သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရောက် ထိုင်း ၁၆၂ ယောက်ကို ပြန်ခေါ်ဖို့ ထိုင်းအစိုးရစီစဉ်


ထိုင်းအစိုးရသစ်တက်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ ဝန်ကြီးချုပ် Srettha Thavisin (စက်တင်ဘာ ၅၊ ၂၀၂၃)
ထိုင်းအစိုးရသစ်တက်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ ဝန်ကြီးချုပ် Srettha Thavisin (စက်တင်ဘာ ၅၊ ၂၀၂၃)

မကြာသေးခင်ကစ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်နိုင်ဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေပါတယ်။ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကို ဘေးကင်းရာနေရာတွေမှာ ခိုလှုံနိုင်အောင် ကူညီဖို့ အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကို ဝန်ကြီးချုပ် Srettha Thavisin က ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ရုံးက မနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် ထိုင်းနဲ့တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံမှာ သောင်တင်နေတယ်လို့လည်း ပြောပါတယ်။ ထိုင်းနဲ့ တခြားနိုင်ငံခြားသားတွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာတော့ လတ်တလော မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးကို ဟားမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူ အများစုအပါအဝင် ထိုင်းနိုင်ငံသား ၃၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရဖူးပါတယ်။ နောက်ထပ် ၁၆ ယောက် ဒဏ်ရာရခဲ့သလို၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာလည်း ထိုင်းနိုင်ငံသား ၁၇ ယောက် ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့အဖြစ် ကြေညာထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအောင်းတပ်ဖွဲ့နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့ရာက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ရှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတချို့ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို အိမ်နီးချင်း တရုတ်နိုင်ငံထဲ ခိုလှုံသူတွေလည်း ရှိနေတာပါ။ တရုတ်နိုင်ငံကတော့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ ထပ်တလဲလဲ တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG