သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီတဂူ ဆရာတော်ဘုရား ဘာမှားသွားသလဲ


Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)
Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

အခုရက်ပိုင်းအတွင်း လူတွေကြား အပြောအများဆုံး၊ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ Facebook မှာ အပျံ့နှံ့ဆုံး ကိစ္စ တစ်ခုကို ပြောပါဆိုရင် ပုဂံ ဒေသကို ကမ္ဘာပေါ်က ထိန်းသိမ်းစောင့်ရှောက်စရာ နေရာတစ်ခုအဖြစ် UNESCO အဖွဲ့ကြီးက အသိအမှတ်ပြုလိုက်တာနဲ့ ပတ်သက်ပြီး သီတဂူ ဆရာတော်ဘုရားကြီး မှတ်ချက်ပေး မိန့်ကြားထားတဲ့ ၆ မိနစ်စာ ဗီဒီယိုဖိုင် အကြောင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်၊ ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ကျောင်းတိုက်က သာသနိက အဆောက်အဦတွေ စုပေါင်း ရေစက်ချအောင်ပွဲအဖြစ် ကျင်းပတဲ့ အခမ်းအနားအတွင်း ဟောကြားတဲ့ တရားထဲမှာ အဲဒီကိစ္စ ထည့်သွင်းမိန့်ကြားခဲ့တာပါ။ ပြည်သူအများစုကြီးကတော့ ဆရာတော် မိန့်ကြားတဲ့အထဲ အချက်အလက်တွေ မှားယွင်းနေတာ၊ ကောက်ချက်တွေ လွဲချော်နေတာတွေနဲ့ ပတ်သက်ပြီး ထောက်ပြခဲ့တာ တွေ့ရပါတယ်။ သီတဂူ ဆရာတော်ဘုရားကြီးရဲ့ အရင့်အရင်က ဟောကြားချက် တစ်ချို့၊ မိန့်ကြားချက် တစ်ချို့ထဲမှာလည်း ခုလိုပဲ သမိုင်းဆိုင်ရာ အချက်အလက်တွေ လွဲမှားတာ၊ ကောက်ချက်ချ လွဲမှားတာမျိုး ရှိခဲ့ပြီး အငြင်းပွားဖွယ် မိန့်ကြားချက်တွေလည်း ရှိခဲ့ဖူးတာပါ။ ပုဂံကို ယူနက်စကိုက အသိအမှတ်ပြုလိုက်တဲ့ ကိစ္စ သီတဂူဆရာတော် ရဲ့ မိန့်ကြားချက် ဘာတွေ လွဲသွားသလဲ၊ ရှေ့မှာရော ဆရာတော်ဘုရားကြီး ဘယ်လိုတရားတော်တွေ ဟောကြားခဲ့ဖူးသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း တင်ပြသွားပါမယ်။

ဆရာတော်ဘုရားကြီးက ပုဂံဒေသကို ယူနက်စကိုက အသိအမှတ်ပြုလိုက်တဲ့ ကိစ္စ စိတ်ဝင်စားတဲ့အကြောင်း၊ ဒါကြောင့် အချက်အလက်တွေကို ရှာဖွေ ဖတ်ရှုကြည့်တဲ့အကြောင်း၊ ၁၉၈၄ ခုနှစ်မှာ ယူနက်စကို အဖွဲ့ကြီးကနေ အမေရိကန် ပြည်ထောင်စု နှုတ်ထွက်လိုက်တဲ့အခါ ရံပုံငွေ ခန်းခြောက်သလောက် ဖြစ်သွားတဲ့အကြောင်း၊ ဒီအခါ ရံပုံငွေ ထည့်ဝင်သူတွေဟာ အစ္စလာမ်မစ်နိုင်ငံတွေ ပေါင်းစည်းထားတဲ့ OIC အဖွဲ့ နဲ့ အာရပ် သူဌေးတွေ၊ ရေနံသူဌေးတွေ ဝိုင်းထည့်ကြတဲ့အကြောင်း၊ အသင်းရဲ့ တည်နေရာဟာလည်း အမေရိကန် ပြည်ထောင်စု နယူးယော့ မဟုတ်တော့ပဲ အဇာဘိုင်ဂျန် ဆိုတဲ့ နိုင်ငံ ရောက်သွားကြောင်း၊ အဇာဘိုင်ဂျန် တည်နေရာ ရှာလိုက်တဲ့အခါ မူဆလင် နိုင်ငံတွေ တစ်ဝက်၊ ကွန်မြူနစ် နိုင်ငံတွေ တစ်ဝက် ဝိုင်းနေတဲ့ နိုင်ငံ ဖြစ်တဲ့အကြောင်း၊ ပုဂံကို အဲဒီ အပ်လိုက်တယ် ဆိုပြီး မိန့်ပါတယ်။ ပုဂံဆိုတာ ဗုဒ္ဓရဲ့ ယဉ်ကျေးမှုဖြစ်ပေမယ့် အဇာဘိုင်ဂျန်က ပေးတဲ့ ပိုက်ဆံနဲ့ ထိမ်းသိမ်းစောင့်ရှောက်ဖို့ လုပ်ကြကြောင်း၊ မြန်မာ့ အမွေအနှစ်ကို သူများပေးပြီး ထိန်းခိုင်းတာ ဂုဏ်ယူစရာ မရှိတဲ့အကြောင်း၊ဟိုဘက်က ပေးတဲ့ ပိုက်ဆံနဲ့ ဟိုဘက်က လူတွေ ထိန်းဖို့ လွဲှပေးလိုက်တာဟာ တလွဲဆံပင်ကောင်းခြင်းပဲ၊ ကိုင်း ရှိစေ ဆိုပြီး မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ မိန့်မှာချက်ကို ကြားနာလိုက်ရင်ပဲ အချက်အလက် မှားယွင်းမှု အများကြီး တွေ့ကြရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ၁၉၈၄ ခုနှစ်မှာ ယူနက်စကိုက ထွက်လိုက်ပေမယ့် နောက်ပိုင်း ၂၀၀၂ ခုနှစ် သမ္မတ George W. Bush လက်ထက်မှာ ပြန်လည် ဝင်ရောက်ခဲ့ပြီး လက်ရှိသမ္မတ ထရမ့်အစိုးရလက်ထက် ၂၀၁၉ ဇန်နဝါရီကျမှ နောက်တစ်ကြိမ် အစ္စရေးနဲ့ အတူ ထပ်ပြီး ထွက်ခဲ့ပြန်တာပါ။

အဓိက ရံပုံငွေ ထည့်ဝင်သူတွေဟာလည်း မူဆလင် နိုင်ငံတွေ အပါအဝင် OIC အဖွဲ့မဟုတ်ပဲ အဖွဲ့ဝင် နိုင်ငံအားလုံးက အချိုးကျ ထည့်ဝင်ကြတာမျိုး ဖြစ်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေက အများဆုံး ထည့်ဝင်ကြတာပါ။ အကြီးအကျယ် လွဲမှားတာက ယူနက်စကိုရဲ့ တည်နေရာ ဒါမှမဟုတ် ဌာနချုပ် အဇာဘိုင်ဂျန်ကို ရောက်သွားတယ် ဆိုတဲ့ အချက်ပါ။ ယူနက်စကို စတင်တည်ထောင်တဲ့ ၁၉၄၆ ကနေ ဒီကနေ့ အချိန်ထိ ပြင်သစ်နိုင်ငံ ပါရီမှာပဲ ရုံးစိုက်ပါတယ်။ နှစ်စဉ် အဖွဲ့ဝင်နိုင်ငံတွေမှာ အစည်းအဝေးတွေ အလှည့်ကျ ကျင်းပတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် အဇာဘိုင်ဂျန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

အချက်အလက်တွေ မှားယွင်းပြီးနောက် ဆရာတော်ကြီး နောက်ဆုံး ကောက်ချက်ချတာက မြန်မာနိုင်ငံက လူတစုဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် ပုဂံကို မူဆလင်နိုင်ငံတွေ လွှမ်းမိုးတဲ့ အဖွဲ့ဆီ ထိုးအပ်လိုက်တယ် ဆိုပြီး စွပ်စွဲလိုက်တာပါပဲ။ မြန်မာနိုင်ငံလို ဘာသာရေးကို အထိအခိုက် မခံတဲ့ တိုင်းပြည်အတွက် မိုးမီးလောင်သွားစေနိုင်တဲ့၊ တည်ဆဲ အစိုးရကို ပြသနာ တက်စေနိုင်တဲ့ မမှန်မကန် စွပ်စွဲချက်လို့ သတ်မှတ်နိုင်ပါတယ်။

တကယ်တော့ သီတဂူဆရာတော်ရဲ့ တရားတွေဟာ ဖိနှိပ်မှုပြင်းထန်တဲ့ စစ်အာဏာရှင် အစိုးရလက်အောက်မှာတောင် ပြည်သူတွေအကြား ကျော်ကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ အကြောင်းကတော့ စစ်အာဏာရှင် အစိုးရရဲ့ ကမောက်ကမ နိုင်လှပုံတွေကို ဗုဒ္ဓ ဒဏ္ဍာရီလာ ဇာတ်တော်တွေနဲ့ သွယ်ဝိုက် ခိုင်းနှိုင်း ဟောကြား ထောက်ပြနိုင်လို့ပါပဲ။ ဒီအတွက် ပြည်သူတွေဟာ သီတဂူ ဆရာတော်ကို ဗုဒ္ဓသာသနာ အတွက်၊ တိုင်းပြည်အတွက် ပြည်သူတွေ အတွက် မကြောက်မရွံ့ ဟောရဲပြောရဲတဲ့ ဆရာတော်အဖြစ် သတ်မှတ်ပြီး ကြည်ညိုသဒ္ဒါ ပွားခဲ့ကြပါတယ်။၂၀၁၁ နိုင်ငံမှာ အပြောင်းအလဲတွေဖြစ်၊ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ဆရာတော်ရဲ့ ပြောဆို ဆောင်ရွက်ချက် တစ်ချို့ ဝေဖန်စရာ ပေါ်ပေါက်လာပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အသင်းကြီး ပေါ်ပေါက်လာအောင် ကူညီ ပေးခဲ့ပေမယ့် တရားဝင် လုပ်ငန်းတာဝန်တွေတော့ မယူခဲ့ပါဘူး။ အဲဒီအချိန် မဘသ အစည်းအဝေး တစ်ခုမှာ ဆရာတော်ကြီးက သမ္မတဦးသိန်းစိန် အနေနဲ့ ဒီ ၅ နှစ်လောက်နဲ့ သူ့ရဲ့ လုပ်စရာရှိတာကို လုပ်လို့ ပြီးဆုံးမှာ မဟုတ်ဘူး၊ သူ့အနေနဲ့ကတော့ နောက်ထပ် သက်တမ်း တစ်ခု ဆက်ပြီး တာဝန်ယူစေချင်တယ်ဆိုပြီး မှတ်ချက် တစ်ခု မိန့်ကြားခဲ့ပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒ လျစ်လျူရှုတဲ့ မိန့်ကြားချက် အဖြစ် အဝေဖန် ခံရပါတယ်။

နောက်တစ်ကြိမ်ကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ လုပ်တဲ့ အမျိုးစောင့် ဥပဒေ အောင်ပွဲ အထိမ်းအမှတ် အခန်းအနားမှာ မြွက်ကြားတဲ့ ဆရာတော်ကြီးရဲ့ သြဝါဒကထာပါ။ အဲဒီ အခန်းအနားကို တစ်နိုင်ငံလုံးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး “မဘသ” အဖွဲ့ ဦးဆောင် ဆရာတော်တွေ၊ သံဃာတော်တွေနဲ့ အဖွဲ့ဝင် သောင်းနဲ့ချီပြီး တက်ရောက်ကြပါတယ်။ အဲဒီအချိန် ဆရာတော်ဟာ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံကို လေ့လာရေးသွားပြီး ပြန်ရောက်ကာစပါ။ အီရန်မှာ ဆိုရင် နိုင်ငံရဲ့ အမြင်ဆုံး မှာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘာသာရေး ခေါင်းဆောင် ဖြစ်ရမယ်လို့ ပြဌာန်းထားကြောင်း၊ အခြေခံ စည်းမျဉ်းမှာ နိုင်ငံရေး ခေါင်းဆောင်ရော၊ နိုင်ငံရဲ့ သမ္မတရော အကုန်လုံးက ဘာသာရေး ခေါင်းဆောင်က အကြီးဆုံး သူတို့ တိုင်းပြည်မှာ ဖြစ်ရမယ် လို့ ဖော်ပြထားကြောင်း မိန့်ပါတယ်။ “ တပည့်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နိုင်ငံတော် သံဃာ့ နာယက အဖွဲ့ကြီးက ဘယ်အခြေအနေမှာ ရှိတယ် ဆိုတာ ဆရာတော်များ အကုန်လုံး သိပါတယ်။ အီရန်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ထိပ်ဆုံးမှာ ။ နိုင်ငံရေးမှာလည်း သူ အာဏာပိုင်ပဲ ။ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးမှာလည်း သူတို့က အာဏာပိုင်ပဲ ဖြစ်မယ်။ အဲဒါကြောင့် မတူတာတွေ အဲလို ရှိတယ် ဆိုတာကို တပည့်တော်တို့ တိုင်းသူပြည်သား ပြည်သူတွေ သံဃာတော်တွေ သိရရင် နောက် တက်စရာ အဆင့်တွေ အများကြီး ရှိနေဦးမယ်လို့ တပည့်တော် ဒီလိုပဲ ယူဆတယ်။” လို့ မိန့်ခဲ့ဖူးပါတယ်။

ဒီလို ပြောဆိုချက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဆရာတော်ကြီးဟာ မဘသ အဖွဲ့ကြီးကို ပိတ်ပင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရကို အမြင်ကြည်လင်ပုံ မရဘူးလို့ ယူဆနိုင်ပါတယ်။ အဲဒီကတဆင့် ဆန္ဒစော၊ အချက်အလက်တွေ မှားယွင်းပြီး ပုဂံရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် ကို မူဆလင် တိုင်းပြည်တွေ လက်ထဲ အပ်လိုက်တယ် ဆိုတာမျိုး မိန့်ကြားတဲ့ အခြေအနေထိ ရောက်သွားတယ်လို့ ထင်မြင်ယူဆနိုင်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG