သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံစိမ်း မြန်မာကတဆင့် တရုတ်တင်ပို့ခဲ့ဟု သတင်းထွက်ပေါ်


မြန်မာနိုင်ငံကိုတဆင့်ခံပြီး ရုရှားကရေနံစိမ်းတွေတင်ပို့မယ်ဆိုတဲ့ တရုတ်ပိုင်ရေနံကုမ္ပဏီ China National Petroleum Corporation (CNPC) ရဲ့ ရေနံချက်စက်ရုံ
မြန်မာနိုင်ငံကိုတဆင့်ခံပြီး ရုရှားကရေနံစိမ်းတွေတင်ပို့မယ်ဆိုတဲ့ တရုတ်ပိုင်ရေနံကုမ္ပဏီ China National Petroleum Corporation (CNPC) ရဲ့ ရေနံချက်စက်ရုံ

ဧပြီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ရုရှားကရေနံစိမ်းတွေ တရုတ်ကိုတင်ပို့ရာမှာ မြန်မာနိုင်ငံတဆင့်အသုံးပြုနေတယ်လို့ Energy Intelligence ဆိုတဲ့ စွမ်းအင်ဆိုင်ရာအွန်လိုင်းသတင်းကို ကိုးကားပြီး Myanmar Now သတင်းက ဖော်ပြပါတယ်။ ရေနံစိမ်း ပေပါ တသန်းကျော်တင်ဆောင်နိုင်တဲ့ ရေနံတင်သင်္ဘောသုံးစင်းဟာ Novorossiysk နဲ့ Murmansk ရုရှားဆိပ်ကမ်းမြို့တွေကနေ မြန်မာနိုင်ငံအနောက်ခြမ်း ကျောက်ဖြူဆိပ်ကမ်းရှိတဲ့ ပဒေးကျွန်းကို ရောက်ရှိခဲ့တယ်လို့ အဲဒီ သတင်းမှာ ကိုးကားဖော်ပြပါတယ်။

အဲဒီနေရာမှာ တရုတ်ပိုင် CNPC ကုမ္ပဏီနဲ့ မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့ရဲ့ ရေနံသိုလှောင်ကန်တွေ တည်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကနေ မြန်မာ့ရေနံနဲ့သဘာဝလုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်နေတဲ့ ရေနံပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲက ရေနံချက်စက်ရုံကို တင်ပို့ခဲ့တယ်လို့ ဖော်ပြပါတယ်။ ရုရှားကဝင်တဲ့ ဒီရေနံစိမ်းပမာဏကို မြန်မာနိုင်ငံတွင်းတခုတည်းသောရေနံချက်စက်ရုံက ချက်လုပ်လည်ပတ်ဖို့ အင်အားမရှိဘူးလို့လည်း ဖော်ပြပါတယ်။

ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားရေနံတင်ပို့မှုတွေကို ဥရောပဘက်က ပိတ်ဆို့အရေးယူလာတဲ့နောက် ရုရှားနိုင်ငံဟာ သူ့ ရေနံတွေရောင်းချဖို့ အာရှနဲ့ အာဖရိကဘက် စျေးကွက်လှည့်နေပါတယ်။ လက်ရှိအားဖြင့် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံဟာ ရုရှားရေနံဝယ်ယူမှုအများဆုံးဖြစ်နေတယ်လို့ စွမ်းအင်သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဓါတ်ဆီနဲ့လောင်စာဆီပြတ်လပ်မှုတွေကြောင့် ရုရှားကနေတင်သွင်းမယ်လို့ မြန်မာစစ်ကောင်စီက မနှစ်ဩဂုတ်လတုန်းက ပြောခဲ့ဖူးပါတယ်။ ၂၀၂၂ ဒီဇင်လာအတွင်းကတော့ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီး Maxim Reshetnikov နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြပြီး အဲဒီ နေပြည်တော်တွေ့ဆုံပွဲမှာ စီးပွားရေးဆိုင်ရာ စာချုပ် (၇) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သံ၊ သံမဏိထုတ်လုပ်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရုရှားက ရေနံစိမ်းတင်သင်္ဘောတွေဆိုက်ရောက်ခဲ့ပြီး တရုတ်ပိုက်လိုင်းကတဆင့် တရုတ်ရေနံချက်စက်ရုံကို တင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်က တစုံတရာတုံ့ပြန်တာမျိုးမရှိသေးသလို ဗွီအိုအေက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

ရုရှားရေနံစိမ်း မြန်မာကတဆင့် တရုတ်တင်ပို့ခဲ့ဟု သတင်းထွက်ပေါ်
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG