သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြီးစိုးမှုဟန့်တားရေး နိုင်ငံတကာနဲ့ ပူးပေါင်းဖို့ ကန် ကုလသံအမတ်လောင်း အလေးထား


ကုလ အမေရိကန်သံအမတ်လောင်းအဖြစ်ခန့်အပ်ခြင်းခံရတဲ့ Linda Thomas-Greenfield
ကုလ အမေရိကန်သံအမတ်လောင်းအဖြစ်ခန့်အပ်ခြင်းခံရတဲ့ Linda Thomas-Greenfield

(Zawgyi/Unicode)

အာဏာရှင်နည်းလမ်းအစီအစဉ်နဲ့ မောင်းနှင်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်ရဲ့ အားထုတ်မှုကို ခုခံစိန်ခေါ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂနဲ့ ပြန်ပြီး ထိတွေ့ ဆက်ဆံဖို့ အရေးကြီးကြောင်း အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဂျိုးဘိုင်ဒန် အမည်စာရင်းတင်သွင်းထားသူ Linda Thomas-Greenfield က မနေ့က အလေးအနက် ပြောကြားလိုက်ပါတယ်။

ဝါရင့်သံတမန် Linda Thomas-Greenfield ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနားပွဲမှာ သူက- တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးရေးကြိုပမ်းနေမှုဟာ အမေရိကန်ရဲ့ ခေါင်းဆောင်မှု အစဉ်အလာကို စိန်ခေါ်နေကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

" တရုတ်ဟာ အမေရိကန် အခြေခံ စံတန်ဖိုးတွေကို ဆန့်ကျင်တဲ့ အာဏာရှင်နည်းလမ်းအစီအစဉ်ကို ကုလသမဂ္ဂ စနစ်တခုလုံး အသုံးချပြီး မောင်းနှင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာ ကျမတို့ သိပါတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာ ကျမတို့ရဲ့ ကုလသမဂ္ဂကနေ ဆက်ပြီး ဆုတ်ခွာနေတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ကျမတာဝန်ယူမယ့်အချိန်မှာတော့ ဒါမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါဖြစ်ပွားမှုအပေါ် ကုလသမဂ္ဂမှာ အမေရိကန်နဲ့ တရုတ် အင်အားကြီးနှစ်နိုင်ငံကြားတင်းမာမှုအခြေအနေဟာ အမြင့်ဆုံး ရောက်ရှိခဲ့တာပါ။

Thomas-Greenfield ဟာ အမေရိကန် နိုင်ငံခြားဆက်ဆံရေး သံတမန်လောကမှာ နှစ်ပေါင်း ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အထူးသဖြင့် အာဖရိကတိုက်အပါအဝင် ကမ္ဘာ့တိုက်ကြီး လေးခုမှာ အမှုထမ်းခဲ့သူဖြစ်ပါတယ်။

ရီပါပလင်ကန်လွှတ်တော်အမတ်တချို့က ဒီမိုကရက် ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေထဲ ဥပမာ- အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား နျူးကလီးယားသဘောတူညီချက်စာချုပ်ထဲ ပြန်လည်ဝင်ရောက်မှာမျိုး ကို ဆန့်ကျင်နေကြပေမယ့် Thomas-Greenfield ရဲ့ကြားနားပွဲမှာတော့ ပါတီနှစ်ရပ်လုံးက ထောက်ခံခဲ့ကြပါတယ်။

တကယ်လို့ Thomas-Greenfield ကို အမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးအဖြစ် အတည်ပြုခဲ့မယ်ဆိုရင် သူဟာ အမြဲတမ်းဗီတိုအာဏာသုံးစွဲခွင့်ရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား စတဲ့ လုံခြုံရေးကောင်စီမှာ သူရဲ့သံတမန်ရေးရာအတွေ့အကြုံတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

.....................................................

တိုက်ရိုက် လင့်ခ်



(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG