သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့် ရက် ၁၀၀ ပြည့်နဲ့ နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှု


သမ္မတ ဒေါ်နယ်ထရမ့်
သမ္မတ ဒေါ်နယ်ထရမ့်

သမ္မတ Donald Trump ဟာ သူ့အပေါ် သဘောကျတယ်၊ မကျဘူးဆိုတဲ့ ပြင်းပြတဲ့ သဘောထား ခံစားမှုတွေကို ဖန်တီးပေးသူတယောက်ပါ။ သူ့ရဲ့ သမ္မတ သက်တမ်း ရက်ပေါင်း တစ်ရာပြည့်တဲ့ အချိန်ဟာ သူဆက်လက် အကောင်အထည်ဖော်နေ ဆဲ နိုင်ငံခြားရေးမူဝါဒတွေရဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားစရာတွေ၊ နိုင်ငံတကာ တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ တွေးခေါ် ယူဆချက် ရှေ့အလားအလာတွေနဲ့ သူ့ရဲ့ အစောပိုင်း ဆောင်ရွက်ချက်တွေအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိနေတဲ့ အခြေအနေတွေကို အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Peter Heinlein က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ရှားဖောင်က တင်ပြထားပါမယ်။

သမ္မတ Trump ရဲ့ သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ ပထမရက်ပေါင်း တစ်ရာအတွင်း- ရက်ပေါင်း ၉၉ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေထဲမှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကုသလမဂ္ဂမှာ ချပြပြောဆိုပါတယ်။

“စိတ်ရှည်သီးခံပေးတဲ့ မူဝါဒ က ကုန်သွားပါပြီ။ ဆက်ပြီးသီးခံနေမယ်ဆိုရင် မြောက်ကိုရီးယားဆီက နျူကလီးယား ပိုင်ဆိုင်နေတယ်ဆိုတာကို လက်ခံနေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မယ်။”

Trump ကိုယ်တိုင် က ရက်တစ်ရာဆိုတာကို သိပ်အရေးကြီးတယ်လို့ သဘော မထားကြောင်း အခုလိုပြောပါတယ်။ “ရက်ပေါင်းတစ်ရာဆိုတဲ့ တိုင်းတာချက်ဟာ မှားယွင်း အရာတခုပါ။ ဒါပေမယ့် ခင်ဗျားတို့ကို ကျနော်ပြောချင်တာက ရက်တစ်ရာအတွင်းမှာ ကျနော်တို့လုပ်ဆောင်နိုင် သလို ဘယ်သူကမှ မလုပ်နိုင်ခဲ့ပါဘူး။”

အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် Reince Priebus က Trump ရဲ့အတွေးအခေါ်အယူအဆတွေ ကောင်းကြောင်း ချီးကျူးပြောဆို ခဲ့တယ် ဆိုတာကို သမ္မတက ရက်တစ်ရာ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အသုံးချခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက မြေပြင်စစ်ပွဲကို အမေရိကန် ပြည်ထောင်စုက စိတ်မဝင်စားပါဘူးလို့ Priebus က ပြောပါတယ်။ ဒါပေမယ့် ဆီးရီးယားသမ္မတ Bashar al-Assad လို ရန်ဘက်တွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ကန့်သတ်ထိန်းချုပ်လို့ရအောင်တော့ အမေရိကန်အစိုးရက လုပ်ဆောင်သွားမှာဖြစ်သလို အိုင်စစ်တွေကို အမြစ်ပြတ် ချေမှုန်းရေးကိုလည်း ဦးစားလုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဘာပဲပြောပြော ဝေဖန်ရေးသမားတွေကတော့ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လွှဲမှားမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ရှုတ်ချကြပါတယ်။ ငွေကို လိုသလို လှည့်ကစား နေတဲ့သူတွေအဖြစ် တရုတ်ကို အမည်တပ်ပေးမယ့်ကြောင်းနဲ့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO အဖွဲ့ထဲကနေနှုတ်ထွက်ဖို့ စဉ်စားသွားမယ်ဆိုတဲ့အကြောင်း၊ စတဲ့ မဲဆွယ်စည်းရုံးရေးကာလက ပေးခဲ့တဲ့သူ့ရဲ့ ကတိတွေကနေ သူနောက်ပြန် ဆုတ်သွားတာကို သိသိသာသာ တွေ့ရပါတယ်။

အမေရိကန်တက္ကသိုလ် မဟာဌာနမှူး James Goldgeier က Skype ပေါ်ကနေ တဆင့် ဗွီအိုအေကို အခုလိုပြောပါတယ်။ “မဲဆွယ် စည်းရုံးရေး ကာလတုန်းက သူ့ရဲ့ ရပ်တည်ပြောဆိုချက်တွေ အတော်များများ အလုပ်မဖြစ်ဘူးဆိုတာနဲ့ တရုတ်နဲ့ ရုရှားလို နိုင်ငံမျိုးတွေကို ချည်းကပ်တဲ့ သူ့ရဲ့နည်းလမ်းတွေဟာ ပြန်သုံးသပ်ဖို့လိုတယ်ဆိုတာ ဒီပထမ ရက်ပေါင်း တစ်ရာအတွင်းမှာ သူသဘောပေါက် လာတယ်ဆိုတာ ပြောလို့ ရပါတယ်။”

အထက်လွှတ်တော်အမတ်ရဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Richard Fontaine ကတော့ ပြိုင်ဘက်တွေကို အံ့အားသင့် သွားအောင် လုပ်နိုင်ခဲ့တဲ့ Trump ရဲ့ အစောပိုင်းမူဝါဒ တချို့ ပိုချီးကျူးပြော ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန့်မှန်းလို့ မရနိုင်တဲ့ အရာတွေက အမေရိကန်ရဲ့ မိတ်ဆွေတွေကို ဘဝင်မကျ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ “မခန့်မှန်းနိုင်တဲ့ အရာတွေဆိုတာ မဟာမိတ်တွေက မကြိုက် ကြပါဘူး။ ခြိမ်းခြောက် ဟန့်တားမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့နေရာမှာ ခန့်မှန်းလို့မရတဲ့ အလေ့အထက ကောင်းတဲ့ အတွေးအခေါ်တခု မဟုတ်ပါဘူး။”

အထက်လွှတ်တော်အမတ် McCain ဟာ အကြောင်းအရာ ကိစ္စအတော်များများမှာ သမ္မတ နဲ့ အတိုက်အခံဖြစ်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster တို့အပါအဝင် Trump ဖွဲ့စည်းထားတဲ့ မူဝါဒဆိုင်ရာ ချမှတ်တဲ့အဖွဲ့ကို အလေးထား ချီးကျုး ပြောဆို သွားပါတယ်။ “အမျိုးသားလုံခြုံရေး အဖွဲ့ထဲမှာ ပါဝင်တဲ့သူတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ခေါင်းဆောင်မှု အပိုင်းမှာ ဆက်စပ်လုပ်ကိုင် ခဲ့တဲ့သူတွေဖြစ်ပြီး အနှစ်သာရရှိရှိ ထိပ်ဆုံးကို ရောက်အောင်လုပ်နိုင် ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။”

ဒါပေမဲ့ အန္တရာယ်ရှိတဲ့ မြောက်ကိုရီးယား အရေးနဲ့ပတ်သက်လို့ သမ္မတ Trump အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုတော့ သုံးသပ် သူတွေကြား ခန့်မှန်းပြောဆိုရ ခက်နေတဲ့ အနေအထားမှာ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ရက်ပေါင်း တစ်ရာနောက်ပိုင်း ဆိုးဝါးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာရ နိုင်တယ်ဆိုပြီး လူအများစုက စိုးရိမ်နေကြပေမယ့် အခုထက်ထိတော့ အဲဒါတွေ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG