သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားပြင်းမုန်တိုင်းကြောင့် ရိုဟင်ဂျာစခန်းတွေမှာ သတိပေးချက် ထုတ်ပြန်


(Zawgyi/Unicode)

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ သတိပေးနေတဲ့အကြောင်းမဆုမွန် တင်ပြချင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင်း စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနေတဲ့ Amphan မုန်တိုင်းဟာ ဒီသီတင်းပတ်ထဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက် လာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ ဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း မုန်တိုင်းအန္တရာယ်အတွက် တာဝန်ရှိသူတွေက သတိပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မုန်တိုင်းအရေးပေါ် အခြေအနေနဲ့ ကြုံရရင် လိုက်နာရမယ့် အစီအမံတွေကိုလည်း တာဝန်ရှိသူတွေက အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေကြောင်း ကုတုပလောင်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာဒုက္ခသည် တဦးဖြစ်တဲ့ ဦးအောင်မြိုင်က ဗွီအိုအေကိုပြောပါတယ်။

“ ဒီမှာ စပီကာနဲ့ အော်နေတာက မနေ့ကတည်း ကစအော်နေတာပါ။ဒုက္ခသည်စခန်းတာဝန်ခံရုံး ကနေ စေတနာ့ဝန်ထမ်းတွေကနေပြီးတော့ အကွက်တွေကို လှည့်လည်ပြီးတော့ မုန်တိုင်းရှိတဲ့အကြောင်းကို နိုးဆော်နေတာတွေရှိပါတယ်။ ဒီမှာဗလီတွေ စာသင်ကျောင်းတွေ ကမ့်စခန်းတာဝန်ခံရုံးတွေမှာ အဲ့ဒီ့တွေမှာ သိပ်အခက်အခဲကြုံရင် လာခိုလှုံကြဖို့ စေတနာ့ဝန်ထမ်းတွေက အသံချဲ့စက်နဲ့နိုးဆော်တဲ့အချိန် အဲ့တာတွေကိုလည်း ထည့်ပြီး ပြောနေတာ ကြားရပါတယ်ခင်ဗျ။ နောက် ကျနော်တို့ကို သတိပေးနိုးဆော် စာရွက်လေးတွေရှိတယ် မုန်တိုင်း ဖြစ်လာရင် ဘယ်လိုလုပ်ရမယ် ဘယ်ကိုပြောင်းရမယ်ဆိုတာ ပေးထားတယ်။ အရင်ဆုံး ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ မကျမ်းမမာတို့ပေါ့ နောက် အားကိုးရာမဲ့တဲ့သူတွေပေါ့ အဲ့ဒီ့ကိုသွားမယ်ပေါ့ ဒါပေမဲ့ လုံလောက်မှုရှိမှာမဟုတ်ပါဘူး။ တကယ်တမ်းက ဗလီရော စာသင်ကျောင်းကလည်း သေးသေးလေးဟာ။ ကြိုတင်ပြင်ဆင်ထားတာဆိုရင် လောလောဆယ် အခုကတော့ ကျနော်တို့မှာ သံတိုင်အထူ ၆လုံး ကြိုး ၂စီးရယ် သံကြိုး၁စီးရယ်ပဲ အဲ့လောက်ပဲ ရထားတာ ရှိပါသေးတယ်။ တဲတွေက အကုန်ဟောင်းနွမ်းပြီး ပျက်စီးနေတာ အများကြီးပေါ့။ မုန်တိုင်းသာဖြစ်လာရင် အကုန်လေတိုက်ပြီး ပါသွားနိုင်တယ်။ပြီးတော့ မြေပြိုမှုတွေ ရေကြီးမှုတွေ ဒါတွေဖြစ်လာရင် ပိုပြီးဆိုးသွားနိုင်ပါတယ်။”

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံရာစခန်းတွေမှာ ကြံ့ခိုင်မှုမရှိတဲ့ အိမ်တွေမှာ နေထိုင် နေကြရတဲ့အတွက် ဒုက္ခသည်တွေကတော့ စိုးရိမ်နေကြတာပါ။ ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံကတော့ မုန်တိုင်းဒဏ် ပြင်းထန်မယ်ဆိုရင် ခံနိုင်ရည် မရှိတဲ့အတွက် စိုးရိမ်ရတဲ့အကြောင်းပြောပါတယ်။

“ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကရော IOM (ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့) ကရော သတင်းတွေ ထုတ်ပြန်တယ် မတ်ဆေ့တွေပို့တာရှိတယ်။ နောက် အခုဆိုရင် အသံချဲ့စက်တွေနဲ့ ဒုက္ခသည် စခန်းတိုင်းကို နိုးဆော်ပေးနေတာတွေ့ရပါတယ်။ နောက်ပြီး အိမ်တွေကို ကြိုးတွေနဲ့ သေချာချည်နှောင်ဖို့ ဆိုပြီးတော့ ညွှန်ကြားထားတယ်။ မုန်တိုင်းတိုက်ချိန် အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ အခုနေအိမ်တွေကို အခိုင်အမာဆောက်ထားကြဖို့ သူတို့ဘက်က ပြောထားတာရှိတယ် ဒါပေမယ့် ပလက်စတစ် အမိုးအကာတို့ ဝါးတို့ ပေးပို့တာ မတွေ့ရဘူးခင်ဗျ အဲ့တော့ ဘာနဲ့ကာကွယ်ကြမလဲ ဆိုတာ အင်မတန်စဉ်းစားစရာကောင်းပါတယ်။အဲ့တော့ ဒုက္ခသည်တွေရဲ့ တဲအိမ်သေးသေးလေးတွေက အင်မတန်စိုးရိမ်စရာအခြေအနေမှာရှိပါတယ်။ တကယ်တမ်း မုန်တိုင်း တိုက်ခတ်လာရင် အများကြီးအန္တရာယ် ကျရောက်လာနိုင်ကြောင်းပါခင်ဗျာ။ အခုကတော့ မုန်တိုင်းကျရောက်လာရင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာဒုက္ခသည်ဆိုင်ရာ ရုံးတွေ ရှိတယ် စာသင်ကျောင်းတွေရှိတယ်။ အဲ့ဒီ့တွေမှာ နည်းနည်းပါးပါးတော့ ခိုလှုံနေကြလိမ့်မယ်လို့ ယူဆလို့ရပါတယ်။”

အင်အားပြင်းမုန်တိုင်းအန္တရယ်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားသလို ဘေးလွတ်ရာ ပြောင်းရွှေ့တာတွေလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာတော့ မုန်တိုင်းအန္တရာယ်အတွက် အချက်ပြစနစ်တွေနဲ့ ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြတယ်လို့လည်း ဒုက္ခသည် ဦးအောင်မြိုင်ကပြောပါတယ်။

“ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ စခန်းတာဝန်ခံရုံးကနေ အခုနိုးဆော်တာမုန်တိုင်းက အဆင့်၄ကိုရောက်သွားပြီ အဆင့် ၄အဆင့်မုန်တိုင်းဖြစ်တည်နေပါပြီပေါ့။ နောက် အလံတွေ ထောင်ထားတယ်။ စခန်းတာဝန်ခံရုံးမှာ အလံထောင်ထားတာရှိတယ်။ အလံအနီရဲ့ အလယ်ဗဟိုမှာ အမည်းပါ အဲ့တာ မုန်တိုင်းအချက်ပြအလံပါ။ အလံ တခုတင်ရင် ဘယ်လိုဖြစ်လာမလဲ ၂ခုတင်ရင် ဘယ်လို ၃ခုတင်ရင် ဘယ်လိုဆိုပြီး ဒုက္ခသည်တွေကို အချက်ပေးတဲ့အလံတွေလည်း လွှင့်နေပါတယ်။ အခုက တလံထောင်ထားတယ်။အခု က ကြိုတင်ပြီး အမိုးအကာအတိုင် ဒါတွေကို စနစ်တကျ အကုန်ကြိုးတွေနဲ့ချည်ပြီးတော့ သူ့နေရာနဲ့သူ ချိတ်ဆွဲထားကြပါဆိုပြီး တော့ ညွှန်ကြားထားတာ မှာထားတာ ရှိပါတယ်။ အဲ့တော့ ကျနော်တို့တွေ ကြိုးတွေနဲ့ ဆွဲထားတာတော့ရှိတယ် သံတိုင်တွေနဲ့ရော ခေါင်မိုးကနေ မြေအောက်အထိ သံကြိုးနဲ့ဆွဲတယ် ဒါပေမဲ့ တဲတွေက အကုန်ဟောင်းနေတော့ အကုန်ကြိုးနဲ့ဆွဲတာ ပြိုသွားတာရှိတယ်။ ဒါကြောင့် မုန်တိုင်းတကယ်ဖြစ်လာရင် ဘယ်လိုနည်းနဲ့မှ ကာကွယ်နိုင်စရာအကြောင်းမရှိပါဘူး။ ကာကွယ်လို့လည်း ရမှာမဟုတ်ပါဘူး။ အခုကတော့ လေနည်းနည်းစပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီ။အခုမုန်တိုင်းပြင်းထန်ရောက်လာမယ်ဆိုရင် အန္တရာယ်တွေ အများကြီးရောက်နိုင်တယ်။”

COVID-19 ကပ်ရောဂါ ကူးစက်မှုကို မကြာသေးခင်ကပဲ အတည်ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အိမ်ခြေအများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အထိ မီးလောင်မှု ၂ ခုနဲ့ ကြုံခဲ့ရပြီး အခုနောက်ထပ် မုန်တိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ကတိပြုထားပါတယ်။


..................


(Unicode)











XS
SM
MD
LG