သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တုိင္းမွာ ကုိဗစ္ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရသူအေရအတြက္ ခန္႔မွန္းခ်က္ထက္ ပုိမ်ားႏုိင္


၂၀၂၀ မတ္လလ ၂၆ ရက္ေန႔က အလုပ္ရံုပိတ္သြားတာေၾကာင့္ အလုပ္သမားမ်ား ဆႏၵျပစဥ္

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလ ရန္ကုန္တိုင္းအတြင္း စက္႐ုံေပါင္း ၁၇၀ ေက်ာ္နဲ႔ အလုပ္လက္မဲ့ ျဖစ္ခဲ့ရတဲ့ အလုပ္သမား ၄ ေသာင္းေက်ာ္ ရွိမယ္လုိ႔ အစုိးရက ခန္႔မွန္းထားေပမဲ့ လက္ေတြ႔မွာ ဒီထက္ပုိမ်ားႏုိင္တယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာလိုက္တဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါ ႀကံဳေနရတဲ့ ကာလအတြင္း ရန္ကုန္တိုင္းထဲက စက္႐ုံေပါင္း ၁၇၀ ေက်ာ္ပိတ္လုိက္ရၿပီး အလုပ္သမား ၄ ေသာင္းေက်ာ္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရတယ္လုိ႔ မၾကာေသးခင္ကပဲ အစုိးရတာ၀န္ရွိသူ တေယာက္က ေျပာလုိက္တာပါ။ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲရွိတဲ့ အလုပ္သမားေတြကုိလည္း အစုိးရက ေထာက္ပံ့ေပးေနေၾကာင္း ဒီသီတင္းပတ္အေစာပုိင္း ရန္ကုန္တိုင္းလႊတ္ေတာ္မွာ လူဝန္မႈႀကီးၾကပ္ေရး နဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာခဲ့ပါတယ္။

“ ၄၂၃၉၅ ဦး ဒါဟာအလုပ္လက္မဲ့ ျဖစ္ခဲ့ရတာ ျဖစ္ပါတယ္။ က်မတို႔ ပိတ္သိမ္းသြားတဲ့ စက္႐ုံအလုပ္႐ုံ နဲ႔ အလုပ္သမားမ်ား ရရွိမယ့္ အက်ိဳးခံစားခြင့္မ်ားထဲမွ လုပ္ခလစာႏွင့္ လုပ္သက္ခြင့္ရက္မ်ားအတြက္ ခံစားခြင့္ ေငြေၾကးမ်ားကို အခုလက္တေလာမွာ ျဖစ္ေပၚသြားတဲ့ ၁၇၃ ႐ုံနဲ႔ပတ္သက္ၿပီးေတာ့ အလုပ္ရွင္ ႏွင့္ အလုပ္သမားမ်ားရဲ႕ အက်ိဳးခံစားခြင့္မ်ားကို အလုပ္႐ုံႏွင့္ အလုပ္သမားစစ္ေဆးေရး ဦးစီးဌာနမွ ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္းလည္း က်မေျဖၾကားလိုပါတယ္။”

ဒါေပမဲ့လည္း ကပ္ေရာဂါ ႀကံဳေနရတဲ့ ၆ လေလာက္အတြင္း အလုပ္အကုိင္ လက္လြတ္ဆုံး႐ႈံးတဲ့ အလုပ္သမား အေရအတြက္ဟာ လက္ေတြ႔မွာ အစိုးရခန္႔မွန္းခ်က္ထက္ ပုိမ်ားႏိုင္တယ္လို႔ ျမန္မာႏုိင္ငံ စက္မႈလက္မႈနဲ႔ ၀န္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္သမားမ်ားသမဂၢ အဖဲြ႔ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ အခုလိုမ်ိဳး ဝန္ႀကီးေဒၚမိုးမိုးစုၾကည္ေျပာၾကားခ်က္အရဆိုရင္ က်ေနာ္တို႔ အံ့အားသင့္ရတာေပါ့ေနာ္၊ အလုပ္သမားဝန္ႀကီးဌာနကိုသာ ေရာက္ေသာ စာရင္းဇယားမ်ား ျဖစ္ပါလိမ့္မယ္။ တကယ့္လက္ေတြ႕ နယ္ပယ္မွာက်ေတာ့ အဲဒီေလာက္မကတာကို က်ေနာ္တို႔က သြားၿပီးေတြ႕ရပါတယ္ခင္ဗ်။ သိန္းနဲ႔ခ်ီၿပီးေတာ့ ရွိႏိုင္တယ္ေပါ့ေနာ္။ အစိုးရတရပ္တည္းမွာပဲ စာရင္းဇယားေတြ၊ ကိန္းဂဏန္းေတြကို သိမ္းထားရင္ေတာ့ ဝိုင္းၿပီးေတာ့မွ လုပ္ဖို႔ဆိုတာကေတာ့ အဆင္မေျပႏိုင္ဘူးခင္ဗ်။”

ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္တာ၊ ကုန္ၾကမ္းျပတ္လပ္တာ၊ ကုန္အမွာ မရတာေတြေၾကာင့္ စက္႐ုံေတြ အမ်ားအျပား ပိတ္ခဲ့ရတာပါ။ ေသြးစည္းညီၫြတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚမ်ိဳးေအးကေတာ့ ရပ္ဆုိင္းခဲ့ရတဲ့ စက္႐ုံအမ်ားစုဟာ ခုိင္မာမႈမရွိေသးတဲ့ လုပ္ငန္းေတြ ျဖစ္ေၾကာင္း ေျပာပါတယ္။

“ပိတ္ႏိုင္တဲ့႐ုံေတြေတာ္ေတာ္မ်ားတယ္၊ အဲဒါက ဘာလဲဆိုေတာ့ တကယ္လုပ္ငန္းရွင္ မဟုတ္ဘူးဗ်ာ၊ သူမ်ား order ကို ပြဲစားတဆင့္ခံခ်ဳပ္မယ္ဆိုၿပီးမွ လာေနတဲ့ ႏိုင္ငံျခားသား ႐ုံေတြေပါ့ေနာ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ တ႐ုတ္ေပါ့။ နည္းနည္းေလးပဲလာၿပီး ဒီဘက္မွာ ဟိုဟာငွား၊ ဒီဟာငွားနဲ႔ အဲဒီလို႐ုံေတြကေတာ့ ပိတ္ႏိုင္တယ္။ အစကတည္းက သူ႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈက မခိုင္မာဘူး။”

ရန္ကုန္တိုင္းစက္မႈဇုံေတြမွာ အထည္ခ်ဳပ္လုပ္ငန္းက အမ်ားဆုံးျဖစ္ၿပီး လုပ္သားအင္အား ၅ သိန္းေလာက္ရွိမယ္လို႔ အစိုးရက ခန္႔မွန္းထားပါတယ္။ ကိုဗစ္ကပ္ေရာဂါကာလအစမွာ ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းေတြ အထိနာခဲ့ေပမဲ့ အခုေနာက္ပိုင္း အေထြေထြလူသုံးကုန္ပစၥည္း ထုတ္လုပ္တဲ့ လုပ္ငန္းတခ်ိဳ႕လည္း ရပ္နားကုန္ပါတယ္။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အလုပ္လက္မဲ့ႏႈန္းက ၂၅၀၀၀၀ ရွိတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေမလတုန္းကပဲ ေျပာထားပါတယ္။

ျမန္မာႏိုင္လုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ လက္ေထာက္အေထြေထြအတြင္းေရးမႉး ေဒၚၿဖိဳးစႏၵာစိုးကေတာ့ အလုပ္လက္မဲ့ႏႈန္းဟာ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၃သိန္းေလာက္ ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

“ျပည္ေထာင္စုဝန္ႀကီး သူက ၂၅၀၀၀၀ ဆိုတာကို ေမလတုန္းက တခါေပးထားတာရွိတယ္။ ၾကားကာလမွာ ၃ လေလာက္ရွိတာေပါ့ေနာ္။ တက္လာတဲ့ ကိန္းဂဏန္းကေတာ့ ၅ ေသာင္းေလာက္ရွိပါတယ္။ ဆိုေတာ့ အဲဒီအေျခအေနကို က်မတို႔ ခန႔္မွန္းၿပီးေတာ့ေျပာတာပါ။ ဒီ ကိုဗစ္ကာလမွာ ေစ်းမေရာင္းရတို႔၊ ဆိုင္ခန္းခေတြ မငွားႏိုင္ေတာ့လို႔ ျပဳတ္သြားတဲ့ အလုပ္သမားေတြရွိတယ္၊ ၿပီးေတာ့ ဒီ KTVေတြမွာ ျပဳတ္သြားတဲ့ ဝန္ထမ္းေတြရွိတယ္၊ ဆိုေတာ့ အဲဒီ စာရင္းေတြမပါေသးဘူးေပါ့။ Informal Sector ကသူေတြ မပါေသးပဲနဲ႔ကို အဲေလာက္ဝန္းက်င္ ရွိေနပါၿပီ။”

ျမန္မာႏိုင္ကို COVID-19 ကပ္ေရာဂါ႐ိုက္ခတ္လာတဲ့ မတ္လေနာက္ပိုင္းကစလို႔ အစိုးရဟာ စီးပြားေရးအေရးေပၚကုစားေရး အစီအစဥ္ေတြကို ျမန္ျမန္လုပ္ေဆာင္ခဲ့ေပမဲ့ အလုပ္သမားေတြကေတာ့ သူတို႔ရတဲ့ ေထာက္ပံ့ေၾကး အစီအစဥ္ေတြဟာ ထိေရာက္မႈမရွိဘူးလို႔ ေဝဖန္မႈေတြလည္း ရွိပါတယ္။ ဥေရာပသမဂၢ EU ကေတာ့ ယူ႐ိုေငြ ၅သန္း ( ျမန္မာေငြ ၇.၉ ဘီလီယံ) သုံးစဲြမယ့္ အစီအစဥ္နဲ႔ အလုပ္လက္မဲ့ ျဖစ္ေနၾကတဲ့ ျမန္မာအထည္ခ်ဳပ္လုပ္သားေတြကို မိုဘိုင္းဖုန္းကေန ေငြလႊဲၿပီး ေထာက္ပံ့တဲ့အစီအစဥ္ကို ေမလကတည္းကစတင္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရန်ကုန်တိုင်းမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူအရေအတွက် ခန့်မှန်းချက်ထက် ပိုများနိုင်

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်တိုင်းအတွင်း စက်ရုံပေါင်း ၁၇၀ ကျော်နဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အလုပ်သမား ၄ သောင်းကျော် ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပေမဲ့ လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါ ကြုံနေရတဲ့ ကာလအတွင်း ရန်ကုန်တိုင်းထဲက စက်ရုံပေါင်း ၁၇၀ ကျော်ပိတ်လိုက်ရပြီး အလုပ်သမား ၄ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ မကြာသေးခင်ကပဲ အစိုးရတာဝန်ရှိသူ တယောက်က ပြောလိုက်တာပါ။ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲရှိတဲ့ အလုပ်သမားတွေကိုလည်း အစိုးရက ထောက်ပံ့ပေးနေကြောင်း ဒီသီတင်းပတ်အစောပိုင်း ရန်ကုန်တိုင်းလွှတ်တော်မှာ လူဝန်မှုကြီးကြပ်ရေး နဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောခဲ့ပါတယ်။

“ ၄၂၃၉၅ ဦး ဒါဟာအလုပ်လက်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ ပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံ နဲ့ အလုပ်သမားများ ရရှိမယ့် အကျိုးခံစားခွင့်များထဲမှ လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်များအတွက် ခံစားခွင့် ငွေကြေးများကို အခုလက်တလောမှာ ဖြစ်ပေါ်သွားတဲ့ ၁၇၃ ရုံနဲ့ပတ်သက်ပြီးတော့ အလုပ်ရှင် နှင့် အလုပ်သမားများရဲ့ အကျိုးခံစားခွင့်များကို အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ကျမဖြေကြားလိုပါတယ်။”

ဒါပေမဲ့လည်း ကပ်ရောဂါ ကြုံနေရတဲ့ ၆ လလောက်အတွင်း အလုပ်အကိုင် လက်လွတ်ဆုံးရှုံးတဲ့ အလုပ်သမား အရေအတွက်ဟာ လက်တွေ့မှာ အစိုးရခန့်မှန်းချက်ထက် ပိုများနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ အခုလိုမျိုး ဝန်ကြီးဒေါ်မိုးမိုးစုကြည်ပြောကြားချက်အရဆိုရင် ကျနော်တို့ အံ့အားသင့်ရတာပေါ့နော်၊ အလုပ်သမားဝန်ကြီးဌာနကိုသာ ရောက်သော စာရင်းဇယားများ ဖြစ်ပါလိမ့်မယ်။ တကယ့်လက်တွေ့ နယ်ပယ်မှာကျတော့ အဲဒီလောက်မကတာကို ကျနော်တို့က သွားပြီးတွေ့ရပါတယ်ခင်ဗျ။ သိန်းနဲ့ချီပြီးတော့ ရှိနိုင်တယ်ပေါ့နော်။ အစိုးရတရပ်တည်းမှာပဲ စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေကို သိမ်းထားရင်တော့ ဝိုင်းပြီးတော့မှ လုပ်ဖို့ဆိုတာကတော့ အဆင်မပြေနိုင်ဘူးခင်ဗျ။”

ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာ၊ ကုန်ကြမ်းပြတ်လပ်တာ၊ ကုန်အမှာ မရတာတွေကြောင့် စက်ရုံတွေ အများအပြား ပိတ်ခဲ့ရတာပါ။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးအေးကတော့ ရပ်ဆိုင်းခဲ့ရတဲ့ စက်ရုံအများစုဟာ ခိုင်မာမှုမရှိသေးတဲ့ လုပ်ငန်းတွေ ဖြစ်ကြောင်း ပြောပါတယ်။

“ပိတ်နိုင်တဲ့ရုံတွေတော်တော်များတယ်၊ အဲဒါက ဘာလဲဆိုတော့ တကယ်လုပ်ငန်းရှင် မဟုတ်ဘူးဗျာ၊ သူများ order ကို ပွဲစားတဆင့်ခံချုပ်မယ်ဆိုပြီးမှ လာနေတဲ့ နိုင်ငံခြားသား ရုံတွေပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်ပေါ့။ နည်းနည်းလေးပဲလာပြီး ဒီဘက်မှာ ဟိုဟာငှား၊ ဒီဟာငှားနဲ့ အဲဒီလိုရုံတွေကတော့ ပိတ်နိုင်တယ်။ အစကတည်းက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက မခိုင်မာဘူး။”

ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ အထည်ချုပ်လုပ်ငန်းက အများဆုံးဖြစ်ပြီး လုပ်သားအင်အား ၅ သိန်းလောက်ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ကိုဗစ်ကပ်ရောဂါကာလအစမှာ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေ အထိနာခဲ့ပေမဲ့ အခုနောက်ပိုင်း အထွေထွေလူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတချို့လည်း ရပ်နားကုန်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်လက်မဲ့နှုန်းက ၂၅၀၀၀၀ ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မေလတုန်းကပဲ ပြောထားပါတယ်။

မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကတော့ အလုပ်လက်မဲ့နှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

“ပြည်ထောင်စုဝန်ကြီး သူက ၂၅၀၀၀၀ ဆိုတာကို မေလတုန်းက တခါပေးထားတာရှိတယ်။ ကြားကာလမှာ ၃ လလောက်ရှိတာပေါ့နော်။ တက်လာတဲ့ ကိန်းဂဏန်းကတော့ ၅ သောင်းလောက်ရှိပါတယ်။ ဆိုတော့ အဲဒီအခြေအနေကို ကျမတို့ ခန့်မှန်းပြီးတော့ပြောတာပါ။ ဒီ ကိုဗစ်ကာလမှာ ဈေးမရောင်းရတို့၊ ဆိုင်ခန်းခတွေ မငှားနိုင်တော့လို့ ပြုတ်သွားတဲ့ အလုပ်သမားတွေရှိတယ်၊ ပြီးတော့ ဒီ KTVတွေမှာ ပြုတ်သွားတဲ့ ဝန်ထမ်းတွေရှိတယ်၊ ဆိုတော့ အဲဒီ စာရင်းတွေမပါသေးဘူးပေါ့။ Informal Sector ကသူတွေ မပါသေးပဲနဲ့ကို အဲလောက်ဝန်းကျင် ရှိနေပါပြီ။”

မြန်မာနိုင်ကို COVID-19 ကပ်ရောဂါရိုက်ခတ်လာတဲ့ မတ်လနောက်ပိုင်းကစလို့ အစိုးရဟာ စီးပွားရေးအရေးပေါ်ကုစားရေး အစီအစဉ်တွေကို မြန်မြန်လုပ်ဆောင်ခဲ့ပေမဲ့ အလုပ်သမားတွေကတော့ သူတို့ရတဲ့ ထောက်ပံ့ကြေး အစီအစဉ်တွေဟာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဥရောပသမဂ္ဂ EU ကတော့ ယူရိုငွေ ၅သန်း ( မြန်မာငွေ ၇.၉ ဘီလီယံ) သုံးစွဲမယ့် အစီအစဉ်နဲ့ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြန်မာအထည်ချုပ်လုပ်သားတွေကို မိုဘိုင်းဖုန်းကနေ ငွေလွှဲပြီး ထောက်ပံ့တဲ့အစီအစဉ်ကို မေလကတည်းကစတင်နေတာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG