သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်စွန့်ခွာထွက်ပြေးရသူ အမျိုးသမီးတွေ လုံခြုံရေး စိုးရိမ်နေရ


(Zawgyi/Unicode)

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေထဲမှာ အများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ လုံခြုံမှုအပြင်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမယ့် အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတဲ့ အခြေအနေကို ကိုသက်နိုင် ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကြား အများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ လုံခြုံရေးအားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

ဒုက္ခသည် ၄ ထောင်လောက် နေထိုင်ကြတဲ့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ရှောင်စခန်းက မကြည်ကြည်လှကတော့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေရဲ့ဘဝမှာ နေ့တဓူ၀ အခက်အခဲနဲ့ ရင်ဆိုင်ကြရတယ်လို့ ပြောပါတယ်။

“အစစအရာရာ စိုးရိမ်ရတာပေါ့။ ရေချိုးနေတာကို တစ်ယောက်ယောက်များ ချောင်းကြည့်နေ မလား။ ဓာတ်ပုံတွေ ခိုးရိုက်မလား။ အိမ်သာတက်နေတဲ့ အချိန်တွေဆိုရင် တံခါးများ လာဖွင့်မလား။ ညနက်သန်းခေါင် တစ်ခါတစ်လေ အိမ်သာသွားရတယ်လေ။ တစ်ယောက်တည်းဖြစ်စေ တစ်ခြားသူနဲ့ ဖြစ်စေပေါ့ သွားနေတဲ့ အခါ နောက်ကများ တစ်ယောက်ယောက် လိုက်လာမလား။ အဲလိုပဲ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ များသောအားဖြင့်တော့ ကျမတို့ အရွယ်ဆိုရင် ပိုပြီးတော့ အခက်အခဲရှိတယ်။ ရေချိုးတဲ့ နေရာတွေဆိုရင်လည်း မလုံခြုံဘူး။ လူသွားလမ်းကနေကြည့်လိုက်ရင် အဆုံးထိ မြင်ရတယ်။ အဲဒီနေရာမှာ ချိုးရတာ တစ်ယောက်ယောက်က ချောင်းကြည့်နေရင် အားလုံးမြင်ရတယ်လေ။ အိမ်သာကလည်း အဲလိုပဲ ကျားမ မခွဲထားဘူး။ တံခါးဖွင့်မယ်ဆိုရင်လည်း ဖွင့်လို့ရတယ်။ ချောင်းကြည့်မယ်ဆိုရင်လည်း ချောင်းကြည့်လို့ရတယ်။ လုံခြုံမှူ မရှိဘူးပေါ့ရှင် ဒါပေမယ့် အဆင်ပြေသလို နေရတယ်လေ။”

ကိုဗစ်ကပ်ရောဂါကာလမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှောင်ရမယ့်အချိန်မှာ ယာယီဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွင်း လူအများအပြားကြား နေထိုင်ရတာဟာလည်း စိန်ခေါ်မှုတခုပါ။ ယာယီ စစ်ရှောင်စခန်းတွေ ဖြစ်တာကြောင့် ရေချိုးခန်း၊ အိမ်သာတွေဟာလည်း အမျိုးသမီးတွေအတွက် သီးသန့် မရှိသလို၊ တကိုယ်ရေ သန့်ရှင်းမှုအတွက်လည်း အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်စခန်းက မစုလှိုင်စိုးက ပြောပါတယ်။

“ အိမ်သာတက်တာတို့ ရေချိုးတာတို့ လမ်းသွားလမ်းလာလည်း အဆင်မပြေပါဘူး။ အိမ်သာတက်နေတဲ့အချိန် တစ်ယောက်ယောက်ကလာပြီး တံခါးကို ဆွဲဖွင့်ပြီးတော့ စော်ကားမှာကိုလည်း ကြောက်ရတယ်။ ရေချိုးနေတဲ့အချိန် တစ်ယောက်ယောက်က ဖုန်းနဲ့ ဗွီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်မလား ကြောက်နေရတယ်။ နောက်ပြီးတော့ ကျမတို့ရွာ လည်းမဟုတ်ဘူး သူစိမ်းတွေနဲ့ အတူတူနေရတာဆိုတော့ ကိုယ့်ကို တစ်ခုခုလုပ် မလားစိုးရိမ် နေရတယ်။ လစဉ်သုံး ပစ္စည်းတွေကိုတော့ အဖွဲ့အစည်းတွေက လာပေးတယ်။ ဒါပေမယ့် သူတို့က လကုန်မှ လာပေးရင်လည်း ပေးပါတယ်။ ကျမတို့မှာက မလုံလောက်ပါဘူး။ သူတို့လာပေးတဲ့ အချိန်ထက် ကျမတို့က စောလာရင်လည်းလာပါတယ်။ သူတို့ပေးတာနဲ့ လည်း မလုံလောက်ဘူး။ မလုံလောက်ရင်လည်း ဖြစ်သလိုပဲ လုပ်နေရပါတယ်။”

ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ အမျိုးသားက သုံးသောင်းငါးထောင်ကျော်နဲ့ အမျိုးသမီးကတော့ လေးသောင်းသုံးထောင်ကျော် ရှိတယ်လို့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အဖွဲ့က ခန့်မှန်းထားပါတယ်။

ဒီလိုအများစုဖြစ်တဲ့ အမျိုးသမီးတွေ အနေနဲ့ လုံခြုံမှုအတွက် အကာအကွယ် မရနိုင်တာကြောင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရနိုင်တဲ့ အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့လည်း အမျိုးသမီးရေး လှုပ်ရှားသူ၊ ရခိုင်ပြည်နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးအဖွဲ့ ပြောခွင့်ရ မခင်မြင့်ဇော်က ပြောပါတယ်။

“ မလုံခြုံမှူတွေရဲ့ အကျိုးဆက်တွေကတော့ rape case တွေကို အများကြီး ဦးတည်လာနိုင် တယ်ပေါ့နော်။ စစ်ရှောင်စခန်းတွေမှာ ကျမတို့ လေ့လာမိသလောက်ဆိုလို့ရှိရင် ဒီလအတွင်းမှာကို Rape case နှစ်ခုသုံးခုရှိတယ်ပေါ့နော်။ မီဒီယာပေါ် ရောက်တာလည်းရှိတယ်။ မီဒီယာပေါ်ကို မရောက်တာလည်းရှိတယ်။ နောက်ပြီးတော့rapeလုပ်ခံရတဲ့ အမျိုးတွေ မိသားတွေကိုယ်တိုင်က ရှက်ပြီးတော့ မဖော်ထုတ်လိုက်တဲ့ Rape case တွေလည်း အများကြီးရှိတယ်။”

မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာကြောင့် နေရပ်ပြန်သူတချို့ရှိခဲ့ပေမဲ့ အများစုကတော့ မပြန်နိုင်သေးပါဘူး။

REC ရဲ့ ခန့်မှန်းချက်အရ ဒီဇင်ဘာလဆန်းအထိ စခန်းအတွင်းနေထိုင်သူနဲ့ စခန်းပြင်ပနေထိုင်သူ စစ်ရှောင်ဦးရေ ၁၉၀,၀၀၀ ကျော် လောက် ရှိနေပါတယ်။ ဒုက္ခသည်တွေ လတ်တလော နေရပ်ပြန်ဖို့ မလွယ်သေးတဲ့ အချိန်မှာ အမျိုးသမီးတွေ အကာအကွယ်ပေးနိုင်အောင် အစီအမံတွေ လိုအပ်နေတယ်လို့လည်း မခင်မြင့်ဇော်ကပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ အားနည်းနေတာဟာလည်း အဓိက စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“ ကျမတို့ ဘယ်နေ့ဘယ်အချိန်မှာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာမလဲ မသိသလို ဒီလိုမျိုး ကြပ်ကြပ်တည်းတည်း နေရတဲ့ အနေအထားမှာ ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှူတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကို ကျမတို့ အမြဲတမ်းတွေးရမှာပေါ့နော်။ အဲတာကြောင့်မို့လို camp မှာရှိတဲ့ တာဝန်ရှိသူတွေ ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေပဲ ဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင် တာဝန်ရှိသူတွေပဲ ဖြစ်ဖြစ် ဒီဟာတွေကို သေသေချာချာစနစ် တကျလုပ်ဖို့ လိုတယ်။ ဥပမာ အသိပညာပေးတာတွေပဲ ဖြစ်ဖြစ် တရားစီရင်ရေးအပိုင်းတွေ တရားရေးမှာပဲ ဖြစ်ဖြစ် သေချာ ဥပဒေ မှူတွေ ချမှတ်ဖို့လိုတယ်။ ပြီးတော့ လူတွေကိုလည်း ဒါတွေကို ပပျောက်ဖို့ နားလည်ဖို့ သေချာစနစ်တကျ မသိပညာတွေ လုပ်ပေးဖို့ လိုအပ်တာပေါ့နော်။”

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် တရားမျှတမှုရဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဥပဒေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကတောင်းဆိုထားပါတယ်။

အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ ့လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကိုလက်ခံထားတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်အောင် အမျိုးသမီးရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)
















XS
SM
MD
LG