သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ၅ နိုင်ငံရွေးချယ်


ကုလလုံခြုံရေးကောင်စီ
ကုလလုံခြုံရေးကောင်စီ

(Zawgyi/Unicode)

နိုင်ငံတကာရေးရာ ကိစ္စတွေကို ကုလသမဂ္ဂမှာ ဆွေးနွေးဆုံးဖြတ်ရာမှာ မဲပေးခွင့်အာဏာအပြည့်ရှိတဲ့ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံကို အထွေထွေညီလာခံက သောကြာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

“လိုအပ်တဲ့ မဲအရေအတွက် ၃ ပုံ ၂ ပုံနဲ့ အများစု ရရှိခဲ့ကြတဲ့အတွက် အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ဂေဘွန်၊ ဂါနာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်တွေအဖြစ် ၂ နှစ်သက်တမ်း တာဝန်ယူကြရမှာ ဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ Volkan Bozkir ကြေညာလိုက်တာပါ။

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ လုံခြုံရေးကောင်စီဟာ ပဋိပက္ခဖြစ်ရာ ဒေသတွေကို ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့တွေ စေလွှတ်တာ၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေကို လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်။ အဖွဲ့ဝင်သစ်တွေရဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ၊ ရပ်တည်ချက်အမြင်တွေနဲ့ အမျိုးသား အကျိုးစီးပွားတွေကြောင့် အဖွဲ့ဝင်တွေကြား အားပြိုင်မှုသစ်တွေလည်း ပေါ်ပေါက်လာမယ်လို့ ခန့်မှန်းနေကြတာပါ။

“သမိုင်းတလျှောက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီးတွေ ချမှတ်ခဲ့တာကို နိုင်ငံငယ်တွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီး၊ အခုအခါ မျက်မြင်ကိုယ်တွေ့ သက်သက်မဟုတ်ပဲ အများအကျိုးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာပါ ပါဝင်ခွင့် ရရှိကြတော့မှာပါ။” လို့ အဖွဲ့ဝင်သစ်အဖြစ် ရွေးချယ်ခံရတဲ့ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးရာဝန်ကြီး Olta Xhaçka ကပြောဆိုလိုက်တာပါ။

လတ်တလောမှာတော့ လုံခြုံရေး ကောင်စီဟာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအရေး၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နိုင်ငံတွေက ပဋိပက္ခတွေ အပါအဝင် အရှေ့အလယ်ပိုင်းဒေသက ပြဿနာတွေနဲ့ အဓိက ရင်ဆိုင်နေရသလို စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းဖို့လည်း အဖွဲ့ဝင်နိုင်ငံတချို့က ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG