သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NRPC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး


NRPC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး (ဓါတ်ပုံ -Zaw Htay Facebook)
NRPC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး (ဓါတ်ပုံ -Zaw Htay Facebook)

(Zawgyi/Unicode)

တပ်မတော်က ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ RCSS ဥက္ကဌရဲ့ NCA ၄နှစ်ပြည့် အခမ်းအနားခရီးစဉ်နဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်ခဲ့တာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးမှာပဲ တစ်နှစ်ကျော်ကြာရပ်ဆိုင်းနေခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် အကျေအလည် ဆွေးနွေးနိုင်ခဲ့တယ်လို့ နှစ်ဘက် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်ဆစ်ဟာ ဟိုမိန်း-လင်းခေး- မိုးနဲ- နမ့်စန်- တောင်ကြီး ကတဆင့် နေပြည်တော်ကို လာရောက်ဖို့ စီစဉ်ခဲ့တဲ့ ခရီးကို တပ်မတော်က တားမြစ်ခဲ့တဲ့နောက် NCA အပစ်ရပ်စာချုပ် ၄နှစ်ပြည့်အခမ်းအနားကို RCSS က မတက်ရောက်ခဲ့ဘဲ မပြေမလည်ဖြစ်ခဲ့တာပါ။

အဲဒီနောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ RCSS ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ ဒီမပြေလည်မှုတွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းငင်းက အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့။ အဲဒီကိစ္စက ပြေလည်မှုရသွားပါပြီ။ အမှန်ဆို အဲဒီ ခရီးစဉ်ကိစ္စက ပြောရမယ်ဆိုရင်တော့ တချို့ကိစ္စတွေက နားလည်မှုလွဲတဲ့ ကိစ္စလည်းပါမယ်။ တစ်ခါတစ်လေ အချိန်ပေါ့။ အချိန်လည်း လိုအပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ Communication line ပေါ့။ တချို့ဟာတွေပြတ်တောက်တဲ့ အနေအထားရှိတော့ အဲဒါကို ကျနော်တို့ သေချာပြန်ညှိတယ်။ ဒါကြောင့် နောက်နောင်မှာကျတော့ ခရီးစဉ်ပေါ့ လူကြီးတွေပေါ့။ လူကြီးတွေဆိုတာ EAO ၁၀ဖွဲ့ရဲ့ လူကြီးခရီးစဉ်တွေ ရှိတယ်ဆို ကျနော်တို့ သေချာညှိရမယ်။ အချိန်ယူ သေချာပြင်ဆင်ပေးမယ်။ ဘယ်လမ်းကြောင်းလာမလဲ။ ဘယ်ပုံဘယ်နည်းနဲ့ လာမလဲ စသည်ဖြင့် အဲလိုလုပ်ပြီးမှ သွားကြရအောင်ဆိုတဲ့ အနေအထားမျိုးပဲ။ အဲဒါ ကျနော်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဖြေရှင်းနိုင်ခဲ့ပါတယ်။”

နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ အဓိက အချက် ၅ချက် ဆွေးနွေးခဲ့ကြောင်း အခုလို ပြောဆိုပါတယ်။

“ နံပတ်တစ်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ကို ဘယ်လို ဆက်သွားကြမလဲပေါ့။ လာမယ့် JICM အစည်းအဝေး၊ PPST အစည်းအဝေးအပါ ညီလာခံအထိ ဘယ်လိုသွားကြမလဲဆိုတာ ဆွေးနွေးတယ်။ နံပတ်နှစ် အချက်ကတော့ ကျနော်တို့ ဥက္ကဌကြီးရဲ့ ခရီးစဉ်ပေါ့နော်။ ဒီဖြစ်စဉ်ပေါ်မှာ သင်ခန်းစာယူပြီးတော့ နှစ်ဦးနှစ်ဘက်ပေါ့။ နောင်မှာ ဒါမျိုးဖြစ်ရပ်တွေ မဖြစ်အောင် ဘယ်လိုသွားကြမလဲဆိုတာ နှစ်ဘက် ဆွေးနွေးတယ်။ နံပတ်သုံးကတော့ ယုံကြည်မှုတည်ဆောက်ရေးပိုင်းပေါ့။ အထူးသဖြင့် တပ်မတော်က ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဗိုလ်ချုပ်ကြီးမင်းနောင်တို့လည်း ပါတဲ့အတွက် တော်တော်များများပေါ့ အောက်ခြေကိစ္စလေးတွေလည်း ဆွေးနွေးနိုင်ခဲ့တယ်။ ”

ကျန်အချက်တွေကတော့ RCSS ဌာနချုပ် လွိုင်တန်းလျန်းအပါအဝင် မုန်းတော့၊ မုန်းထားဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ လက်ရှိ နိုင်ငံတကာမှာ အစိုးရ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ရှင်းလင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေးအတွက်ဆွေးနွေးရာမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“ ပထမတော့ကျနော်တို့ စီစဉ်ထားတာက JICM အစည်းအဝေးလုပ်မှာကိုး၊ လုပ်ပြီးမှ ဆက်သွားမယ်ဆိုတဲ့ အနေအထား။ ဒါကြောင့် အခု ပြောရမယ်ဆိုရင်တော့ အခု Highlight လုပ်တာကတော့ JICM အစည်းအဝေးကျင်းပမယ့် အနေအထားပေါ့နော်။ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နိုင်မလဲ ဘယ်အချိန်လောက်မှ လုပ်နိုင်မလဲဆိုတာ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တာ တော်တော်လေး ကောင်းမွန်တဲ့ ရလဒ် ရခဲ့ပါတယ်။”

လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ရဲ့ PPST ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြီး ဒုတိယပတ်မှာ JICM ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။ JICM အစည်းအဝေးကျင်းပပြီး နှစ်ဘက် ညှိနှိုင်းနိုင်ရင်တော့ လာမယ့် နှစ်ဆန်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ မကြာမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်မယ်လို့ ယုံကြည်ကြောင်း အခုလို ပြောပါတယ်။

“ မနက်ဖြန်မှာလည်း ကျနော်တို့ ဒီ NCA လက်မှတ်ထိုးထားတဲ့ ၁၀ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း မနက်ဖြန် တွေ့ဖို့ ရှိသလို KNU နဲ့လည်း ကျနော်တို့ နောက်ရက်တွေမှာ တွေ့ဖို့ စီစဉ်နေတာရှိတယ်။ ဒီဆွေးနွေးပွဲတွေကနေ ရှေ့ကို ဆက်သွားနိုင်ဖို့တော့ တော်တော် သေချာတယ်လို့ပဲ ကျနော်ကတော့ ဒီလိုပဲ ယုံကြည်ပါတယ်။ ”

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ဘက် NRPC ဒုဥက္ကဌ ၂ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ် ၈ဦးတက်ရောက်ပြီး RCSS အဖွဲ့ဘက်ကတော့ ဗိုလ်ချုပ် ပေါင်ခေးဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ဦး တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Zawgyi/Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG