သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်


နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ပဋိပက္ခတွေရဲ့နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီတိမ်းရှောင်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ရခိုင်ပြည်နယ်တွင်း အခုအချိန်အထိ ကြုံတွေ့ရင်ဆိုင်နေရဆဲ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းမှတ်တမ်းတွေကို ICJ နိုင်ငံတကာတရားခုံရုံးကို မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဟန့်တားဖို့ ဆောင်ရွက်ချက် အစီရင်ခံစာ ပေးပို့ဖို့ပြင်ဆင်နေချိန်မှာ ထုတ်ပြန်လိုက်တာပါ။

၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၀ ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ရခိုင်တပ်မတော် AAတို့ကြား စစ်ရေးပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေကြုံခဲ့ရတဲ့ အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးရတာတွေမိုင်းထိမှန်တာလက်နက်ကြီးကျည်ကျလို့ အသက်သေဆုံး ထိခိုက်ဒဏ်ရာရတာတွေအိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေနဲ့ရင်ဆိုင်နေရဆဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အကြောက်တရားတွေကို အရပ်ဖက်အဖွဲ့အစည်း လူမှု့အသိုင်းအဝိုင်းဆိုင်ရာ အမျိုးသမီး လူငယ်ကွန်ရက်စတဲ့ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းပေါင်းစုံပူးပေါင်းပြီး ICJ တရားရုံး လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို သိစေချင်တဲ့အတွက် ထုတ်ပြန်တာဖြစ်ကြောင်း ရိုဟင်ဂျာအဖွဲ့တွေကပြောပါတယ်။

အထူးသဖြင့်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အပေါ် စစ်ဆေးနေတဲ့ နိုင်ငံတကာခုံရုံးICJ က ဥပဒေရေးရာ အဖွဲ့တွေကိုသိစေချင်ပါတယ်လို့လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းမှတ်တမ်းတွေကို ပူးတွဲထုတ်ပြန်တဲ့အဖွဲ့အစည်းမှာပါဝင်သူ Rohingya Youth Association ရိုဟင်ဂျာလူငယ်အသင်းRYA ရဲ့ လူငယ်တာဝန်ခံ ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကို Ali JinnH Hussin က ဗွီအိုအေကိုပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ အခုထက်ထိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အခုလိုစုပေါင်းထုတ်ပြန်ရတာကတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ခရိုင် ကော့ဇ်ဘဇားမှာရှိနေတဲ့ရိုဟင်ဂျာကမ့်အားလုံးမှာရှိတဲ့ CSO Civil Society တွေ စုပေါင်းပြီး Documents and Evidence သက်သေအထောက်အထားတွေ သတင်းမှတ်တမ်းတွေကို ထုတ်လိုက်တာဖြစ်ပါတယ်။ အခုဆိုရင် မကြာခင်မှာ နိုင်ငံတကာခုံရုံး ICC မှာ မြန်မာအစိုးရက အစီရင်ခံစာတခုလည်း တင်ဖို့ရှိတယ်။ ရိုဟင်ဂျာတွေကို ကယ်ဆယ်တယ် အကျိုးရှိတယ်ဆိုတဲ့ တခု နှစ်ခုလောက်ကို ပို့မယ့်အစီရင်ခံစာဟာ ကျနော်တို့အတွက် အသုံးဝင်မယ်လို့ မယူဆပါဘူး။ တင်သွင်းမယ့် အစီရင်ခံစာကလည်း အကောင်းတွေပဲ ကမ္ဘာကိုပြဖို့သက်သက်နဲ့ ကျနော်တို့ရိုဟင်ဂျာတွေအပေါ် လုပ်ထားတာတွေကို ဖုန်းကွယ်ထားဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့က မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ရယူစုဆောင်းပြီးတော့ ဇန်နဝါရီလကနေ မေလ ၂၀၂၀ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေ နှိပ်စက်မှုတွေထပ်ခါထပ်ခါ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကို နေရာတွေ နာမည်တွေနဲ့ကို သက်သေတွေနဲ့စုဆောင်းပြီးICC ၊ UN တို့အထိ ပေးပို့မှာပါ။"

အခုထက်ထိ ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပေမဲ့ ဒီဒုက္ခသည်စခန်းတွေထဲမှာလည်း ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရတာမို့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ လုံခြုံတဲ့အာမခံချက်ရရင် မိမိတို့ရဲ့နေရပ်ရင်းကိုပဲပြန်လိုကြကြောင်း နိုင်ငံတကာနဲ့ တရားစီရင်နေတဲ့ခုံရုံးကို ဒုက္ခသည်တွေဘက်က တောင်းဆိုပါတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်လည်းဖြစ် Arakan Rohingya National Union ရဲ့ အတွင်းရေးမှူး ဦး အီလီယာစ်က ပြောပါတယ်။

"ကျနော်တို့ရိုဟင်ဂျာတွေဟာ အသက်ရှင်လို့မရလို့ အသက်လုပြီးထွက်ပြေးခဲ့ရလို့ အခု ဒီဘင်္ဂလားဒေ့ရှ်ကိုရောက်နေကြရတာ ကျနော်တို့တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြတယ်။အခုက မြန်မာစစ်တပ်ဘက်က ကျနော်တို့မိသားစုတွေရော ရွာတွေကိုရောဖျက်ဆီးတော့ အသက်ပါဆုံးရှုံးနေရလို့ ကျနော်တို့က မျက်မြင်သက်သေတွေပါ ကျနော်တို့ဘက်က အဲ့တာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကိုရောICC /ICJ ကိုရော တောင်း ဆိုထားတာတွေရှိပါတယ်။ အဓိက တောင်းဆိုတာကတော့ နိုင်ငံသားအခွင့်အရေး ရစေချင်ပါတယ်။ နောက်ပြီးတော့ ဘေးကင်းလုံခြုံစွာ မူရင်းနေရပ်ကိုပဲပြန်ချင်တယ် ကိုယ့်နယ်မြေကိုပဲ ကိုယ့်အိမ်ကိုပဲ ကိုယ်သွားချင်ပါတယ်။ ကျနော်တို့အသက်ကို ဘယ်လိုကာကွယ်ပေးမလဲ ကျနော်တို့ရဲ့ဥစ္စာပစ္စည်းကို ဘယ်လိုကာကွယ်ပေးမလဲ အဲ့တာကိုပဲ အဓိက တောင်းဆိုလိုတယ် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာကိုလည်း တောင်းဆိုထားတာရှိတယ် နိုင်ငံသားအခွင့်အရေးရယ်နောက် လူ့အခွင့်အရေးမှန်သမျှ ကျနော်တို့ အကုန်ဆုံးရှုံးခံနေရတယ်။ ကျနော်တို့အတွက် အာမခံလိုချင်ပါတယ် နောက်တခါ ထပ်ပြီးတော့ ဂျီနိုဆိုက်မလုပ်ဘူး။ အမှားဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံဖို့ပါပဲ အခုလည်း ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆိုးဆိုးဝါးဝါးဆက်ဖြစ်နေတုန်းဆိုရင် ကျနော်တို့လူတွေက ဘယ်လိုပြန်ရဲမှာလဲ။ ကျနော်တို့က စိုးရိမ်မှုတွေနဲ့ ကြပ်တည်းနေတဲ့နေရာမှာနေနေရတာပါ။ ကျနော်တို့ ၃နှစ်ရှိပြီ ဒီဒုက္ခသည်စခန်းထဲနေရတာ ဒီမှာနေချင်ကြတာမှမဟုတ်တာ။ ကျနော်တို့နေရပ်ကိုပဲ အမြန်ဆုံးပြန်ချင်ပါတယ်။ ဒီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ ဘယ်လိုမှ မနေချင်ပါဘူး တော်တော်လေးကို အခက်ခဲတွေနဲ့နေနေကြရတာဖြစ်ပါတယ်။"

ICJ ကို မြန်မာအစိုးရက လေးလပြည့် အစီရင်ခံစာ တင်သွင်းမယ့် မေလ ၂၃ ရက်နေ့ မတိုင်ခင် ရက်ပိုင်းအလိုအထိ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုကနေမြန်မာအစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကလည်း မေလ ၂၂ရက်နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာထားတဲ့ ရိုဟင်ဂျာ၁သိန်း ၂သောင်းခြောက်ထောင်အပါအဝင် နိုင်ငံတွင်းက ရိုဟင်ဂျာခြောက်သိန်းရဲ့ အခွင့်အရေး လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကျန်းမာရေးစောင့်ရှောက်မှုတွေ ငြင်းပယ်ခံရတာတွေရှိသလို ရခိုင်တပ်နဲ့မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခတွေရဲ့ဒဏ်ကိုလည်း ခံနေကြရတဲ့အတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ချက် လေးချက် ICJ က ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွေကို ICJ ကို ပြန်အစီရင်ခံရမယ်ဆိုတာ ပါဝင်တာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ မေလ ၂၃ ရက်နေ့ကျရင် အစီရင်ခံစာကို အချိန်မီတင်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့သာ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုထားပါတယ်။


...............


(Unicode)











ဆက်စပ်သတင်းများ ...

XS
SM
MD
LG