သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများဦးဆောင်မှုမြင့်မားရေးဟောပြောပွဲ ဒဂုံတက္ကသိုလ်မှာ ကျင်းပ


အမျိုးသမီးများဦးဆောင်မှုမြင့်မားရေးဟောပြောပွဲ
အမျိုးသမီးများဦးဆောင်မှုမြင့်မားရေးဟောပြောပွဲ

မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်မှုအပိုင်းမှာ အားနည်းနေတာကြောင့် အဲဒီနေရာတွေမှာ အမျိုးသမီးများပါဝင်မှု တိုးမြင့်လာရေးနဲ့ဆိုင်တဲ့ ပညာပေး ဟောပြောပွဲတခုကို မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ဦးဆောင်ပြီး ဒဂုံတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီဟောပြောပွဲကို တက်လာကြတဲ့ ဆရာတွေနဲ့ ကျောင်းသူတွေကလည်း ဒီဟောပြောပွဲကနေ သူတို့အတွက် ခွန်အားတွေရစေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဟောပြောပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိရိုးဖလာ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေရဲ့ ဟန့်တားမှုတွေကြောင့် အမျိုးသမီးတွေဟာ အစဉ်အလာအားဖြင့် ဦးဆောင်မှုအပိုင်းကို ရောက်လာလေ့မရှိကြပါဘူး။ ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့အညီ အမျိုးသမီးတွေဟာ အရင်ကထက်စာရင် တဖြည်းဖြည်းနဲ့ ရှေ့တန်းကို ရောက်လာကြပြီ ဆိုပေမယ့်လည်း ရာခိုင်နှုန်းအားဖြင့် အတော်လေး နည်းနေသေးတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ လက်ရှိကာလမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု ပိုပြီး အရေးကြီးလာနေကြောင်း အမျိုးသမီး အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးနဲ့ တိုင်းပြု ပြည်ပြုအရေးတွေမှာ သူတို့ရဲ့ သဘောထား၊ အသံတွေ ပါမလာခြင်းဟာ ၅၀ ရာခိုင်နှုန်းရဲ့သဘောဆန္ဒတွေ လစ်ဟင်းသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်မြင့်မားပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ပိုပြီး ပါဝင်လာနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီကနေ့ ဒဂုံတက္ကသိုလ်မှာ တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဟောပြောပွဲ ပြုလုပ်ပေးတာလို့ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

“ကျမ သူတို့လေးတွေကို နားလည်စေချင်တာကပေါ့နော်၊ သူတို့ရဲ့အသံ၊ သူတို့ရဲ့ စိတ်ဝင်စားချက်တွေ၊ သူတို့ရဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေဟာ အရမ်း တန်ဖိုးရှိတယ်လို့ ကျမ ပြောချင်တာပါ။ ဘာလို့လဲဆိုတော့ တခါတလေကျလို့ရှိရင် မြန်မာထုံးတန်း အစဉ်အလာအရ တခါတလေကျရင် အမျိုးသမီးတွေကို အသံမထွက်ဖို့ အမြဲတမ်း တိုက်တွန်းတာတွေ ရှိနေတယ်။ ဆိုတော့ ကလေးတွေက တခါတလေကျရင် အဲဒီလို ခံစားရတဲ့အခါကျတော့ သူတို့ကိုယ်၌က သူတို့ရဲ့ အသံ၊ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့ ခံစားချက်တွေဟာ သိပ်ပြီးတော့ တန်ဖိုးမရှိဘူးလို့ သူတို့ ထင်သွားကြတယ်။ အဲဒါအတွက်ကို ကျမက ပြန်လာပြီးတော့ သူတို့ရဲ့ဥစ္စာတွေအားလုံးဟာ အရမ်းပဲ အရေးကြီးပါတယ်။ နောက်ပြီးတော့ တန်ဖိုးရှိပါတယ်။ အခုအချိန်မှာပေါ့နော် မြန်မာနိုင်ငံ တိုးတက်ရေးအတွက်၊ အရှေ့သွားနိုင်ဖို့အတွက် အမျိုးသမီးတွေရဲ့အသံဟာ အရမ်း လိုအပ်နေပါတယ်လို့ ကျမ ပြောချင်တာပါ။”

ဒေါက်တာ မီမီဝင်းဘတ်ဟာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း မြန်မာအပါအဝင် နိုင်ငံတကာက စစ်ဘက်အရာရှိတွေကို အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်မှာ နှစ်အတန်ကြာ ခေါင်းဆောင်မှုသင်တန်းတွေကို ပို့ချပေးလာခဲ့သူလည်း ဖြစ်ပါတယ်။ သူသင်ကြား ပို့ချပေးလိုက်တဲ့ မြန်မာကျောင်းသားတွေထဲက တက္ကသိုလ်မှာ ဆရာတွေဖြစ်လာကြသူတွေ ရှိလာပြီး အဲဒီ ဆရာတွေက Gender studies - ကျား/မ အခွင့်အရေးနဲ့ဆိုင်တဲ့ ဘာသာရပ်ကို မြန်မာနိုင်ငံမှာ တဖြည်းဖြည်း သင်ကြားလာနေတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိကြောင်း ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

ကျောင်းစာတွေထဲမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးမယ့် သင်္ခန်းစာတွေ ထည့်သင်ပေးနိုင်ရင် ကောင်းမယ်လို့ ယူဆကြောင်း ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနဌာနမှာ အချိန်ပိုင်းကျူတာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မနှင်းကေသရာဇော်က ပြောပါတယ်။

“အတန်းစာတွေမှာ ထည့်သင်မယ်ဆိုတာတော့ ကောင်းပါတယ်၊ အမျိုးသမီး စွမ်းဆောင်ရည် မြင့်တင်ဖို့အတွက်ကို။ ခုနကပြောသလို မြန်မာနိုင်ငံမှာက မိန်းကလေး အများစုက Culture (ယဉ်ကျေးမှု) နဲ့ ပိနေကြတာတွေပေါ့နော်။ အဲဒီလို မလုပ်ရဲ၊ မပြောရဲ၊ မဆိုရဲတွေ။ ရှေ့ထွက်ဖို့မရဲဘူး ဖြစ်နေတယ်ဆိုတော့ ဒီလိုမျိုး ပွဲလေးတွေ လုပ်ပေးခြင်းအားဖြင့် ပိုပြီးတော့ စိတ်ဓာတ်ခွန်အားတွေ ရလာတယ်ပေါ့။ ပိုပြီးတော့ ဒီလိုလုပ်လို့ရပါလား၊ လုပ်နိုင်တယ်၊ လုပ်လို့ရတယ်ဆိုပြီးတော့ စိတ်ဓါတ်တွေ မြင့်တင်လာတာပေါ့နော်၊ အဲဒီလိုမျိုး။ ဆိုတော့ အတန်းပညာတွေမှာ ဒီလို Subject (ဘာသာရပ်) တခုအနေနဲ့ ပါမယ်ဆိုလို့ရှိရင်လည်း ကောင်းပါတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။”

မျိုးဆက်သစ် အမျိုးသမီးတွေအနေနဲ့ ကိုယ်လက်လှမ်းမမှီနိုင်တဲ့ ခေါင်းဆောင်တွေကို အားကျနေမယ့်အစား ကိုယ်လက်လှမ်းမှီတဲ့အရာကနေ စတင် လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်တဦးချင်းစီရဲ့ ခေါင်းဆောင်မှုအရည်အချင်းအကို မြင့်တင်လို့ ရနိုင်ကြောင်း ရှေးဟောင်းသုတေသနဘာသာရပ် နောက်ဆုံးနှစ် ကျောင်းသူ မနန်းအိအိခိုင်က ပြောပါတယ်။

“အရင်ဆုံး ဆရာမကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ အခုလို သင်တန်းပြီးသွားတဲ့အချိန်မှာပေါ့နော် အရမ်းယုံကြည်ချက်ရှိလာတယ်၊ ကိုယ့်ကိုကိုယ်လေ။ အရင်တုန်းကဆို Public speaking (လူရှေ့စကားထွက်ပြောဖို့) အရမ်းကြောက်တယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားကျလို့ရတယ်၊ ဒါပေမယ့် သူ့ကိုဘဲအားကျပြီးတော့ ရပ်မနေသင့်ဘူး။ ကိုယ်ကိုတိုင်က ကိုယ့်လက်တလှမ်းမှာ ရှိတဲ့ အရာတွေနဲ့ စပြီး လုပ်သင့်တယ်။ ကိုယ်က Leader (ခေါင်းဆောင်) ကောင်းတယောက်လည်း ဖြစ်လာနိုင်တယ်၊ Supporter (နောက်လိုက်) ကောင်းတယောက်လည်း ဖြစ်လာနိုင်တယ်။”

လက်ရှိ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ဥပဒေတွေ လွှတ်တော်အတွင်း ရေးဆွဲ ပြဌာန်းမှု စတဲ့ လုပ်ငန်းစဉ်အသီးသီးမှာ အမျိုးသမီးထုရဲ့ပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိသင့်တယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီကဏ္ဍအသီးသီးမှာ လက်ရှိ အမျိုးသမီးပါဝင်မှုဟာ ၁၀ ခိုင်နှုန်းထက် မကျော်လွန်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒေါက်တာ မီမီဝင်းဘတ် အပါအဝင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာရေးအတွက် ဟောပြော လှုံ့ဆော်ပေးနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဟောပြောပွဲကို လာနားထောင်ကြတဲ့ ကျောင်းသူ/ကျောင်းသားတွေထဲက လက်ရှိ ရှိနေတဲ့ စံတန်ဖိုး၊ ကန့်သတ်ချက်တွေကို ထိုးဖောက် ကျော်လွှားပြီး အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းတွေ ဘယ်နှစ်ယောက်လောက် ထွက်ပေါ်လာမလဲဆိုတာကတော့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာ အမျိုးသမီးခေါင်းဆောင်ကောင်းတွေ များများထွက်ပေါ်လာဖို့အတွက်ဆိုရင် အခုလို ပညာပေး၊ ဟောပြောပွဲတွေဟာ အရေးပါတဲ့ ခြေလှမ်းအစဘဲ ဖြစ်ပါတယ်။

..................

{Unicode}

အမြိုးသမီးမြားဦးဆောငျမှုမွင့ျမားရေးဟောပွောပှဲ ဒဂုံတက်ကသိုလျမှာကငြျးပ













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG