သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok ကန့်သတ်ဖို့ ကန်လွှတ်တော်ကြိုးပမ်းမှုအပေါ် မြန်မာနွယ်ဖွားတွေအမြင် 


တရုတ်ကုမ္ပဏီပိုင် TikTok ဗွီဒီယိုအတို အက်ပလီကေးရှင်းကို ကန့်သတ်မဲ့ဥပဒေ ပြဌာန်းဖို့ အမေရိကန်လွှတ်တော်ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေအများကြီးရှိနေတယ်လို့ Georgetown တက္ကသိုလ်မှာ မဟာဘွဲ့လွန်ပညာသင်ကြားနေတဲ့ ကိုဝင်းကိုကိုအောင်က သုံးသပ်ပါတယ်။ အက်ပလီကေးရှင်းမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အလွယ်တကူ ရယူသိရှိနိုင်စွမ်းရှိနေတဲ့အချက်ကို အမေရိကန်က အဓိကစိုးရိမ်နေတယ်ဆိုပေမဲ့ TikTok ကို အသုံးပြုနေတဲ့ အမေရိကန်နိုင်ငံသား သန်း ၁၇၀ လောက်ရှိနေတာပါ။
မြန်မာနွယ်ဖွား အမေရိကန်တချို့ရဲ့အမြင်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

TikTok ဗွီဒီယိုအက်ပလီကေးရှင်းကို ကိုယ်တိုင်လည်းအသုံးပြုခဲ့တဲ့ နယူးရောက်က မြန်မာနွယ်ဖွား အမေရိကန် တက္ကသိုလ်ကျောင်းသား ကိုဖြိုးမင်းခန့်ကတော့
TikTok မှာ အကောင့်ပိုင်ရှင်တွေတင်တဲ့ ဗွီဒီယိုမှန်သမျှ ပိတ်ပင်ကန့်သတ်တာမျိုးမရှိခဲ့ဘူးလို့ သူ့အတွေ့အကြုံကို အခုလို ဗွီအိုအေကို ပြောပါတယ်။

"TikTok က သုံးရတာလည်း လွယ်ကူတယ်။ လူငယ်တော်တော်များများလည်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ ဥပမာဗျာ- Instergram တို့၊ facebook တို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတော်တော်များများက - app တော်တော်များများဆိုရင် ပုံတင်လိုက်တယ်ပဲထားဗျာ။ နာမည်ကြီးဖို့ဆိုတာ ခက်တယ်ဗျာ သိလား။ Privacy နည်းနည်းရှိတယ်။ TikTok ကျတော့ ဥပမာ- ဗွီဒီယိုတခု၊ content တခု ကောင်းတယ်၊ တင်လိုက်တယ်ဆိုရင် အဲဒီမှာ follower ရှိရှိ မရှိရှိ အချိန်တန်ရင် နောက် ငါးမိနစ်၊ ဆယ်မိနစ်လောက်နေရင် viewer က ခဏလေးနဲ့ တက်တက်သွားတယ်ဗျာ။ ၂၀- ၃၀ အဲဒီလို တဖြည်းဖြည်းနဲ့တက်တက်သွားတယ်ဗျာ။"

ဒါ့အပြင် ကိုယ်တင်လိုက်တဲ့ ဗွီဒီယိုအတိုလေးကို လူကြိုက်များသွားပြီး follower တွေအများအပြားရပြီဆိုရင် ဝင်ငွေ ပိုက်ဆံရတာဟာ facebook၊ YouTube တို့လို ဆိုရှယ်မီဒီယာတွေနဲ့ ကွာခြားတယ်လို့လည်း ကိုဖြိုးမင်းခန့်က ဆိုပါတယ်။

"မြန်မာပြည်မှာဆိုရင်တော့ မသိဘူးပေါ့နော်၊ ဒီမှာဆိုရင်တော့ ဒီ TikTok က ပိုက်ဆံရဖို့လည်း လွယ်ကူတယ်။ ဘာလို့လဲဆိုတော့ follower တသိန်းဆိုတာ၊ တသောင်းဆိုတာနဲ့ အဲလိုမျိုးရှိရမယ်၊ သူ့လိုအပ်တဲ့သုံးခု ပြည့်ပြီဆိုတာနဲ့သူက ပိုက်ဆံရဖို့ဟာကို သူ့ပလက်ဖောင်းကနေ ဖွင့်ပေးတယ်ပေါ့။ အဲဒါ ကျနော်ကြားတာပေါ့နော်။"

TikTok အက်ပလီကေးရှင်းမှာ Algorithm လို့ခေါ်တဲ့ ကိုယ်လိုချင်တဲ့ ကိုယ့်ကြည့်ချင်တဲ့ အရာတွေကိုပဲ ပေါ်အောင်လုပ်ထားတဲ့ ကွန်ပြူတာ နည်းပညာရှိနေတဲ့အချက်ကိုလည်း အခုလို ဆက်ပြောပါတယ်။

"ဥပမာ သူက အကောင့်ကို စစဖွင့်ဖွင့်ချင်း ကိုယ်က ဘာကြိုက်လဲဆိုတာရွေးခိုင်းပြီး ကိုယ်ရွေးတဲ့ ဗွီဒီယိုအမျိုးအစားတွေပဲ ပေါ်တယ်။ ဘတ်စကတ်ဘောလို အားကစားကြိုက်တာလား၊ နိုင်ငံရေးလား၊ လူမှုရေးလား၊ ပညာရေးလား စသဖြင့် ရွေးလိုက်ပြီတော့ ကိုယ်ကြိုက်တဲ့ content ဗွီဒီယိုကို နှိပ်ထားလိုက်ပြီဆိုတာနဲ့ ကိုယ်ရွေးထားတဲ့ ဗွီဒီယိုမျိုးတွေက ဖုန်းထဲက အက်ပလီကေးရှင်းထဲမှာ အမြဲ ပေါ်လာတာ။ အဲဒါတွေကို ဖုန်းစကင်ရင်ပေါ်ကနေ ဆွဲဆွဲပြီး ကြည့်လိုက်ရုံပဲ။ ကိုယ်စိတ်ဝင်စားတဲ့ ဗွီဒီယိုတွေပဲပေါ်နေတော့ အလွယ်တကူကြည့်ဖြစ်သွားတာပေါ့။"

ဒါပေမဲ့ TikTok မှာ ဆိုးကျိုးတွေရှိနေသလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွယ်တကူသိနိုင်တာ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ကိုဖြိုးမင်းခန့်က ဆိုပါတယ်။

"အခုတော့ ကျနော် သိပ်မသုံးဖြစ်ဘူး။ ဒါပေမဲ့အရင်တုန်းကတော့ သုံးဖြစ်တယ်။ ဒါပေမဲ့ သူက တခြားဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့တော့ မတူဘူးဗျ။ ဘာလို့လဲဆိုတော့ violence နည်းနည်းဖြစ်တဲ့ဟာတွပေါ့နော်- ဥပမာ သေနတ်ပစ်တာတို့ ဘာတို့ ညာတို့ဆိုရင် သူက အတိအကျကြီးပေါ်တယ်ဗျာ၊ သိလား။ မဖြတ်ထားဘူး၊ နှိပ်လိုက်တာနဲ့အကုန်ပေါ်တယ်ပေါ့။ ကျနော်သုံးတုန်းက TikTok ရဲ့ ကျနော်မကြိုက်တဲ့အချက်ပေါ့နော်။ လူတယောက်ရဲ့အကောင့်ကို ကျနော်ဝင်ကြည့်မယ်ဆိုရင် ကျနော်ကြည့်လိုက်တယ်ဆိုရင် ကျနော်ကြည့်တယ်ဆိုတာကို သူက ပေါ်တယ်ဗျာ။ အဲဒီတော့ ကျနော့်အနေနဲ့ဆိုရင်တော့ privacy သိပ်ပြီးတော့ မရှိဘူးလို့ ခံစားရတယ်ဗျာ။"

အမေရိကန်အောက်လွှတ်တော်မှာတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က TikTok ဗွီဒီယိုအတိုအက်ပ်လီကေးရှင်းကို ပိုင်ရှင်ဖြစ်တဲ့ တရုတ်ကုမ္ပဏီ ByteDance နဲ့ ခွဲထွက်ဖို့ ဒါမှမဟုတ်ရင် အမေရိကန်မှာ အသုံးပြုတာကို ပိတ်ပင်တာနဲ့ ရင်ဆိုင်ရမယ့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့တာပါ။ TikTok ကိစ္စအမေရိကန်လွှတ်တော်မှာ အငြင်းပွားနေတဲ့အချက်နဲ့ ပတ်သက်လို့ Georgetown တက္ကသိုလ်မှာ လူထုရေးရာမူဝါဒ ဘာသာရပ် မဟာဘွဲ့လွန်သင်ကြားနေတဲ့ ကိုဝင်းကိုကိုအောင်က သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

"TikTok ကို direct banned လိုက်မယ်ဆိုရင်တော့ ကျနော်တို့လေ့လာတွေ့ရှိတဲ့အချက်အလက်တွေအရ အနည်းဆုံးတော့ အမေရိကန် အင်တာနက်အသုံးပြုတဲ့လူ သုံးပုံ တပုံ က သတင်းအချက်အလက်တွေ၊ ပြီးရင် entertainment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို TikTok ကနေရရှိတယ်လို့ survey တွေမှာ တွေ့ရှိထားတယ်။ နောက်တချက်အနေနဲ့ ဒီ TikTok အပေါ်မှာမူတည်နေတဲ့ အသေးစားစီးပွါးရေးလုပ်ငန်းတွေကလည်း အမြောက်အများရှိတယ်ပေါ့နော်၊ American users သန်း ၁၇၀ ဝန်းကျင်ရှိတယ်လို့ TikTok ကနေ ထုတ်ပြန်ထားတယ်။​ အဲဒီတော့ ဒါကြီးက နေ့ချင်းညချင်း Banned လိုက်တယ်ဆိုရင်တောင်မှ ဒါက နံပါတ်(တစ်)အချက် အများကြီးကို ထိခိုက်စေနိုင်တယ်ပေါ့။ ပြီးတော့ သိတဲ့အတိုင်းပဲ၊ ဒီနေ့ခေတ်က virtual private network လို့ခေါ်တဲ့ VPN နည်းပညာတွေလည်းရှိနေတယ်ပေါ့နော်။ VPN နည်းပညာတွေဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို Banned တယ်ဆိုရင်လည်း official ban တယ်ဆိုရင်လည်း အမေရိကန်မှာ Ban တယ်ဆိုရင်တောင်မှ လူတွေက virtual private network ကိုအသုံးပြုပြီးတော့ TikTok ကို access လုပ်မှာပဲပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်။ တရုတ်နိုင်ငံမှာလည်း Ban ထားတဲ့ ယူကျုတို့၊ ဖေ့စ်ဘုတ်၊ အင်စ်တာဂရမ်တွေကိုလည်း သုံးချင်တဲ့သူတွေက VPN ကိုအသုံးပြုပြီးတော့ ကျော်ခွပြီးတော့ သုံးကြတာပဲ။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ban တယ်ဆိုတာက စာရွက်ထဲမှာပဲရှိတာ။ ဒါပေမဲ့ ဒီနေ့ အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုပြီးတော့ ban ထားတဲ့အရာတွေကို ကျော်ခွပြီးတော့ အသုံးပြုလို့ရတယ်။"

အမေရိကန်လွှတ်တော်ကနေ TikTok ကို ကန့်သတ်ရေးကြိုးပမ်းနေတဲ့အပေါ် တရုတ်အစိုးရဘက်က အမေရိကန်က စီးပွားရေးအမြတ်ထုတ်ဖို့ကြိုးပမ်းနေတယ်ဆိုပြီး စွပ်စွဲထားသလို အပြင်းအထန်လည်း ကန့်ကွက်ထားတာပါ။ အမေရိကန်ဘက်ကလည်း တရုတ်နိုင်ငံမှာ Facebook, YouTube စတာတွေ ပိတ်ပင်ထားတာကို ပြန်ပြီး ထောက်ပြထားပါတယ်။

အမေရိကန်အနေနဲ့ TikTok အရေး ဘယ်လိုအဖြေရှာသင့်သလဲဆိုတော့ အမြင်ကိုတော့ ကိုဝင်းကိုကိုအောင် အခုလို ပြောပါတယ်။

"ဥပမာ အမေရိကန်ကော်ပရေရှင်းတခုကနေပြီးတော့ TikTok ကိုဝယ်ပြီးတော့ တရုတ်နဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဖြတ်လိုက်မယ်။ အမေရိကန်မှာပဲ data အချက်အလက်တွေထားမယ်၊ အမေရိကန် ကုမ္ပဏီကပဲ ဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းကို လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးနေတာတွေ့ရပါတယ်။ အဲဒီလို နည်းလမ်းနဲ့ ဝယ်လိုက်မယ်ဆိုရင် ပိုပြီးကောင်းတယ်လို့ ကျနော်မြင်တယ်။ တကယ်လို့ TikTok ကို Banned လိုက်တယ်ဆိုရင်တော့ အမေရိကန်အနေနဲ့ diplomatically ထိခိုက်သွားရုံသာမက၊ ထိခိုက်မှုဖြစ်နိုင်ရုံသာမက အမေရိကန်ရဲ့ core value (မူ၊ အခြေခံတန်ဖိုး) တခုဖြစ်တဲ့ freedom of speech ကိုလည်း ထိခိုက်နိုင်တာမျိုးတွေ ရှိပါတယ်။ ပြီးတော့ ဒီလို app တခုကို ban လိုက်တယ်ဆိုရင်လည်း နောက်ထပ် consequences တွေအနေနဲ့ နောက်ထပ် မိုဘိုင်းလ် application တွေ ban တာမျိုးတွေလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် အမေရိကန်ရဲ့ core value (မူ၊ အခြေခံတန်ဖိုး) တခုကိုလည်း ထိခိုက်နိုင်သလို core value တခုဖြစ်တဲ့ freedom of speech ကိုလည်း ထိခိုက်နိုင်သလို နောက်ပိုင်းနည်းပညာလုပ်ငန်းတွေအတွက်လည်း စောစောကပြောတဲ့ ထိန်းကျောင်းမှုတခုလိုမျိုး သက်ရောက်မှုဖြစ်သွားနိုင်တယ်လို့လည်း ကျနော့်အနေနဲ့မြင်တယ်။"

TikTok ကနေအမျိုးသားလုံခြုံရေးကျိုးပေါက်နိုင်တယ်ဆိုတဲ့အချက်နဲ့ ကန့်သတ်တဲ့ ဥပဒေမူကြမ်းကို လက်ရှိအောက်လွှတ်တော်က အတည်ပြုလိုက်ပေမဲ့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရဖို့ လိုနေပါသေးတယ်။ သမ္မတ ဘိုင်ဒန်ကတော့ အထက်လွှတ်တော်က အတည်ပြုပြီးဆိုရင် သူ့အနေနဲ့ လက်မှတ်ရေးထိုးပြဌာန်းဖို့ အဆင့်သင့်ဖြစ်နေကြောင်း ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG