ်မှု လက်အောက်မှာ ပညာသင်ကြားရမှာကို မလိုလားတဲ့အတွက် မကျောင်းအပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားတဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။ ကိုယ့်ကလေး အတန်းကျန်ခဲ့မှာ စိုးရိမ်ပေမဲ့ အမှန်တရားနဲ့လမ်းမှန်မှန် လျှောက်တတ် နိုင်ဖို့လမ်းပြချင်တာကြောင့် စစ်အုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ကျောင်းမတက်ခိုင်းဘူးလို့ ၆ တန်းကျောင်းသားမိဘ တဦးကပြောပါတယ်။

"ကလေးက စနစ်သစ် ၆တန်းတက်မှာ။ ညီမတို့ဆုံးဖြတ်ချက်က စစ်ကောင်စီလက်ထက်မှာ လုံးဝပညာမသင်တော့ဘူး။ အဲလိုသဘောပေါ့ ဒီအစိုးရသစ်တက်လာမယ် ဒီမိုကရေစီရမယ်ဆိုရင်တော့ ကျောင်းသား ကျောင်းသူတိုင်းကျောင်းပြန်တက် လို့ရမယ့် အခြေအနေရှိတယ်။ ကျောင်းနောက်ကျတာ ဘာတို့ကလည်းစိတ်တော့ပူတာပေါ့။ ဒါပေမယ့် စစ်ကျွန်ပညာရေးကို မသင်နိုင်ဘူးပေါ့။ လုပ်ရပ်တွေကမမှန်တော့မတက်နိုင်ဘူးပေါ့။ မှားနေတာသိရဲ့နဲ့ အမှားဘက်မသွားနိုင်ဘူးအဲလိုသဘောရှိတယ်။ သူတို့ကအပြစ်မရှိတဲ့သူတွေကိုလည်းသတ်တယ်။ ကျောင်းသားတွေကိုလည်းသတ်တယ်။ ကျောင်းသားတွေသေနေချိန်မှာ ကျောင်းမတက်နိုင်ဘူး။ လိပ်ပြာလည်းမလုံဘူး အဲလိုကြောင့်ပါ"

ကျောင်းတက်မယ့် ကလေးတွေအတွက် မေလ ၂၄ ရက်နေ ၃၁ ရက်အထိ ကျောင်းအပ်ဖို့ သတ်မှတ်ထားပါတယ်။

လက်ရှိအခြေခံပညာကျောင်းတွေ မဖွင့်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေက တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့ရာမှာတော့ ကျောင်းတက်သူ အလွန်နည်းပါးခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆရာဆရာမများ သမဂ္ဂစာရင်းအရ တနိုင်ငံလုံးမှာ CDM လုပ်တဲ့အခြေခံ ပညာ ကျောင်းဆရာ၊ ဆရာမ ၁သ ိန်းနီးပါး ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........












XS
SM
MD
LG