ဆူဒန်နိုင်ငံမှာ ဆူဒန်စစ်တပ်နဲ့ ပြိုင်ဘက် RSF တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာ သီတင်း ၃ ပတ် ရှိလာနေပြီး အပစ်အခတ်ရပ်စဲ ဖို့ ၂ ဘက် သဘောတူထားတဲ့ကြားကပဲ Khartoum မြို့တော်တဝိုက် စနေနေ့မှာ မြေပြင်မှာရော ဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ အခုလို ဆက်လက်တိုက်ခိုက်နေတာ ကြောင့် ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်တဲ့ဒေသခံတွေ ပိုများလာသလို တိုက်ခိုက်မှုတွေ ရပ်မသွားဘူးဆိုရင် နိုင်ငံ့တည်ငြိမ်မှု ပိုပျက်ပြားလာနိုင်တယ်လို့လည်း ထပ်ပြီး သတိပေးနေကြတာပါ။
Khartoum မြို့တော်တလွှား မီးခိုးလုံးမည်းကြီးတွေ လွှမ်းခြုံနေပါတယ်။ ၂ ဘက် အပေးအယူလုပ်မယ့် အရိပ်လက္ခဏာမတွေ့ရသေးပေမယ့် ညှိနှိုင်းမှုတွေလုပ်ဖို့ လမ်းပိုပွင့်လာတာတွေ့ရတယ်လို့တော့ ကုလသမဂ္ဂကိုယ်စားလှယ်ကပြောပါတယ်။ ဒါပေမယ့် ညှိနှိုင်းမယ့်ရက်တော့ မသတ်မှတ်ရသေးပါဘူး။
၂ ဘက်တိုက်ခိုက်မှုတွေစတင်ခဲ့တဲ့ ဧပြီလ ၁၅ ရက်ကစပြီး ခုချိန်ထိ ရာနဲ့ချီသေဆုံးရသလို ဒဏ်ရာရသူကလည်း ထောင်နဲ့ချီရှိနေတာပါ။ ဆူဒန်နိုင်ငံမှာ ဒီမိုကရေစီအစိုးရတရပ်ထူထောင်ဖို့ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ပံ့ပိုးမှုနဲ့ လုပ်ဆောင်မှုတွေလည်း လမ်းကြောင်းပြောင်းပြီး ပြည်တွင်းစစ်အနေအထားကို ရောက်လာတဲ့အတွက် ဆူဒန်နိုင်ငံသားသောင်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး ခိုလှုံနေကြပါတယ်။
အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေရဲ့ ကြားဝင်ဖြန်ဖြေမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ အများအပြားရခဲ့ပေမယ့် အခုချိန်ထိ ဘယ်သဘောတူညီချက်မှ မအောင်မြင်သေးဘဲ တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။ အခု နောက်ဆုံးရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကတော့ တနင်္ဂနွေညသန်းကောင်ယံအထိ သက်ရောက်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် စနေနေ့မှာပဲ Khartoum မြို့ရဲ့ နိုင်းလ်မြစ် တဘက်ကမ်းက Omdurman မြို့မှာ စစ်တပ်လေယာဉ်တစင်းကို သူတို့ပစ်ချခဲ့တယ်လို့ RSF က ကြေညာခဲ့ပြီး ဒါဟာ စစ်တပ်က အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖေါက်တာကြောင့် ခုလိုပစ်ချတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီစွပ်စွဲချက်အတွက် ဆူဒန်စစ်တပ်က တစုံတရာ တုံ့ပြန် ပြောဆိုတာမရှိသေးပါဘူး။ RSF တပ်တွေက အပစ်ရပ် သဘောတူညီချက်ကို ချိုးဖေါက်ကြောင်းလည်း အစောပိုင်းက ဆူဒန်စစ်တပ်က စွပ်စွဲထားပါတယ်။