သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ရက္ေစ့ ျမန္မာႏုိင္ငံသား ၂၀၀ နီးပါး ထိုင္းကျပန္လႊဲေပး


ထိုင္းႏုိင္္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး လြတ္ရက္ေစ့လို႔ ျပန္လည္လႊဲေျပာင္းေပးတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ေအာက္တုိဘာ ၁၀၊ ၂၀၂၁။ ဓာတ္ပုံ - FED)

(Zawgyi / Unicode)

ထိုင္းႏုိင္္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး လြတ္ရက္ေစ့ေနတဲ့ ျမန္မာႏုိင္ငံသား ၂၀၀ နီးပါးကို ထိုင္းဘက္ျခမ္း ရေနာင္းၿမိဳ႕ကေနတဆင့္ ေကာ့ေသာင္းၿမိဳ႕ဘက္က တာဝန္ရွိသူေတြဆီ ထိုင္းအာဏာပိုင္ေတြက ဒီကေန႔ ျပန္လႊဲေပးခဲ့ပါတယ္။ ဒီလူေတြဟာ ထိုင္းေတာင္ပိုင္း ျပည္နယ္ ၁၄ ခုမွာ အလုပ္လုပ္ကိုင္ေနရင္း ဖမ္းဆီးခံခဲ့ရသူေတြ ျဖစ္ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗီြအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံေတာင္ပုိင္းမွာ အ‌ေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ လြတ္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ခြင့္မရေသးတဲ့ ျမန္မာႏုိင္ငံသားေတြ ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ရေနာင္းခ႐ိုင္ လူဝင္မႈထိန္းသိမ္းေရးစခန္းမွာ ရွိေနတာပါ။

အဲဒီထဲက လြတ္ရက္ေစ့သူ လူ ၁၉၀ ေက်ာ္ကို ရေနာင္းကေနတဆင့္ ေကာ့ေသာင္းၿမိဳ႕ဘက္ကို ေအာက္တိုဘာလ ၁၀ ရက္ေန႔က လဲႊေျပာင္းေပးခဲ့ေၾကာင္း ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED)၊ ေကာ့ေသာင္းၿမိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ (MWRC) ရဲ႕တာဝန္ခံ ဦးမုိးေဝက ဗီြအိုေအကို ေျပာပါတယ္။

"အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းခံရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ ေထာင္ကလြတ္လာသူေတြ ရိွတယ္။ ၿပီးေတာ့ စာရြက္စာတမ္း မစံုသူေတြ ရိွတယ္။ သူတို႔ေတြက လြတ္ရက္ေစ့လို႔ ထုိင္းလဝက ကယ္ဆယ္ေရးစခန္းေတြကေန ျပန္ၿပီး ေကာ့ေသာင္းကုိ ျပန္လႊဲေျပာင္းေပးတာ ရွိတယ္။ က်ားက ၁၄၄၊ ကေလးက ၁၀ ေယာက္၊ မက ၃၆ ေယာက္၊ ကေလး မက ၁ ေယာက္ပါတယ္။ အားလံုးေပါင္းက ၁၉၁ ေယာက္။ ထားဝယ္ပါမယ္၊ ၿမိတ္ပါမယ္၊ ရခိုင္ပါမယ္၊ မြန္ပါမယ္၊ မေကြးပါမယ္၊ ေကာ့ေသာင္းလည္းပါတယ္။ သူတို႔ အခု ရေနာင္းအခ်ဳပ္မွာလည္း နည္းနည္းပဲ က်န္တယ္။ ဒါေပမယ့္ သူတို႔ ျပန္ၿပီး ပုိ႔လာၿပီး ေနာက္ထပ္လဲႊလာဖို႔လည္း ရွိတယ္။"

အခုတေခါက္မွာေတာ့ လူေမွာင္ခိုမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ မြန္ျပည္နယ္က ၁၁ ေယာက္ အုပ္စုတစု ပါဝင္တယ္လို႔လည္း ေျပာျပပါတယ္။

"လြန္ခဲ့တဲ့ ၁၀ လေလာက္က ထုိင္းရဲဝန္ထမ္း Rape လုပ္တဲ့ တေယာက္ကေတာ့ ၿပီးခဲ့တဲ့အေခါက္က ပါသြားတယ္။ အခုကေတာ့ လုပ္ငန္းခြင္မွာ ဖမ္းမိသူေတြ၊ စာရြက္စာတမ္း မစံုတဲ့သူေတြ၊ ခိုးဝင္သူေတြ ပါတယ္။ လူေမွာင္ခိုမႈအုပ္စုလည္း အနည္းအက်ဥ္းပါတယ္။ အနည္းအက်ဥ္းဆိုတာက မြန္ျပည္နယ္က ၁၁ ေယာက္အုပ္စု ပါတယ္။"

ျပန္လြတ္လာသူေတြထဲက မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ မေကြးတုိင္းနဲ႔ တနသၤာရီတုိင္း ေကာ့ေသာင္းၿမိဳ႕က လူေတြကို ေကာ့ေသာင္းက ကုိဗစ္ေစာင့္ၾကည့္ေရးစင္တာမွာ ထားၿပီးမွ ျပန္ပုိ႔ေပးမွာ ျဖစ္ပါတယ္။ ထားဝယ္နဲ႔ ၿမိတ္ကလူေတြကိုေတာ့ ကားေတြနဲ႔ တုိက္႐ုိက္ပို႔ၿပီး သူတို႔ေနထိုင္ရာ ေနရာေရာက္မွ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ စစ္ေဆးတာအျပင္ ေစာင့္ၾကည့္ေရးစင္တာဝင္ဖို႔ လုပ္ေပးမယ္လို႔ ဆုိပါတယ္။

ကိုဗစ္အေရးေပၚကာလမွာ ထိုင္းဘက္က နယ္စပ္ေတြ ပိတ္ထားတာေၾကာင့္ လြတ္ရက္ေစ့သူေတြကို ရေနာင္း-ေကာ့ေသာင္းကေန လႊဲေျပာင္းေပးတာ ယာယီဆိုင္းငံ့ထားတာကေန စက္တင္ဘာလမွာ တႀကိမ္၊ အခု ေအာက္တုိဘာလမွာ တႀကိမ္ ျပန္လဲႊေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါး ထိုင်းကပြန်လွှဲပေး

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါးကို ထိုင်းဘက်ခြမ်း ရနောင်းမြို့ကနေတဆင့် ကော့သောင်းမြို့ဘက်က တာဝန်ရှိသူတွေဆီ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြန်လွှဲပေးခဲ့ပါတယ်။ ဒီလူတွေဟာ ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခုမှာ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အ‌ကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ခွင့်မရသေးတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ရှိနေတာပါ။

အဲဒီထဲက လွတ်ရက်စေ့သူ လူ ၁၉၀ ကျော်ကို ရနောင်းကနေတဆင့် ကော့သောင်းမြို့ဘက်ကို အောက်တိုဘာလ ၁၀ ရက်နေ့က လွဲှပြောင်းပေးခဲ့ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ (MWRC) ရဲ့တာဝန်ခံ ဦးမိုးဝေက ဗွီအိုအေကို ပြောပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ကလွတ်လာသူတွေ ရှိတယ်။ ပြီးတော့ စာရွက်စာတမ်း မစုံသူတွေ ရှိတယ်။ သူတို့တွေက လွတ်ရက်စေ့လို့ ထိုင်းလဝက ကယ်ဆယ်ရေးစခန်းတွေကနေ ပြန်ပြီး ကော့သောင်းကို ပြန်လွှဲပြောင်းပေးတာ ရှိတယ်။ ကျားက ၁၄၄၊ ကလေးက ၁၀ ယောက်၊ မက ၃၆ ယောက်၊ ကလေး မက ၁ ယောက်ပါတယ်။ အားလုံးပေါင်းက ၁၉၁ ယောက်။ ထားဝယ်ပါမယ်၊ မြိတ်ပါမယ်၊ ရခိုင်ပါမယ်၊ မွန်ပါမယ်၊ မကွေးပါမယ်၊ ကော့သောင်းလည်းပါတယ်။ သူတို့ အခု ရနောင်းအချုပ်မှာလည်း နည်းနည်းပဲ ကျန်တယ်။ ဒါပေမယ့် သူတို့ ပြန်ပြီး ပို့လာပြီး နောက်ထပ်လွဲှလာဖို့လည်း ရှိတယ်။"

အခုတခေါက်မှာတော့ လူမှောင်ခိုမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မွန်ပြည်နယ်က ၁၁ ယောက် အုပ်စုတစု ပါဝင်တယ်လို့လည်း ပြောပြပါတယ်။

"လွန်ခဲ့တဲ့ ၁၀ လလောက်က ထိုင်းရဲဝန်ထမ်း Rape လုပ်တဲ့ တယောက်ကတော့ ပြီးခဲ့တဲ့အခေါက်က ပါသွားတယ်။ အခုကတော့ လုပ်ငန်းခွင်မှာ ဖမ်းမိသူတွေ၊ စာရွက်စာတမ်း မစုံတဲ့သူတွေ၊ ခိုးဝင်သူတွေ ပါတယ်။ လူမှောင်ခိုမှုအုပ်စုလည်း အနည်းအကျဉ်းပါတယ်။ အနည်းအကျဉ်းဆိုတာက မွန်ပြည်နယ်က ၁၁ ယောက်အုပ်စု ပါတယ်။"

ပြန်လွတ်လာသူတွေထဲက မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့က လူတွေကို ကော့သောင်းက ကိုဗစ်စောင့်ကြည့်ရေးစင်တာမှာ ထားပြီးမှ ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ ထားဝယ်နဲ့ မြိတ်ကလူတွေကိုတော့ ကားတွေနဲ့ တိုက်ရိုက်ပို့ပြီး သူတို့နေထိုင်ရာ နေရာရောက်မှ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ စစ်ဆေးတာအပြင် စောင့်ကြည့်ရေးစင်တာဝင်ဖို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။

ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းဘက်က နယ်စပ်တွေ ပိတ်ထားတာကြောင့် လွတ်ရက်စေ့သူတွေကို ရနောင်း-ကော့သောင်းကနေ လွှဲပြောင်းပေးတာ ယာယီဆိုင်းငံ့ထားတာကနေ စက်တင်ဘာလမှာ တကြိမ်၊ အခု အောက်တိုဘာလမှာ တကြိမ် ပြန်လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG