သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုလ်စူးစမ်းလေ့လာမယ့် ရဟတ်ယာဉ်ဖန်တီးရာမှာပါဝင်တဲ့ နာဆာက မြန်မာအင်ဂျင်နီယာနဲ့ ဆက်သွယ်မေးမြန်းချက်


VOA သတင်းထောက် မခင်ဖြူထွေးနဲ့ နာဆာက မြန်မာအင်ဂျင်နီယာ မမီမီအောင်
VOA သတင်းထောက် မခင်ဖြူထွေးနဲ့ နာဆာက မြန်မာအင်ဂျင်နီယာ မမီမီအောင်

(Zawgyi/Unicode)

အင်္ဂါဂြိုဟ်ပေါ်မှာ စူးစမ်းလေ့လာမယ့် ပထမဆုံး ရဟတ်ယာဉ် Ingenuity ကိုဖန်တီးရာမှာ ဦးဆောင်ပါဝင်ခဲ့သူ မြန်မာအင်ဂျင်နီယာ မမီမီအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ဆက်ပေးပါမယ်။

အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ JPL ဌာနခွဲက ဖန်တီးလိုက်တဲ့ Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ကို ဦးတည်သွားနေပြီ ဖြစ်သလို၊ ရှေ့နှစ် ဖေဖော်ဝါရီလောက်မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ခြေချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့အပြင်ဘက် ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ်ကို ဖန်တီးခဲ့တဲ့ စီမံကိန်းကိုတော့ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မမီမီအောင်က ဦးဆောင်ခဲ့တာပါ။ ဒါကြောင့် ဒီ Ingenuity ရဟတ်ယာဉ်အကြောင်းနဲ့အတူ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာမှုတွေနဲ့ပတ်သက်လို့ အာကာသသိပ္ပံပညာရှင် အင်ဂျင်နီယာတယောက်ဖြစ်တဲ့ မမီမီအောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က Ingenuity ရဟတ်ယာဉ်ကို Atlas 5 ရော့ကတ်ဒုံးပျံနဲ့ အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ခံစားချက်နဲ့ပတ်သက်လို့ မမီမီအောင်က ခုလိုပြောပြပါတယ်။

မမီမီအောင် ။ ။ “ကျမတို့ အဆင့်ဆင့် နောက်ဆုံး ပုံစံထုတ် ဖန်တီးခဲ့ကြတဲ့ အင်္ဂါဂြိုလ်ပေါ် ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ် ငယ်လေးဟာ အခုနောက်ဆုံး ပတ်ဝန်းကျင်သစ်တခုမှာ ပျံသန်းတော့မယ်။ သူ့အတွက် ကျမတို့ ရည်မှန်း ဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်သစ်ကို သူတကယ် တွေ့ရတော့မယ်။ အာကာသထဲ လေဟာနယ်ထဲ ဖြတ်သန်းရတော့မယ် ဆိုတော့ ဝမ်းသာမိပါတယ်။ နောက်တဆင့် ကြီးကြီးမားမား ဖြတ်ရမှာ ကတော့ ဂြိုလ်မျက်နှာပြင်ပေါ် ဆင်းသက်နိုင်ဖို့ပါ။ အင်္ဂါဂြိုလ်ရဲ့ ပတ်ဝန်းကျင်က အေးခဲနေတာကြောင့် ဒါကိုလည်း ကျမတို့ သေချာ စစ်ဆေး တွက်ချက်ပြီး ဖန်တီးထားပါတယ်။ ဆိုတော့ ပထမတဆင့်ကတော့ အောင်မြင်သွားပြီလို့ပြောရမှာပေါ့။”

မခင်ဖြူထွေး။ ။ ဆိုတော့ ဒီရဟတ်ယာဉ်ဟာ အင်္ဂါဂြိုလ်ပေါ်မှာ ပျံသန်းမယ့် ပထမဆုံး ရဟတ်ယာဉ်ဖြစ်တယ်။ အခုဆိုရင် ကမ္ဘာမြေပြင်ကနေ အင်္ဂါဂြိုလ်ရှိရာကို ခရီးနှင်နေပြီလည်းဖြစ်တယ်။ ဒီခရီးစဉ် အောင်မြင်ပြီးသွားပြီဆိုရင် နောက်တဆင့် စမ်းသပ်မှုတွေက ဘာတွေဖြစ်ပါမလဲရှင့်။

မမီမီအောင် ။ ။ “ဟုတ်ကဲ့။ အရင်ဆုံး ပြောချင်တာက ဒီရဟတ်ယာဉ်ဟာ အင်္ဂါဂြိုလ်ပေါ်မှာ ပထမဆုံးပျံသန်းမယ့် ရဟတ်ယာဉ်ဖြစ်သလို၊ ကမ္ဘာမြေမဟုတ်တဲ့ တခြား ဂြိုလ်တခုပေါ်မှာ ပထမဆုံး ပျံသန်းမယ့် ရဟတ်ယာဉ်ပဲ ဖြစ်ပါတယ်။ လူသားတွေ အနေနဲ့ ဘယ်ဂြိုလ်တခုပေါ်မှာမှ ခုလို ရဟတ်ယာဉ် မပျံသန်းခဲ့ဖူးသေးပါဘူး။ ဒုတိယ အချက်ကတော့ လေထုလွှာ သိပ်ပါးတဲ့ အင်္ဂါဂြိုလ်မှာ ပျံသန်းမှာဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်က လေထုက ကျမတို့ ဒီမှာရှိနေတဲ့ ကမ္ဘာ့လေထုရဲ့ ၁ % လောက်ပဲ ရှိပါတယ်။ ဆိုတော့ ပထမဆုံးပျံသန်းမယ့် ရဟတ်ယာဉ်က အင်မတန်ကို အရေးကြီးပါတယ်။ ဒီရဟတ်ယာဉ်ဟာ ကျမတို့ ဒီ JPL သိပ္ပံဌာနမှာရှိတဲ့ ဓါတ်ခွဲစမ်းသပ်ခန်းကြီးထဲမှာ အကြိမ်ကြိမ် စမ်းသပ်ပြီးတော့မှ ပျံသန်းမှာဖြစ်ပါတယ်။ အချင်း ၂၅ မီတာ ရှိတဲ့ စမ်းသပ်ခန်းကြီး ရှိပါတယ်။ ဒီလို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်ပြီးရင်တော့ ခုထက် ပိုပြီ အလုပ်လုပ်နိုင်မယ့် နောက်ထပ် ရဟတ်ယာဉ် လေးစင်း ထပ်ပြီး စမ်းသပ်ဦးမှာပါ။ စုစုပေါင်း ရဟတ်ယာဉ် ၅ စင်းအထိ စမ်းသပ်ပျံသန်းဖို့ စီစဉ်ထားပါတယ်။

မခင်ဖြူထွေး။ ။ တနေ့ကျရင် လူသားတွေအင်္ဂါဂြိုလ်ပေါ်မှာ ပျံသန်းနိုင်မယ်လို့ ထင်ပါသလားရှင့်။

မမီမီအောင် ။ ။ “ဟုတ်ကဲ့။ သိပ် ထင်တာပေါ့။ ဒီအတွက်ကိုပဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA က အပြင်းအထန် ကြိုးစားနေတာပါ။ တနေ့ လူတွေကိုယ်တိုင် သွားနိုင်တဲ့အချိန်ကျရင် ကျမတို့ အခုစမ်းသပ်နေတဲ့ ရဟတ်ယာဉ်မျိုး အပြင် ကျမတို့ရဲ့ အနိမရည်မှန်းချက်ဖြစ်တဲ့ ပိုကြီးတဲ့ ရဟတ်ယာဉ်တွေ ပျံသန်းနိုင်ဖို့ ဆိုတာတွေ ဖြစ်လာမှာပါ။ သေချာတာကတော့ လူသားတွေ ကိုယ်တိုင် သွားနိုင်တယ်ဆိုရင် ခုလို ကီလိုမီတာပေါင်း များစွာ အကွာအဝေးကနေ မြင်ရတာမျိုးထက် အနီးကပ် ပိုပြီးရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို စူးစမ်းချင်မှာပါ။”

မခင်ဖြူထွေး။ ။ ဒါနဲ့တဆက်တည်းပဲ ဒီယာဉ်ကို ပုံစံထုတ် ဖန်တီးတဲ့နေရာမှာ ကြုံရတဲ့ အခက်အခဲတွေကိုရော ပြောပြပေးပါဦး။ ဒီယာဉ်ကို ၅ နှစ်လောက် အချိန်အကြာကြီး ယူပြီး ကြိုးပမ်းခဲ့ရတယ်ဆိုတော့။

မမီမီအောင် ။ ။ “လေထုပါးလွှာတဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ရဟတ်ယာဉ်ပျံဖို့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ထားပြီးသားပါ။ လေပန်ကာကို အကြိမ်များများ မြန်မြန်လည်နိုင်မယ်၊ ယာဉ်ရဲ့အလေးချိန်ကလည်း ပေါ့မယ်ဆိုရင် ပျံနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်မှုတွေမှာတွေ့ထားတာပါ။ ဒီအတွက် သုတေသနတွေ၊ ရူပဗေဒလေ့လာမှုတွေက ရှိပြီးသားပါ။ ဆိုတော့ နောက်တဆင့် မေးခွန်းက ပျံနိုင်တယ်ဆိုတာ ကျမတို့သိပြီ။ အဲ့ဒီတော့ အင်္ဂါဂြိုလ်ပေါ်မှာ ပျံလို့ရနိုင်တဲ့ အလေးချိန် ပေါ့ပါးတဲ့ယာဉ်ကို ဖန်တီးလို့ ရနိုင်မှာလား။ ကျမတို့သွားမှာ အင်္ဂါဂြိုလ်လေ ဟုတ်တယ်မလား။ ဒီတော့ ဒီယာဉ် တခုလုံးကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ဘက်ထရီ၊ ဆိုလာပြား၊ လည်ပတ်မယ့်စက်၊ ကွန်ပျူတာ၊ လေယာဉ်ဆင်းသတ်နိုင်မယ့် ဂီယာ၊ ဆက်သွယ်ရေးစက်၊ အပူအအေး ထိန်းညှိပေးမယ့်စက် စေသဖြင့် ပစ္စည်းကိရိယာတွေ အားလုံး ပါအောင် သယ်နိုင်ဖို့၊ အရွယ်အစားအားဖြင့် ၁.၂ မီတာ ပတ်လည်ပဲရှိတဲ့စက်ထဲမှာ လည်ပတ်မယ့်စနစ်တွေ အားလုံးပါပြီး အလေးချိန်အားဖြင့်လည်း ၂ ကီလိုဂရမ်ထက် မပိုအောင် ဖန်တီးရတာဖြစ်ပါတယ်။ ပေါင်ချိန်အားဖြင့် ၄ ပေါင်တောင်မပြည့်ပါဘူး။ ဆိုတော့ ဒါကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဒါက လေထဲပျံအောင် ဘယ်လိုလုပ်မလဲ၊ ရဟတ်ယာဉ်ကို ဘယ်လို ထိန်းချုပ်မလဲ၊ စက်ပိုင်းဆိုင်ရာသက်သက် မဟုတ်ဘဲ၊ စက်ရဲ့ ပါဝါ၊ ဆော့ဖ်ဝဲလ်၊ အပူအအေး ထိန်းညှိဖို့ သာမိုစက် စသဖြင့် အားလုံးက ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ စုပေါင်းပြီး လုပ်ရတာဖြစ်ပါတယ်။ တကယ့်ကို ဘာနဲ့မှမတူတဲ့ ပေါင်းစု အင်အား အတွေ့အကြုံ တခုပါပဲ။”

မခင်ဖြူထွေး။ ။ နောက်ဆုံး မေးချင်တာကတော့ အခုစူးစမ်းရှာဖွေမှုတွေ ကနေ ကျမတို့လူသားတွေ တနေ့ တခြားဂြိုဟ်တခုပေါ်ကို အလည်အပတ် သွားနိုင်တဲ့အခြေအနေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလားရှင့်။

မမီမီအောင် ။ ။ “ကျမ ပြောခဲ့သလိုပါပဲ။ အခုကစလို့ တဆင့်ပြီးတဆင့် သွားရမှာပဲလေ။ အခုဆိုရင် အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေေ ခြေချနိုင်ဖို့ ကျမတို့ ကြိုးစား လုပ်ဆောင်နေတယ်။ လပေါ်ကိုလည်း လူသားတွေ သွားပြီး ပြန်လာခဲ့ကြပြီးပြီ။ ဆိုတော့ တဆင့်ချင်း သွားရမှာပါပဲလေ။ ကျမတို့ ကြိုးစားရမှာပေါ့။ အခု ကျမတို့ ပြောဆို လုပ်ဆောင်တောတွေ၊ ကျမ ကြိုးပမ်းနေတာတွေ တနေ့ ဖြစ်လာမယ်ဆိုတာကို ယုံကြည်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ရည်မှန်းချက်အတွက် တိုးတက်မှုတွေ ရလာအောင် လုပ်သွားရမှာဖြစ်ပါတယ်။”

မခင်ဖြူထွေး။ ။ ကျေးဇူးတင်ပါတယ်။ မမီမီအောင်ရှင့်။

...............

(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG