သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းက ထွက်ပြေးရတဲ့ တတိယနိုင်ငံသားတွေကို တန်းတူဆက်ဆံဖို့ ကုလတိုက်တွန်း


ပိုလန်နိုင်ငံဘက် ခိုလှုံဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရောက်ရှိလာတဲ့ ယူကရိန်း စစ်ဘေးဒုက္ခသည်များ။ (မတ် ၆၊ ၂၀၂၂)
ပိုလန်နိုင်ငံဘက် ခိုလှုံဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရောက်ရှိလာတဲ့ ယူကရိန်း စစ်ဘေးဒုက္ခသည်များ။ (မတ် ၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်း ပဋိပက္ခအတွင်း အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတဲ့အထဲမှာ ယူကရိန်းကို ရောက်နေတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်ပြီး သူတို့အပေါ် ခွဲခြားဆက်ဆံနေတာတွေ ရပ်တန့်ကြဖို့ သက်ဆိုင်ရာ အစိုးရတွေကို IOM နိုင်ငံတကာအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဂျီနီဗာမြို့ကနေ Lisa Schlein သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် အခုချိန်ထိဆိုရင် ယူကရိန်းက ပြည်သူ ၁ ဒသမ ၄ သန်းနီးပါး အိမ်နီးချင်း ပိုလန်၊ မောလ်ဒိုဗာ၊ ဟန်ဂေရီနဲ့ တခြား ဥရောပနိုင်ငံတွေဆီ ဒုက္ခသည်အဖြစ် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ စာရင်းတွေက ဆိုပါတယ်။ အဲဒီထဲက ၇ သောင်း ၈ ထောင်ကျော်ဟာ ယူကရိန်းမှာ ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ ရောက်နေကြတဲ့ တတိယနိုင်ငံက နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

အဲဒီ နိုင်ငံခြားသားတွေ ယူကရိန်းစစ်က ရှောင်ပြေးချိန်မှာ ခွဲခြားဆက်ဆံမှု အပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေးအဖွဲ့ (IOM) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Paul Dillon က ဆိုပါတယ်။

“အဲဒီနိုင်ငံခြားသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအတွက် ကျနော်တို့ အရမ်းစိုးရိမ်မိတာ အမှန်ပါ။ ကျနော်တို့ရရှိတဲ့ သတင်းတွေအရ ယူကရိန်းကနေ ထွက်ပြေးရချိန်မှာ ယူကရိန်းနိုင်ငံထဲမှာရော နယ်စပ် အိမ်နီးချင်းနိုင်ငံတွေကပါ သူတို့အပေါ် ခွဲခြား၊ နှိမ့်ချ ဆက်ဆံတာ၊ အကြမ်းဖက်တာ၊ နိုင်ငံခြားသား မုန်းတီးစိတ်တွေ ပြတာမျိုး ကြုံရတယ်လို့ သိရပါတယ်။”

နိုင်ငံခြားသားတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ လက်မခံနိုင်တဲ့ တခြားအပြုအမူ စွပ်စွဲချက်တွေ တကယ်ရှိမရှိဆိုတာ စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းအစိုးရကိုရော အိမ်နီးချင်း တခြားအစိုးရတွေကိုပါ IOM အဖွဲ့က တောင်းဆိုထားတယ်လို့ Dillon က ပြောပါတယ်။ တတိယနိုင်ငံသားတွေ အပါအဝင် ပဋိပက္ခကြောင့် ထွက်ပြေးရသူတွေကို နွေးထွေးစွာ ဆက်ဆံကြဖို့၊ နေထိုင်ခွင့်ပေးဖို့နဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးဖို့ကိုလည်း သက်ဆိုင်ရာ အစိုးရတွေကို IOM က တောင်းဆိုထားကြောင်း Dillon က ဆိုပါတယ်။

“ယူကရိန်းက ထွက်ပြေးလာသူတွေထဲမှာ အကြမ်းဖျင်းအားဖြင့် ၁၃၈ နိုင်ငံက နိုင်ငံသားတွေ ပါဝင်နေပြီး ယူကရိန်းရောက် တတိယနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ လိုအပ်ချက်တွေ၊ နောက်ထပ် လိုအပ်လာမယ့် ကိစ္စတွေဟာ လာမယ့် သီတင်းပတ်တွေထဲ ဆွေးနွေးရမယ့် ကိစ္စရပ်တွေထဲမှာ အဓိက ပါဝင်နေပါတယ်။”

ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တချို့က IOM ကို ဆက်သွယ်လာပြီး သူတို့ပြည်သူတွေ မူလနိုင်ငံကို လုံခြုံစွာ ပြန်လာနိုင်ရေး အကူအညီပေးဖို့ တောင်းဆိုနေကြတယ်လို့ Dillon က ပြောပါတယ်။

ယူကရိန်း ပဋိပက္ခကြောင့် ယူကရိန်းနယ်စပ်တလျှောက်က ဒုက္ခသည်တွေရဲ့ လိုအပ်ချက် မြင့်မားလာနေတာကို အကူအညီပေးနိုင်ဖို့ IOM အဖွဲ့အနေနဲ့ ဒေါ်လာသန်း ၃၅၀ လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒီငွေတွေနဲ့ ယူကရိန်း ပြည်တွင်းဒုက္ခသည်တွေရော အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကိုပါ ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG