သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းသမားတွေ ထောင်ဒဏ်စီရင်ချက် မြန်မာမီဒီယာတွေနဲ့ လူမှုအဖွဲ့အစည်းတွေကန့်ကွက်


ပြည်တွင်းထုတ် သတင်းစာဂျာနယ်တွေမှာ သတင်းထောက် ၂ ယောက် ထောင်ချခံခဲ့ရတဲ့ သတင်းတွေကို မျက်နှာဖုံး သတင်းတွေအဖြစ် အကြီးအကျယ် ရေးသား
ပြည်တွင်းထုတ် သတင်းစာဂျာနယ်တွေမှာ သတင်းထောက် ၂ ယောက် ထောင်ချခံခဲ့ရတဲ့ သတင်းတွေကို မျက်နှာဖုံး သတင်းတွေအဖြစ် အကြီးအကျယ် ရေးသား

Reuters သတင်းဌာနက မြန်မာသတင်းထောက် ၂ ဦးကို တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့အတွက် ပြည်တွင်း၊ ပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေရာမှာ ဒီနေ့မှာလည်း တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေက ကန့်ကွက်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ တရားရုံး စီရင်ချက်နဲ့ ပတ်သက်လို့ ဒီနေ့အရေးပေါ် ဆွေးနွေးခဲ့တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီကလည်း အပြင်းအထန် ဝေဖန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

Reuters သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ တနင်္လာနေ့က ထောင် ၇နှစ်စီ ချမှတ်လိုက်တဲ့အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ဆက်လက်ထွက်ပေါ်နေသလို၊ သူတို့နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့တာပါ။ ဒီအတွက်လည်း မြန်မာအစိုးရအနေနဲ့ လေးလေးနက်နက် စဉ်းစားဖို့ လိုအပ်ကြောင်း သတိပေးဖို့ သတင်းမီဒီယာကောင်စီရဲ့ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကပြောပါတယ်။

"ဒီအပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေလာနိုင်တယ် အဲဒါက ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံရိပ်ကိုပါ ထိခိုက်နိုင်တယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဆက်ဆံရေးကိုပါ အတိုင်းအတာတခုထိသွားပြီးတော့ သက်ရောက်နိုင်တယ်ဆိုတာမျိုးတွေ။ တာဝန်ရှိဆုံးအစိုးရကိုတော့ ဝေဖန်ကြတယ် ထောက်ပြကြတယ်။ သို့သော် အစိုးရက ဒီအသံတွေကို တကယ်လေးလေးနက်နက်နားထောင်ပြီးတော့ စဉ်းစားရင်တော့ တိုင်းပြည်အတွက်လည်းကောင်းမယ်၊ သတင်းသမား၂ ယောက်အတွက်လည်းကောင်းမယ်ပေါ့နော်။"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနဲ့ အမှုမှာကြားဝင် ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားပေမဲ့ အခွင့်မသာခဲ့ဖူးလို့လည်း ဦးမြင့်ကျော်က ပြောဆိုခဲ့တာပါ။ တရားရုံးဆုံးဖြတ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ သတင်းမီဒီယာဥပဒေတွေကို လျစ်လျူရှုခဲ့တဲ့ လုပ်ရပ်တခုအဖြစ် သတင်းမီဒီယာ ကောင်စီက သဘောထားကြောင်း ဒီကနေ့ အရေးပေါ် ဆွေးနွေးမှုမှာ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဦးမြင့်ကျော်ကပြောပါတယ်။

"ဒီသတင်းမီဒီယာသမားတွေကို သတင်းဥပဒေကိုမသုံးပဲနဲ့ ပြင်းထန်လွန်းတဲ့ ကိုလိုနီခေတ်ကဥပဒေကိုသုံးတဲ့အပေါ်မှာ ကောင်စီအနေနဲ့ ထောက်ပြကြတယ်။ နောက်တခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲ ၃၅၄ မှာ အခြေခံဥပဒေနဲ့အညီ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် ဆိုတာမျိုးကို အာမခံထားပေမယ့် အခုတကယ်ဖြစ်ပျက်တဲ့အနေအထားမှာတော့ သူတို့သတင်းယူဖို့အတွက် စုဆောင်းတဲ့ဟာကို ကြီးလေးတဲ့ပုဒ်မနဲ့ အရေးယူခံရတာမျိုးကို ကောင်စီအနေနဲ့ ဒီဟာက ရှေ့နောက်ကွဲလွဲနေတယ်ဆိုတာမျိုးကို ထောက်ပြတဲ့သဘောပါ။"

အစိုးရပိုင် သတင်းစာတွေကလွဲလို့ ဒီကနေ့ ပြည်တွင်းမှာ ထုတ်ဝေတဲ့ သတင်းစာဂျာနယ်တွေမှာတော့ သတင်းထောက် ၂ ယောက် ထောင်ချခံခဲ့ရတဲ့ သတင်းတွေကို မျက်နှာဖုံး သတင်းတွေအဖြစ် အကြီးအကျယ် ရေးသားခဲ့ကြသလို၊ ဆန့်ကျင်ကန့်ကွက်တဲ့ သဘောထားတွေကိုလည်း မျက်နှာဖုံးတွေ၊ အယ်ဒီတာ့အာဘော်တွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒေသအသီးသီးက လူငယ်၊ အမျိုးသမီး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ပညာရေးနဲ့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၈၀ကျော်ကလည်း သတင်းထောက်တွေ ထောင်ဒဏ်အ ပြစ်ပေးခံခဲ့ရတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းသား ကိုအောင်ဇော်ကတော့ တရားရုံး စီရင်ချက်ဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ တရားစီရင်ရေးအတွက် အနုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။

"အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံတွေပေ့ါနော် အခုဆိုရင် ကျနော်တို့ နိုင်ငံအနှံ့အပြားက သေးသေးကြီးကြီးပေါ့နော် ကဏ္ဍပေါင်းစုံမှာ တနိုင်တပိုင်လုပ်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်း တွေကအစ လက်လှမ်းမှီသလောက်ပါဝင်ကြတဲ့ အင်အားအနေနဲ့ ဒီကိစ္စကြီးက မဖြစ်သင့်ဘူးဆိုတာ သူတို့အနေနဲ့ သိပြီးတော့ မတရားမှုကြီးပါ။ ဒါက တရားဥပဒေမှာရော တရားရေးမဏ္ဍိုင်မှာရော တိမ်းစောင်းနေပါတယ်လို့ အကုန်လုံးကဝိုင်းပြီးတော့ အရပ်ဖက်အဖွဲ့အစည်းကနေပြီးတော့အသံတခုထုတ်တယ်။ အပြီးသတ် အမိန့်ချတဲ့အခါမှာလည်း ကျိုးကျောင်းဆီလျှော်မှုမရှိပဲနဲ့ ခိုင်လုံမှုမရှိပဲနဲ့ ဒီလိုပြစ်ဒဏ်တခုကို ချမှတ်လိုက်တယ်ဆိုတာက ဘယ်နည်းနဲ့မှ မသင့်တော်ဘူး၊ တရားမျတမှုမရှိဘူး ။ အဲဒီတော့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဒီမိုကရေစီစံနှုန်းတွေကို Right To Information အဲဒါတွေကိုလည်း ထိခိုက်တယ် ။ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့ကိစ္စတခု ဖြစ်သွားတယ်လို့ အင်မတန်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။"

ဖမ်းဆီးခံ သတင်းထောက်တွေ လွတ်မြောက်ရေး မန္တလေးမြို့ မဟာမြတ်မုနိဘုရားမှာလည်း ဒေသခံ သတင်းသမားတွေ စုဝေးပြီးဆုတောင်းခဲ့ကြသလို ရှေ့လာမယ့်ရက်တွေမှာလည်း သတင်းထောက် ၂ ယောက် လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ လမ်းလျှောက်ဆန္ဒပြပွဲတွေ လုပ်ဖို့စီစဉ်နေကြတာပါ။ Reuters သတင်းထောက်တွေရဲ့ မိသားစုဝင်တွေကလည်း ဒီနေ့ပဲ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြီး၊ တရားရုံးစီရင်ချက်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

သတင်းထောက် ၂ ယောက် ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့အပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က တရားဝင်တုံ့ပြန်ချက်ရဖို့ ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကတော့ သတင်းထောက်တွေ အနေနဲ့ အယူခံဝင်နိုင်တဲ့ အခွင့်အလမ်း ရှိနေဆဲဖြစ်ကြောင်း နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

Reuters သတင်းထောက်တွေကို ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အတွက် သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ သာမက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်းစိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley တို့ကတော့ သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG