သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေစာပုံ ပြိုပြန်ပြီ


ဖားကန့် မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူများကို ရှာဖွေစဉ်
ဖားကန့် မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူများကို ရှာဖွေစဉ်

မနေ့သောကြာနေ့ည ဆယ်နာရီဝန်းကျင်လောက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံခါကျေးရွာ အနီးက ကျောက်စိမ်းတောင် စွန့်ပစ် မြေစာပုံကြီး ပြိုကျခဲ့တယ်လို့ ဖားကန့်နယ်ခံတွေကပြောပါတယ်။ မြေတူးစက်တွေအပါအဝင် အနည်းဆုံး လူလေးဆယ်ကျော်လောက် မြေစာပုံပိပြီး သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်နေပေမဲ့ အခုအချိန်ထိတော့ အလောင်းတွေကို တူးဖော်နေဆဲပဲလို့သိရပါတယ်။ ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင်တွေက စွန့်ပစ် မြေစာပုံတွေဟာ လုပ်ငန်းခွင်အန္တရာယ်ကြီးမားလွန်းပေမဲ့ သက်ဆိုင်ရာဘက်က စနစ်တကျ လုံခြုံမှုရှိအောင် မဆောင်ရွက် ပေးထားဘူးလို့လည်း ဝေဖန်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မတ်လ ၁၆ရက်နေ့ သောကြာနေ့ ညဆယ်နာရီ ၄၅မိနစ်ဝန်းကျင်လောက်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းက ကံခါကျေးရွာ က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တွေက စွန့်ပစ်မြေစာတွေ လာရောက် စုပေါင်းစွန့်ပစ်ကြတဲ့ မြေစာပုံကြီး ပြိုကျခဲ့တဲ့အတွက် ကျောက်စိမ်းတောင် ကုမ္မဏီက မြေသယ်တဲ့ ကားကြီးနှစ်စီးအပါအဝင် စွန့်ပစ်မြေစာပုံမှာ ကျောက်ရှာနေကြတဲ့ ရေမဆေးကျောက် ရှာသူတွေလို့ခေါ်တဲ့ ရေမဆေးတချို့ သေဆုံးခဲ့ကြပြီး သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းမှာ မြေစာပုံမကြာခဏပြိုကျလေ့ရှိပြီး ဒီတခေါက်မြေစာပုံပြိုကျမှုကတော့ အတော်လေး အခြေအနေဆိုးဝါးပြီး လူအနည်းဆုံး ဆယ်ဂဏန်းလောက် သေဆုံးမှုရှိနိုင်တယ်လို့ ကချင်ပြည်နယ် ဖားကန့်အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦး Lamung La Tawng ဦးလမောင်လထောင်က အခုလိုပြောပြပါတယ်။

“ ဟုတ်တယ်၊ အခြေအနေက တော်တော်လေးဆိုးတယ်။ ဘာလို့လည်းဆိုတော့ ဘက်ဖိုးကားကြီးတွေ၊ ကလပ်တွေနဲ့ ထရပ်ကားကြီးတွေ ပြိုကျသွားတာတွေလည်း ပါတယ်လေ။ ဟို ကားမောင်းတဲ့သူရော၊ စက်ထိန်းတဲ့ သူရော။ နောက် လူတွေက အယောက်(၄၀)ကျော် .. အဲလိုတွေ ပါသွားတာဆိုတော့ တော်တော်လေးဆိုးတဲ့ အနေအထား ရှိပါတယ်။ ကျနော်တို့ ကြားတာက အယောက်(၄၀)ကျော်လို့ ပြောတယ်။ အခုလောလောဆယ် ပြန်ဖေါ်ဖို့ တူးဖို့တို့ကို ကုမ္ပဏီကြီးတွေက လာပြီး လုပ်နေကြပြီ။”

ဖားကန့်ကလာတဲ့သတင်းတွေအရ အနည်းဆုံးလူလေးဆယ်ကျော်လောက်သေဆုံးနိုင်တယ်လို့ဆိုပေမဲ့ ဖားကန့်ဒေသ အာဏာပိုင်တွေဘက်ကတော့ လူလေးဦးပဲ လူပျောက်တိုင်ကြားထားတာရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဒေသခံ သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကလည်း သောကြာနေ့ညက ပြိုကျခဲ့တဲ့ မြေစာပုံနဲ့ပတ်သက်ပြီး ဖားကန့်ဒေသခံအာဏာပိုင်တွေဆီက သူသိထားသမျှ အခုလိုပြောပြပါတယ်။

“ အဲဒီနေရာဆိုလို့ရှိရင် ပြိုတဲ့အကြိမ်ပေါင်း မနည်းတော့ဘူး။ သေတဲ့လူတွေလည်း မနည်းတော့ဘူး။ ဖားကန့်မှာ အဲ့ဒီမြေစာပုံက အဆိုးဆုံးပဲဗျ။ မနေ့က ကျနော်တို့ကြားတာ ၁၀ နာရီခွဲလောက်ပေါ့၊ ၁၂ လောက်မှာ ကျနော်တို့ဆီကို လှမ်းပြောကြတယ် မြေစာပုံပြိုတယ်ပေါ့ ..။ တချို့ကလဲ၄၀ လောက်ပါသွားနိုင်တယ်တို့ - ၆၀ လောက်ပါသွားနိုင်တယ်တို့ ။ ဒါကတော့ အရပ်စကားတွေပေါ့၊ ဒါကလည်း သူတို့ပြောမယ်ဆို ပြောလောက်တယ်။ ဘာလို့ဆို မြေစာပုံ တပုံတပုံမှာ ရေမဆေးတွေ အများကြီးရှာကြတာကိုး။ ၄-၅-၁၀ ယောက်ထဲ ရှာတာမဟုတ်ဘူးလေ။ ရေမဆေးတွေ ပျားပန်းခတ်ပြီး စုပြုံပြီး ရှာကြတာ။ ကျနော်တို့ သိသလောက်- ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကို လှမ်းမေးတော့ သူတို့ဆီကို လူပျောက်တိုင် ထားတာကတော့ တရားဝင်(၄)ယောက်ပဲ ရှိသေးတယ် ပေါ့နော်။ အဲဒီတော့ ဒီဟာက ဘယ်လောက်ပါသွားနိုင်တယ်၊ ဘယ်လောက် သေဆုံးနိုင်တယ်ဆိုတာက ကျနော်တို့ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့ကိစ္စမျိုး ဖြစ်နေတာဗျ။”

ဖားကန့်ဒေသထဲမှာ အခုလိုမြေစာပုံပြိုကျပြီး လူရာနဲ့ချီ မြေစာပုံ ပိသေဆုံးခဲ့ရပေမဲ့လို့ သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က အန္တရာယ်မရှိအောင် တားဆီးပေးနိုင်တဲ့ ထိရောက်တဲ့လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ပေးတာမရှိဘူးလို့လည်း ဦးလမောင်လထောင်ကပြောပါတယ်။

“ကုမ္ပဏီတွေ စွန့်ပစ်ထားတဲ့ မြေစာပုံပေါ့လေ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘာမှသွားပြီး စစ်ဆေးတာ ကြည့်ရှုတာမျိုး မရှိဘူးလေ။ လုံးဝကို မကြည့်တာ။ ပြီးတော့ အဲဒီကုမ္ပဏီကလည်း သူတို့စွန့်ပစ်လိုက်တဲ့ မြေစာကိုလည်း သူတို့ ပေါက်တတ်ကရ ပစ်ထားတယ်ပေါ့လေ.. အဲလို။ ပြီးတော့ အဲလိုပစ်ထားတဲ့မြေစာတွေက နေပူလိုက် မိုးရွာလိုက်ဖြစ်တဲ့အခါကျတော့ .. အဲဒီကြားထဲမှာသူက ဒီကျောက်စိမ်းလေးတွေ တူးဖေါ်တဲ့အခါ တူးရလွယ်ရအောင် ဆိုပြီးတော့ သူက မိုင်းတွေဘာတွေ ခွဲတာရှိတယ်လေ။ သူကအဲလို ခွဲတဲ့အခါကျတော့ အဲဒီစွန့်ပစ်ထားတဲ့ မြေတွေက အက်ပြီးတော့ .. အက်ရာတွေဖြစ်၊ ဖြစ်ပြီး အဲဒီမှာ မိုးကပြန်ရွာလိုက်နဲ့ ပြိုကျဖို့ ဖြစ်လာတာမျိုးပါ။ ဆိုလိုတာက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက သွားပြီးစစ်ဆေးတာတို့ ဘာမှမရှိဘူးလေ။ အဲဒါကြောင့် ခနခန ပြိုနေတာတွေ ဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။”

ဖားကန့်ကျောက်စိမ်းတွင်းက မြေစာပုံတွေ မကြာခဏပြိုကျပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတဲ့အတွက် မြေစာပုံတွေနဲ့ ပတ်သက်ပြီး စနစ်တကျစွန့်ပစ်ဖို့နဲ့ လုပ်ငန်းခွင်အန္တရာယ်မရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရတာဝန်ရှိသူတွေဘက်က အရေးတကြီး ဆောင်ရွက်လုပ်ကိုင်သင့်ပြီလို့လည်း ကိုဇော်မိုးထက်ကအကြံပြုပါတယ်။

“ မြေစာပုံကြီးတွေကလည်း အမြင့်ကြီးတွေဗျာ၊ ပေ ၃-၄-၅၀၀ ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ။ အဲလိုမျိုးကြီးတွေ ဆိုတော့၊ တခါ ဒီရေမဆေးဆိုတဲ့ လူတန်းစားကလည်း မြေစာပုံမှာ သွားရှာတော့လည်း .. ဒီမြေစာပုံက အဲလိုအန္တရာယ်များတဲ့ အခါကျတော့ အစုလိုက် အပြုံလိုက်တွေ သေတာပေါ့နော်။ အဓိကတော့ သက်ဆိုင်ရာ ဌာနတွေက ဒါတွေကို ကြပ်ကြပ်မတ်မတ်နဲ့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း မပုံဘူးဆိုလို့ရှိရင် အရေးယူဆောင်ရွက်မှု အားနည်းနေတာပါပဲ အဓိကကတော့။ မြေစာပြိုသွားပြီ ဆိုလို့ရှိရင် ဟိုကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာတွေ ဘက်ကရော အားတက်သရော ပြန်ရှာပေးတာမျိုး မရှိဘူး။ သဘောလောက်ပဲ .. ဘက်ဖိုး ၄-၅ စီးလောက်နဲ့ ဟိုကော်ဒီကော် လုပ်ပြီး အဲလိုမျိုးလောက်ပဲ ရှာကြတဲ့အတွက် မြေစာပြိုတဲ့ အခါတိုင်းမှာလည်း ဘယ်တော့မှ ကုန်စင်အောင် ရှာမပေးဘူးပေါ့နော် .. ကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာ ဘက်ကရော၊ အဲဒါတခုကတော့ တော်တော်အားနည်းတယ်။ လုံးခင်းလို ကျောက်စိမ်းတူးဖေါ်ရေး ဌာနမျိုးကလည်း သူတို့သတ်မှတ်ပေးထားတဲ့ မြေစာပုံတွေကို လိုက်လေ့လာပြီးတော့မှ စည်းကမ်းချက်နဲ့ မညီတဲ့ဟာတွေကို အရေးယူတာမျိုး မြေစာပုံတွေ ဖြေလျှော့တာမျိုးပေါ့ အဲလိုတွေ လုပ်ပေးတာ တော်တော်အားနည်းပါတယ် .. အတော့်ကို အားနည်းတယ်။ နောင်လဲ ဒါတွေက ကြုံဦးမှာပဲ။”

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းမှာ ကျောက်စိမ်းရှာဖွေနေတဲ့လုပ်ငန်းခွင်က စွန့်ပစ်မြေစာပုံတွေမှာ ထောင်သောင်းချီတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေဟာ အသက်နဲ့ရင်းပြီး ရှာဖွေကြလေ့ရှိပြီး မကြာခဏ မြေစာပုံတွေ ပြိုကျတဲ့အတွက် လူရာနဲ့ချီသေဆုံးလေ့ရှိပေမဲ့လို့ အခုအချိန်ထိ ပြည်ထောင်စုအစိုးရ ကချင်ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်တ ဲ့တာဝန်ရှိသူတွေဘက်က ကျောက်စိမ်းတွင်း လုပ်ငန်းခွင်လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတာမရှိသေးဘူးလို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြေစာပုံ ပြိုပြန်ပြီ
please wait

No media source currently available

0:00 0:05:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG