သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ခရီးသွားလာမှုနဲ့ ကုန်စည်ပို့ဆောင်ရေး ကျဆင်း


စစ်တွေမြို့
စစ်တွေမြို့

(Zawgyi / Unicode)

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ခရီးသည်ယာဉ်လိုင်းနဲ့ ကုန်ကားအများစု ခရီးစဉ်တွေရပ်နားလိုက်ပါတယ်။ အထူးသဖြင့် မကြာခဏ မိုင်းပေါက်ကွဲမှုတွေရှိလာတဲ့ ရန်ကုန်- စစ်တွေ လမ်းကြောင်းတလျှောက်ကို လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း ကျဆင်းသွားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေဟာ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၉ တနှစ်လုံး ပြင်းပြင်ထန်ထန် ဖြစ်ပွားခဲ့ပြီး ခရီးသွားနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေပါတယ်။ အဓိက ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ ရန်ကုန်-စစ်တွေလမ်းမှာ မိုင်းပေါက်ကွဲမှု ၁၀ကြိမ်လောက်ဖြစ်ခဲ့လို့ တချို့နေရာတွေမှာ လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ မိုင်းနဲ့ဖြစ်တဲ့ကိစ္စက ၁၀ကြိမ်ဝန်းကျင်လောက်ရှိတယ်။ ဒီကိစ္စတွေကြောင့် ကျနော်တို့ လုံခြုံရေး တင်းကျပ်ထားတာပဲ၊ အဓိကတော့၊ အဓိကနေရာတွေပေါ့၊ အရှေ့ဘက်ကစပြောရင် ယောချောင်းနဲ့ ယိုးတရုတ်ကြားလောက်ထိတော့ ဂရုစိုက်ရတဲ့ အနေအထားရှိပါတယ်။ တံတားတွေရှိတဲ့နေရာတွေမှာတော့ ကျနော်တို့ စစ်ဆေးနိုင်ပါတယ် ဗျ။”

ရွှေမန်းရတနာ ခရီးသည်ယာဉ်တစီးဟာ ၂၀၁၉ မေလ ၃၁ရက်က ရန်ကုန်-စစ်တွေ လမ်းပေါ်မှာ မိုင်းထိခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်တဲ့အတွက် အရင်ကနဲ့ နှိုင်းယှဉ်ရင် ခရီးစဉ် ထက်ဝက်လောက်ကျသွားသလို တချို့စစ်တွေယာဉ်လိုင်းတွေက တလလောက် ရပ်နားထားကြောင်း ရွှေမန်းရတနာ ခရီးသည် ပို့ဆောင်ရေး ဂိတ်မှူး ကိုမျိုးက ပြောပါတယ်။

“ အခုက တစီးတောင်မှပြည့်ဖို့ အတော်ရုန်းကန်နေရတဲ့ အနေအထား ဖြစ်နေတာပေါ့။ ပြီးတော့ ကုန်စည်စီးဆင်းမှုတွေ ရပ်သွားတဲ့သဘောပေါ့၊ အဲဒီလိုမျိုး။ တချို့က လေယာဉ်နဲ့တော့ အသွားအလာများတယ် အဲဒီဘက်ကို။ ကားနဲ့က အတော်နည်းသွားတယ်။ တချို့က ဥပမာ ၂ဂိတ်၊ ၃ဂိတ် ပေါင်းလိုက်တယ် ပြီးမှ တဂိတ်ထဲကနေ စုပြီးတော့ထွက်တယ် အဲဒီသဘောမျိုးတွေဖြစ်နေတယ်။”

၂၀၁၉ ဩဂုတ်လ ၂၈ ရက်က မြောက်ဦးနဲ့ ကျောက်တော်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ရန်ကုန်-စစ်တွေလမ်းပိုင်းကို ပိတ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း

ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက် လုံခြုံရေး ပိုတင်းကျပ်ထားပြီး ခရီးသွားလည်း နည်းလာကြောင်း အမ်းမြို့နယ် သင်္ဂဟကမ်းလက်ရက္ခိတ ပရဟိတ အဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

“ လုံခြုံရေးပိုင်းလို့ ပြောရမလား၊ အနှောက်အယှက်ပေးတယ်လို့ပဲ ပြောရမလားမသိဘူး ဒီ ရိုးချောင်းတံတားတို့၊ တခြားနေရာတွေမှာ ဆိုရင်လည်း စစ်တပ်ကနေ မလိုလားအပ်ဘဲနဲ့ ပိုပြီးတော့ အစစ်အဆေး လုပ်နေတာတွေရှိတယ်။ တခါတခါ လူတယောက်မှာ တက်တူးထိုးလာတာတို့၊ အဲဒီတက်တူးကို မြင်ရုံလောက်နဲ့ မလိုလားအပ်ဘဲနဲ့ ဒါတွေကဘာတွေလဲ၊ မှတ်ပုံတင်ပါလား၊ အဲဒီလိုအနှောက်အယှက်တွေကြောင့်လဲ ခရီးသည် နည်းသွားတာထင်တယ်။ တခါတခါ ပြန်မလွှတ်ဘဲနဲ့ တညအိပ်၊ နှစ်ညအိပ် ထိုင်စောင့်ရတဲ့အခါလည်းရှိတယ်။ အဲဒီအတွက်ကြောင့် express ကားတွေမှာရော၊ ကုန်ကားတွေမှာရော လူတွေက အသွားအလာ နည်းသွားတာပေါ့။”

ကုန်စည်တွေလမ်းမှာ ကြန့်ကြာတဲ့အတွက် အပျက်အစီးများတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေကပြောပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေဟာ ၂၀၁၉ ဇန်နဝါရီ နောက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပြီး AA ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၉ တနှစ်လုံးမှာ တိုက်ပွဲပေါင်း ၆၈၁ခု ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အချက်အလက်အရဆိုရင် ရခိုင်မြောက်ပိုင်း မြို့နယ် ၉ခုမှာ စစ်ရှောင်ဦးရေ ၁၀၀,၀၀၀ ဝန်းကျင်ရှိလာပါပြီ။ သေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူက ၃၀၀ ဝန်းကျင်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသား၊ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)











XS
SM
MD
LG