သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းမှားယွင်းမှုတွေ ဘာကြောင့်ဖြစ်ရတာလဲ


မဲဆန္ဒရှင်စာရင်း ကြည့်ရှုနေသည့် ရန်ကုန်ဒေသခံတဦး။ (၂၅ ဇူလိုင် ၂၀၂၀)
မဲဆန္ဒရှင်စာရင်း ကြည့်ရှုနေသည့် ရန်ကုန်ဒေသခံတဦး။ (၂၅ ဇူလိုင် ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ မဲစာရင်းမှားတာတွေက ထိပ်ပိုင်းခေါင်းဆောင်တွေကစပြီး အောက်ခြေလူအတော်များများအထိ ရိုက်ခတ်နေပါတယ်။

ဘာကြောင့် အဓိကဖြစ်ရပြီး၊ ဘယ်လိုပြင်ဆင်သင့်ပါလဲ။

မဲစာရင်းတွေကိုလက်တွေ့ကောက်ယူခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအလုပ်အဖွဲ့ အကြံပေးအဖွဲ့ဝင် ဒေါက်တာတင်မောင်သန်းကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ဝင်းမင်း။ ။ဒီမဲစာရင်းမှားယွင်းမူတွေ ဘာကြောင့် အဓိက ဖြစ်ရတယ်ထင်လဲ။

ဒေါက်တာတင်မောင်သန်း ။ ။အဓိက အကြောင်းအချက် (၃) (၄) ချက်လောက် ရှိနိုင်တယ်။ ပထမ တချက်ကတော့ လုပ်ပိုင်ခွင့်အာဏာနယ်ပယ်ပေါ့။ ဒုတိယတချက် ကျွန်တော်တို့ စာရင်းဇယားတွေအပေါ်မှာ အခြေခံပြီး အလုပ်လုပ်တဲ့ မူဝါဒစနစ်အားနည်းတယ်။ တတိယတချက် စာရင်းစုဆောင်းတဲ့ ဥပမာ နောက်ဆုံး နာမည်စာရင်းရိုက်တဲ့ နည်းစနစ်ပိုင်းနဲ့ ဆိုင်မယ်ထင်တယ်။

ဝင်းမင်း ။ ။အဲ့ဒီတော့ ပထမဆုံး ဒီလုပ်ပိုင်ခွင့်အပိုင်းကို စပြီးရှင်းပြပေးပါလား။

ဒေါက်တာတင်မောင်သန်း။ ။ အခုဒီတာဝန်ကြီးတစ်ခုလုံးကို ရွေးကောက်ပွဲကော်မရှင်ကနေ ဦးဆောင်ပြီးလုပ်တယ်။ ဖြစ်တတ်တာက မိမိရဲ့ နယ်ပယ်မဟုတ်လို့ရှိလျှင်၊ အခြားသောဌာနတွေက ရွေးကောက်ပွဲကော်မရှင်က ပြောမှပဲ ဝင်လုပ်တယ်၊ ပြောသလောက်အတိုင်းအဆ ထိလောက်ပဲ လုပ်တယ်။ တချို.ပြည့်ပြည့်စုံစုံ ဖြစ်ချင်မှဖြစ်မယ်။ အဲ့ဒိတော့ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီတော့ ကူညီဆောင်ရွက်ပေးဖို့ ပြောတာ ကြာပြီ။ ဒါပေမဲ့ ခုနက နယ်ပယ်အကန့်အသတ် ရှိတာအတွက်ကြောင့်မို့ ဝင်ရောက်ဆောင်ရွက်တာခက်တယ်။ အခု ဒီမဲစာရင်းကိစ္စမှာ ဘယ်လိုကောက်မယ်၊ ညွှန်ကြားချက်တွေက ရွေးကောက်ပွဲကော်မရှင်ကနေ သွားတယ်။ ဒါပေမဲ့ မြေပြင်မှာ ကောက်ရတဲ့အခါကျတော့ အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ဆိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမူးတွေ ဒါနဲ့ ဆက်စပ်နေတယ်။

ဝင်းမင်း။ ။ ဆိုလိုတာကတော့ အထွေထွေအုပ်ချုပ်ရေးဌာနမှာ ကြိုပြီးတော့ လုပ်ပိုင်ခွင့် ရှိသင့်တယ်လို့ ဆိုလိုတာပေါ့နော်။

ဒေါက်တာတင်မောင်သန်း ။ ။အဲ့လို လုပ်ပိုင်ခွင့် ရှိသင့်တယ်ဆိုတာထက်၊ ဒီရွေးကောက်ပွဲ ကော်မရှင်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကြားမှာ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သတ်မှတ်ချက်ပေါ့၊ ဒါက များသောအားဖြင့် အစိုးရအဖွဲ့ တစ်ခုလုံးမှာ တာဝန်ဝတ္တရားတွေ ပြဌာန်း သတ်မှတ်တဲ့ စီမံချက် အလုပ်လုပ်ပုံစနစ်မှာ အားနည်းတယ်။

ဝင်းမင်း။ နောက် အကြောင်းတစ်ကြောင်းဖြစ်တဲ့ ဒီစာရင်းဇယားတွေအပေါ်မှာ အခြေခံပြီးလုပ်တဲ့ မူဝါဒမျိုး ကင်းမဲ့တဲ့ အနေအထားကရော။

ဒေါက်တာတင်မောင်သန်း။ ။အောက်ခြေက စာရင်းကောက်တဲ့လူတွေရဲ့ စာရင်းဇယားတွေအပေါ်မှာ လေးနက်မူပေါ့၊ အားနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ခေတ်တစ်ခေတ်လုံးမှာ စစ်အစိုးရအောက် စာရင်းဇယားတွေက GDP အတွက်ဖြည့်ပြီးတော့ လုပ်ကြံပြီးတော့ လုပ်ရတဲ့ စာရင်းဇယားတွေရှိခဲ့တယ်။ အဲ့ဒီတော့ အောက်ခြေမှာကောက်တဲ့ ဝန်ထမ်းတွေကလည်း အလေးထားဖို့ မလိုတဲ့အတွက်ကြောင့်မို့လို့။ နောက်တစ်ခုက စာရင်းဇယားတွေကို ကောက်တဲ့အခါမှာ ပုံမှန် Update နောက်ဆုံးအခြေအနေနဲ့ လျှော်ညီအောင်လုပ်ဖို့ ဌာနဆိုင်ရာရဲ့ တောင်းဆိုချက်တွေက အင်မတန်အားနည်းတယ်။ နောက်ပြီးတော့ ကြီးကြပ်တာ၊ ကောက်နိုင်အောင်ပံ့ပိုးတော အင်မတန် အားနည်းတယ်။

ဝင်းမင်း။ ။ အဲ့ဒီတော့ ဒီဒုတိယအကြောင်းရင်းကိုရော ဘယ်လိုဖြေရှင်းလျှင် ကောင်းမလဲ။

ဒေါက်တာတင်မောင်သန်း။ ။ စနစ်ချည်းကပ်ပုံနဲ့ စာရင်းဇယားတွေကို အလေးထားတဲ့၊ စာရင်းဇယားတွေနဲ့ မူဝါဒကို ဆုံးဖြတ်တဲ့ စနစ်ကိုသွားဖို့လိုတယ်။ ဌာနဆိုင်ရာအသီးသီးတွေက စာရင်းဇယားတွေကို မျှဝေ ရှယ် (Share) လုပ်တဲ့စနစ်၊ ပွင့်လင်းမြင်သာတဲ့စနစ် ရှိဖို့လိုတယ်။ လောလောဆယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုပြင်ပြေင်းလဲရေးလုပ်နေတဲ့ အောက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရတွေကို အထောက်အကူပြုတဲ့ မူဝါဒယူနစ် ဆိုတာရှိပါတယ်။ တခြားဌာနဆိုင်ရာတွေက နားလည်ဖို့လည်း အများကြီးပဲလိုပါတယ်။

ဝင်းမင်း။ ။ ဆိုလိုတာက ဒီဝန်ကြီးဌာန တစ်ခုနဲ့တစ်ခု ကင်းကွာနေတဲ့ အနေအထားမျိုး မဟုတ်ဘဲ၊ ဝန်ကြီးဌာန အချင်းချင်းရော၊ နောက် တိုင်းနဲ့ပြည်နယ်ဒေသတွေမှာပါ ချိတ်ဆက်ပြီးတော့၊ ပေါင်းစပ်ပြီးတော့ Database တစ်ခုလုပ်တဲ့သဘောမျိုးပေါ့နော်။

ဒေါက်တာတင်မောင်သန်း ။ ။ဟုတ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုံးကလည်း မဲစာရင်း မှားတယ်။ ဒါပေမဲ စနစ်ကို မပြင်ခဲ့ဘူး။ အခု ၂၀၂၀ မှာလည်း မှားတယ်။ နောက်ခံဖြစ်နေတဲ့ စနစ်ကြီးကို ပြင်မယ်ဆိုတာနဲ့ တွဲသွားလို့ရှိလျှင်၊ နောင် ၂၀၂၅ မှာတော့ ဒီလိုအဖြစ်မျိးကို ရှောင်နိုင်လိမ့်မယ်လို့ ထင်တယ်။

ဝင်းမင်း။ ။ အခုပြဿနာဖြစ်နေပေမဲ့၊ နောက်တစ်ခေါက်အတွက် အဖြေရဖို့ အခွင့်အလမ်း ပေါ်လာတာပေါ့နော်။ အဲ့ဒီတော့ ဒီနေရာမှာ နောက်ဆုံးပြဿနာဖြစ်တဲ့ စာရင်းစုဆောင်းတဲ့အပိုင်းနဲ့ ပတ်သက်လို့ရော။

ဒေါက်တာတင်မောင်သန်း။ ။ ကွန်ပြူတာ ဒစ်ဂျစ်တယ်စနစ်နဲ့ ထိန်းသိမ်းတဲ့ဆီကို ကူးပြောင်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ကွန်ပြူတာတွေ ဌာနတွေမှာ မရှိသေးဘူး။ အဲ့ဒီကိုသွားတဲ့ ဖွဲ့စည်းပုံ၊ ဘတ်ဂျက်၊ လူ့စွမ်းအင်အရင်းအမြှစ်တွေကို လေ့ကျင့်သင်တန်းပေးတာနဲ့ ပတ်သက်တဲ့ ဘတ်ဂျက် သေသေချာချာ ရေးဆွဲထားတာ အားနည်းတယ်။ နောက်တစ်ခုက လောလောဆယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာက ကျွန်တော် မှန်းဆကြည့်တာပေါ့။ ဌာနတွေမှာ ကွန်ပြူတာ ကိုင်တဲ့သူတွေရှိတယ်။ များသောအားဖြင့်တော့ Word (Microsoft) ကို သုံးတတ်ပါတယ်။ ဒါပေမဲ့ Excel သုံးလေ့သုံးထ အင်မတန်နည်းတယ်၊ စာရင်းဇယားတွေကိုလုပ်တဲ့အခါမှာ။ အဲ့ဒီတော့ ဥပမာအားဖြင့် လူတစ်ယောက်တည်းရဲ့ နာမည် အများကြီးဖြစ်တယ်ဆိုတာ Excel မှာ မှားပြီးတော့လုပ်မိတာလေးတစ်ခုကြောင့် ဒီလိုကြီးဖြစ်သွားနိုင်တယ်။ ဒါ Excel မကျွမ်းကျင်မူရဲ့ အမှားတွေလို့ ထင်တယ်။

ဝင်းမင်း။ ။ အဲ့ဒီတော့ ဒီ စာရင်းဇယား စုဆောင်းမူဆိုင်ရာ သင်တန်းတွေရော၊ ခုနက နည်းပညာ တွေရော၊ အရင်းအမြှစ်တွေရော အားလုံး ပံ့ပိုးပေးရမယ့် သဘောပေါ့။

ဒေါက်တာတင်မောင်သန်း။ ။ ဟုတ်ပါတယ်။ အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမူပေါ့၊ ခုနက မူဝါဒဆိုင်ရာအထောက်အကူပြုလုပ်ငန်းပေါ့။ ဒါဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မူဝါဒနဲ့ပတ်သက်ပြီး လုပ်ရတာလေ။ ဆိုတော့ ဒါတိုင်းဒေကြီးနဲ့ ပြည်နယ်အစိုးရအောက်မှာ ဖွဲ့စည်းလုပ်ဆောင်ပေးဖို့ရှိတယ်။ အဲ့ဒါလေးကို အရှိန်အဟုန် မြှင့်တင်ပြီးတော့ ဒီလုပ်ငန်းလေးကနေစပြီး၊ လုပ်ငန်း (၂) ခုပေါ့၊ တစ်ခုကတော့ အခု ရွေးကောက်ပွဲမဲစာရင်း၊ နောက်တစ်ခုက ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ဆင်းရဲနွမ်းပါး ဘဝထိလွယ်ခိုက်လွယ်ဖြစ်နိုင်တဲ့ လူတွေရဲ့စာရင်း၊ ဒီလိုစာရင်းတွေကို သေချာ စနစ်တကျထားရှိတာတွေကို စပြီးလုပ်ကြမယ်ဆိုလို့ရှိလျှင်၊ နောင် အလားတူအဖြစ်မျိုးတွေနဲ့ ကြုံလျှင် ကောင်းကောင်း အသင့်ဖြစ်နေမှာပါ။

ဝင်းမင်း ။ ။ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

.................


(Unicode)





















ဆက်စပ်သတင်းများ ...

XS
SM
MD
LG