သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေး ငွေကြေးရံပုံငွေအဖွဲ့ကြီးက ကီရင်း ဘီယာကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမှု ဆက်လုပ်မည်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့က ကီရင်း အဖျော်ယမကာကုမ္ပဏီ (REUTERS/Issei Kato)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့က ကီရင်း အဖျော်ယမကာကုမ္ပဏီ (REUTERS/Issei Kato)

မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်မလုပ်တော့တဲ့ Kirin Holdings ကုမ္ပဏီကို နော်ဝေးနိုင်ငံ ဗဟိုဘဏ်ရဲ့ ရင်းနှီးမြှပ်နှံသင့် မသင့် စောင့်ကြည့်စာရင်းထဲကနေ ဖယ်ရှားလိုက်ပါတယ်။ ဂျပန်နိုင်ငံက Kirin အဖျော်ယာမကာလုပ်ငန်း မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်မှု အပြီးသတ်ရပ်ဆိုင်းလိုက်တာကို လက်ခံတဲ့အနေနဲ့ မတ်လ ၂၂ ရက်နေ့ကစတင်ပြီး စောင့်ကြည့်စာရင်းကနေ ဖယ်ရှားပေးလိုက်တာဖြစ်တယ်လို့ Kirin Holdings ကုမ္ပဏီက ဒီနေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့အတွက်ဆိုပြီး နော်ဝေးဗဟိုဘဏ်လက်အောက်မှာရှိတဲ့ နော်ဝေးအစိုးရ ပင်စင်စုဆောင်းတဲ့ Government Pension Fund Global ထဲကနေ Kirin ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ဖယ်သင့် မသင့် စောင့်ကြည့်စာရင်းထဲမှာ ၂၀၂၁ ခုနှစ် မတ်လက ထည့်သွင်းခဲ့တာပါ။

အခုတော့ Kirin အနေနဲ့ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ ဆက်မလုပ်တော့တဲ့ အတွက် စောင့်ကြည့်စာရင်းထဲမှာ ဆက်လက် ထည့်ထားစရာမလိုတော့ဘူးလို့ သီးခြားလွတ်လပ်တဲ့ ကျင့်ဝတ်စောင့်ကြည့်ရေးဆိုင်ရာအကြံပေးအဖွဲ့က နော်ဝေးဗဟိုဘဏ်ကို အကြံပြုခဲ့တာဖြစ်တယ်လို့ Government Pension Fund Global ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီပင်စင်ရန်ပုံငွေအဖွဲ့ထဲမှာ Kirin ရဲ့ ထည့်ဝင်ရင်းနှီးမှု ရှယ်ယာ ၂၀၂၂ ခုနှစ်ကုန်အထိ ၁.၂၂% ရှိတယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့ဘီယာထုတ်လုပ်ရေးနဲ့ ဖက်စပ်စီးပွားရေးလုပ်ခဲ့တဲ့ Kirin အဖျော်ယာမကာလုပ်ငန်းက မြန်မာနိုင်ငံမှာရင်းနှီးထားတဲ့ ရှယ်ယာအားလုံးကို မြန်မာ့ဘီယာထုတ်လုပ်ရေးကို ပြန်ရောင်းပြီး မြန်မာနိုင်ငံထဲက လုပ်ငန်းအားလုံး ရပ်ဆိုင်းမယ်လို့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းလွှဲပြောင်းမှုအားလုံး အဆုံးသတ်ပြီးစီးသွားပြီလို့ အခုနှစ် ၂၀၂၃ ဇန်နဝါရီလမှာ Kirin က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG