သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လူထုကြား အသိပညာမြှင့်တင်ဖို့ လိုအပ်


တရုတ်-မြန်မာနယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးနေသည့် တာဝန်ရှိသူတဦး။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)
တရုတ်-မြန်မာနယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးနေသည့် တာဝန်ရှိသူတဦး။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကူးစက်ခံရသူပေါင်း တသောင်းနှစ်ထောင်ဝန်းကျင်နဲ့ သေဆုံးသူ ၂၀၀ ကျော်သွားပြီဖြစ်သလို WHO ကနေ အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်လို့ ဒီဗိုင်းရပ်စ်ပိုး တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံထဲ ဝင်မလာအောင် စနစ်တကျ ကာကွယ်နေကြပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ခံက ပြောပါတယ်။ ဒါပေမယ့်လည်း အစိုးရဘက်က လုံလောက်တဲ့ သတင်းအချက်အလက်နဲ့ ပညာပေးမှုတွေ မရှိတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ရောဂါကူးစက်လာမှာကို စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။ ပြည်သူလူထုအနေနဲ့ သတင်းမှားတွေနဲ့ ကောလာဟလတွေကို အထူးသတိထား ဆင်ခြင်ကြဖို့ကိုလည်း ကျန်းမာရေး တာဝန်ရှိသူတွေက ကျန်းမာရေး ပညာပေးနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီကနေ့အထိဆိုရင် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံထဲက ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူပေါင်းက ၂၅၉ ဦးအထိ ရှိသွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ ကူးစက်မှုအများဆုံးနဲ့ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တသောင်းနှစ်ထောင်ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအထိ ကြေညာလိုက်ရပြီ ဖြစ်ပါတယ်။

ဒီလို WHO ကတောင် အရေးပေါ် ကျန်းမာရေးအခြေအနေ ကြေညာထားရတဲ့ အခြေအနေမှာ တရုတ်ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တိကျတဲ့ သတင်းအချက်လက်တွေ ပညာပေးမှုတွေ လုံလောက်မှု မရှိတာကြောင့် အများပြည်သူတွေဘက်က စိုးရိမ်မှုတွေ ရှိနေပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် ကျန်းမာရေးအသိ နည်းနေကြသေးတယ်လို့ ရန်ကုန်မြို့ခံ မဆွေက ပြောပါတယ်။

“ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျမကတော့ အရမ်းစိုးရိမ်မိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ကြိုတင်ကာကွယ်မှုဆိုတာလည်း မရှိဘူး။ ဖြစ်လာရင်လည်း ကုပေးစရာ နိုင်ငံတော်မှာကအစ ဆေးဝါးဆိုတာလည်း မပြည့်စုံဘူး။ WHO ကတောင် ပြောထားပြီးပြီ ဆိုတဲ့အခါကြတော့ အရမ်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေပေါ့နော်။ ဒါပေမယ့် ဒီမြန်မာပြည်မှာကလည်း ကျမမြင်တွေ့ရသလောက် ကျမတို့ ရပ်ကွက်တွေထဲမှာ ဒီဟာနဲ့ပတ်သက်ပြီး ဗဟုသုတက နည်းတဲ့ပုံစံမျိုး။ သိပ်လည်း ကြောက်ရကောင်းမှန်း မသိဘူး။ ဖြစ်လာလည်း ဘာဖြစ်လဲ သေရုံကလွဲပြီး ဘာမှမဖြစ်နိုင်ပါဘူး၊ အဲလိုဆိုပြီးတော့ စားစား သွားသွား လာလာပဲ ဒီလိုပဲ နေနေကြတာပဲ။ Mask တပ်ထားတဲ့သူ တယောက်နှစ်ယောက်ပဲ တွေ့တယ်။ အစိုးရကလည်း ဒါဟာ အရမ်းအန္တရာယ်ရှိပါတယ် ဆိုတဲ့ဟာကို သတင်းတခု အနေနဲ့ ထုတ်ပြန်ဖို့၊ Message လေးတွေ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါဆိုရင် သူတို့အနေနဲ့ နည်းနည်း သတိထားမိသွားမှာပေါ့။”

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

တရုတ်ခရီးသွားတွေကနေတဆင့် ရောဂါပိုး ကူးစက်လာမှာကို အများက စိုးရိမ်တကြီး ဖြစ်နေကြချိန်မှာပဲ မနေ့က တရုတ်နိုင်ငံ ကွမ်ကျိုးကနေ ရန်ကုန်မြို့ကို ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ် ပါလာတဲ့ အသက် ၆၀ ဝန်းကျင်ရှိ သံသယလူနာတယောက် တွေ့ရှိတာ‌ကြောင့် လေယာဉ်ပေါ်ပါ တရုတ်ခရီးသည်တွေ အကုန်ပြန်လွှတ်လိုက်ပြီး မြန်မာနိုင်ငံသား ၂ ဦးနဲ့ သံသယရှိ လူနာကိုတော့ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံကို ပို့ဆောင် စစ်ဆေးနေပါတယ်။

ဒီကနေ့မှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်စပြုလာပြီး သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ ထိုင်းနိုင်ငံက အထူးဓာတ်ခွဲခန်းကို စစ်ဆေးပေးပို့ပြီး အနီးကပ် စောင့်ကြည့်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန Website မှာ လူနာရဲ့ အခြေအနေကို ကျမတို့ တင်ထားပါတယ်။ အဖျားလည်း ကျတယ်၊ လိုအပ်တဲ့ ကုသမှုတွေ ပေးနေတယ်၊ စိုးရိမ်စရာမရှိဘူး ဆိုတဲ့အကြောင်း တင်ထားပြီးဖြစ်ပါတယ်။ ကျမတို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာချက်တွေ ပြည်သူလူထု လိုက်နာရန် အချက်အလက်တွေ အကုန်လုံးကို QR Code နဲ့ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့အချက်တွေ အကုန်လုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။”

ဒါ့အပြင် ဝူဟန်ရောက် ကျောင်းသူကျောင်းသားတွေအရေး နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားမှုအောက်ကနေ တိုက်ရိုက်စီစဉ် ဆောင်ရွက်နေပါတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ကျောင်းသားတွေ နေရပ်ပြန်ခေါ်နိုင်ရေး နောက်ဆုံးအခြေအနေ အခုလိုပြောပြပါတယ်။

“ဝူဟန်နဲ့ပတ်သက်လို့ ဝူဟန်နမိုးနီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဆိုပြီးတော့ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် ၁၂ ချက်လည်း ရှိပါတယ်။ အဲဒီမှာလည်း ဝူဟန်မှာရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေကို ခေါ်ယူဖို့ကိစ္စ၊ တရုတ်နိုင်ငံ အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီနေ့ ဒီတရက်လောက် ပြန်ခေါ်နိုင်မယ်လို့ မှန်းထားပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတင်းတွေကို စဉ်ဆက်မပြတ် ပြည်သူကို ပြောပြပေးနေသလို သံသယလူနာတွေ အဖြစ်အပျက်တွေကို ပြည်သူက တပြေးညီ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်နေပါတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကလည်း ဗွီအိုအေကို ပြောပါတယ်။

“စားသောက်ဆိုင်တွေမှာလည်း အဲဒီ ဖျားတာတွေ့ရင် ကျနော်တို့က မကူးစက်အောင် လုပ်ထားတယ်။ နောက် ဘတ်စ်ကားတွေ စီးတဲ့လူတွေထဲမှာ နိုင်ငံခြားသားပါလာရင် ဖျားတယ်ဆို Mask တပ်မယ်၊ ပြီးရင် သတင်းပို့ရမယ်ပေါ့။ အဲဒါကို အဓိကထားလုပ်တယ်။ နောက် ပညာပေးတာကတော့ အမြဲတမ်း လက်ဆေးဖို့ရယ်၊ ပွဲလမ်းသဘင် ရှောင်ဖို့ရယ်၊ အိပ်ရေးဝဝအိပ်ဖို့ရယ်၊ တိရစ္ဆာန်အသားတွေ ချက်စားမယ်ဆို ကျက်အောင်ချက်ဖို့ရယ်၊ တိရစ္ဆာန်တွေ ထိတွေ့မှုရယ် ဒါတွေကို ပညာပေးနေပါတယ်။”

ပြည်သူလူထုအကြား ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာပေး ဆေးနည်းအမှားအယွင်း သတင်းမှားတွေ ပျံ့နှံ့နေတာနဲ့ ပြည်သူဘက်က စိုးရိမ်တကြီးဖြစ်နေတဲ့ အနေအထားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်သင့်သလို ပြည်သူတွေဘက်ကလည်း ဒါကို မပေါ့ဆဘဲ သတိထား ရှောင်ကြဉ်သုံးသပ်သင့်တယ်လို့လည်း လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း အခုလို အကြံပေးပါတယ်။

“တိကျ ခိုင်မာတဲ့ သတင်းဌာနက ထုတ်ပြန်ချက်တွေကိုပဲ ကြည့်ရှုပြီး သုံးသပ်သင့်တယ်။ နောက်တချက်ကတော့ ဒီရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ်က ခြေခြေမြစ်မြစ် လေ့လာကြည့်ရှုမယ်ဆိုရင် သူများလုပ်နေတာထက်စာရင် ကိုယ်ဘာလုပ်သင့်လဲ၊ ကိုယ် ဘာတွေ စုံစမ်းထားသင့်လဲဆိုတာ ဦးစားပေးသင့်တယ်လို့လည်း ပြည်သူလူထုတွေကို ပြောချင်တယ်။ ပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာနကရော WHO က ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ အဓိက လိုက်နာမယ်ဆိုရင် ပြည်သူလူထုတာဝန် ကျေပြီလို့ အကြမ်းဖျင်း ပြောနိုင်တယ်။ ကိုယ့်ဆီကို ရောက်ရှိမလာအောင် ဘယ်လိုကြည့်ရှု စစ်ဆေးနေမလဲ ဆိုတာက အဓိကပိုကျတယ်လို့ ကျနော်ထင်တယ်။ အလကားနေ ကြောက်ရွံ့ထိတ်လန့်တာမျိုး မဖြစ်စေချင်သလို ကြားတဲ့သတင်းတွေကလည်း အကုန်လုံးက အမှန်မဟုတ်ဘူးဆိုတာ သိထားပြီးမှ မှန်တဲ့ဟာကို ဆက်လေ့လာ ကြည့်ရှုသင့်တယ်လို့ အကြံပေးချင်ပါတယ်။”

တရုတ်နိုင်ငံက ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု စိုးရိမ်ချက်ကြောင့် လူစုလူဝေး အများအပြားနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ မကျင်းပဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ဆုံးဖြတ်ပြီး မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ရွှေ့ဆိုင်းလိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံထဲမှာ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ တရားဝင်စာရင်းအရ မရှိသေးသလို ကူးစက်မှု သံသယရှိတဲ့လူနာ သုံးဦးသာ ရှိသေးတယ်လို့လည်း သမ္မတရုံးပြောခွင့်ရက မနေ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသတွေနဲ့ နယ်စပ်ဂိတ်တွေမှာ အထူးစစ်ဆေး ကြပ်မတ်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

----------------------------------

(Unicode)


















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG