(Zawgyi/Unicode)
၂၀၂၀ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီလ တစ်လအတွင်းမှာ ထိုင်းနိုင်ငံက စက်ရုံပေါင်း ၂၀၀ ကျော် ပိတ်ခဲ့ရတဲ့ အတွက် အလုပ်သမား ၂၅၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့ အထဲမှာ မြန်မာအလုပ်သမား အတော်များများ ပါနေပါတယ်။
အလုပ်သမားအရေး ကူညီ ဖြေရှင်းပေး နေတဲ့ မြန်မာ အဖွဲ့တွေ လည်း မနိုင်မနင်း ဖြေရှင်း ပေးနေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းစက်မှုလုပ်ငန်း ဦးစီးဌာန (Department of Industrial Works ) က မနေ့က သတင်း ထုတ်ပြန် ရာမှာ ဒီနှစ်ဆန်း ဇန်နဝါရီလ တလ အတွင်းမှာပဲ ထိုင်းနိုင်ငံက စက်ရုံပေါင်း ၂၀၀ ကျော် ကို ပိတ်ခဲ့ရတဲ့ အတွက် အလုပ်သမား ၂၅၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီ ထိုင်းနိုင်ငံကစက်ရုံ အများစုမှာ အလုပ်လုပ်နေတဲ့ သူတွေ အများစုက မြန်မာတွေ ဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံရောက် မြန်မာတွေ အတော်မျာများ အလုပ်လက်မဲ့ ဖြစ်ကုန်တာပါ။
နိုင်ငံခြားသားလုပ်သား အလုပ်ကန့်သတ်မှု ထိုင်းပိုတင်းကြပ်မယ့်သတင်းကို ဖတ်ရှုနိုင်ပါပြီ။
ထိုင်းနိုင်ငံရဲ့စက်မှုစီးပွားရေး ဆိုင်ရာ ညွှန်ကြား ရေးမှူး နိုင် ထုန်ချိုင်း ချာဘော်လစ် ဖိချေ့ ကတော့ ခုလို စက်ရုံလုပ်ငန်းတွေ ပိတ်လိုက်ရပေမယ့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ထိုင်းနိုင်ငံသား လုပ်သားတွေ အတွက်တော့ အလုပ်အကိုင် အသစ်တွေ ရှာဖွေပေးနေပြီး နောက်ထပ် စက်ရုံလုပ်ငန်း တွေလည်း တိုးချဲ့ နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံခြားသား ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အများ စုကတော့ အလုပ်လက်မဲ့ ဖြစ် ကုန်ကြတာပါ။ ဒီလို အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ မြန်မာအလုပ်သမား တွေ ထဲက တချို့ က နစ်နာကြေး ရကြ ပေမယ့် အဆင်မဖြေမှု အမျိုးမျိုးနဲ့ ကြုံနေကြ ပါတယ်။ တချို့ကလည်း
စက်ရုံတွေ ပိတ်တဲ့ အတွက် အလုပ်မရှိ ဖြစ်ကြသလို နစ်နာကြေးပါ မရကြပါဘူး။ တချို့က တော့ အလုပ်အဖြုတ် ခံရတာတွေ၊ မကြာခဏ အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ရတာတွေ ကြုံနေရပါတယ်။
မကြာသေးခင်ကမှ အလုပ်အဖြုတ်ခံခဲ့ရတဲ့ မြန်မာ အလုပ်သမား တဦးကတော့
“လေးလ လောက် ထိုင်းမှာ နေခဲ့ရပြီး ကျနော် တို့ ၂ လ လောက်ပဲ အလုပ်လုပ် ရတယ်။ အဲဒီမှာ နေရာ ၄ နေရာလောက် ပြောင်းခဲ့ရတယ်။ ပိုက်ဆံ ကလည်း မထွက်ဘူး - ပိုက်ဆံ မရတာတွေ လည်း ကြုံရတယ်။”
အခုလို အခက်အခဲ ကြုံနေရသူ တွေ၊ နစ်နာကြေး မရသူတွေ ရဲ့ ပြဿနာ မျိုးစုံကို မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ တွေ မနိုင်မနင်း ဖြေရှင်း ပေးနေရတယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီး က ပြောပါတယ်။
“ကျနော်တို့ကြားတာတော့ စက်ရုံတွေကရုံကြီးတွေတော့ မဟုတ်ဘူး။ ရုံငယ်လေးတွေက ပိတ်တယ်။ အလုပ်သမား ၁၀၀ ကျော်ရှိတဲ့ စက်ရုံလေးတွေ ပိတ်၊ တချို့ကတော့ နစ်နာကြေးလေးတွေ ပေးပြီးပိတ်တယ်။ တချို့ကျတော့လည်း တခြားနေရာမှာ MOU နဲ့ပြန် အလုပ်သွင်းပေးမယ် ဆိုတာမျိုးတွေ ရှိတယ်။ ပိတ်တာကတော့ တကယ်ပိတ်တယ်။ လိုအပ် တာတွေ လုပ်ပေးပါမယ် ဆိုပြီး ပိတ်သွားတာတွေ ရှိတယ်။ တချို့ကတော့ MOU နဲ့ ပတ်သက်ပြီး အလုပ်မရှိ လို့ပြန်ပို့မယ် ဆိုတာမျိုးတွေ လည်းရှိတယ်။ ကျနော်တို့ဆီကို နေ့စဉ် အလုပ်သမားတွေ ဆက်သွယ် လာတာ။ ရှင်းလို့ မနိုင်တော့လို့ သံအရာရှိတွေကို ဆက်သွယ်ဖို့ပဲပြောထားပါတယ်။”
တရုတ်နိုင်ငံ စတင်ခဲ့ပြီး ကမ္ဘာနိုင်ငံ အတော်များများကို ကူးစက်လာတဲ့ Corona ဗိုင်းရပ် ပျံပွားမှုကြောင့် စီးပွားရေး လုပ်ငန်းတွေ ထိခိုက် နစ်နာမှုတွေ ရှိနေရာမှာ မြန်မာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆိုရင်လည်း တရုတ်နိုင်ငံနဲ့ ဆက်စပ် လုပ်ကိုင်နေရတဲ့ စက်ရုံတချို့ ကို ပိတ်ထားရတာပါ။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲက ထိုင်ဝမ်ပိုင် သတ္တု ပုံလောင်း စက်ရုံ တရုံ ဟာလည်း တရုတ် ဘက်က ကုန်ကြမ်းပြတ်လပ်မှုကြောင့် ဇန်နဝါရီ လကုန်မှာပဲ စက်ရုံ ပိတ်လိုက်ရရပါတယ်။ ဒီအတွက် မြန်မာအလုပ်သမား နှစ်ရာနီးပါး အပါအဝင် အလုပ်သမား ငါးရာလောက် အလုပ်လက်ခဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကတော့ နေရပ်ပြန်သွား ခဲ့ပါတယ်။
.................
(Unicode)