သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခ လူ  ၈၀၀,၀၀၀ ကျော် ထွက်ပြေးလာနိုင်ဟု ကုလသတိပေး


ဆူဒန်နိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ချာ့ဒ်နိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ဆူဒန်ဒုက္ခသည်တွေကို အေဒရီမြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က ရိက္ခာဝေငှပေးစဥ်။ (ဧပြီ ၂၆၊ ၂၀၂၃)
ဆူဒန်နိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ချာ့ဒ်နိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ဆူဒန်ဒုက္ခသည်တွေကို အေဒရီမြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က ရိက္ခာဝေငှပေးစဥ်။ (ဧပြီ ၂၆၊ ၂၀၂၃)

မေ ၂၊ ၂၀၂၃

ဗွီအိုအေ (မြန်မာဌာန)

တိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်နိုင်ငံကနေ လူ ၈၀၀,၀၀၀ ကျော် ထွက်ပြေးလာနိုင်တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။ လူတွေ သောင်းချီပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အီဂျစ်၊ ချဒ်နဲ့ ဗဟိုအာဖရိကနိုင်ငံတွေကို ထွက်ပြေးခဲ့ကြတာ အနည်းဆုံး ၅ သောင်းရောက်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုပါတယ်။ လူ ၇၅,၀၀၀ ဝန်းကျင်က ပြည်တွင်း‌အိုးအိမ်စွန့်ခွါထွက်ပြေးရသူတွေ (IDP) ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

"ပိုဆိုးမလာဘူး လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်နေကြတာတွေ မရပ်ဘူးဆိုရင် လုံခြုံရာရှာဖို့ လူတွေ ပိုထွက်လာကြပါလိမ့်မယ်။" လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Filippo Grandi က တွစ်တာ လူမှုစာမျက်နှာမှာ ရေးပါတယ်။

တိုက်ပွဲတွေကြောင့် အကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးကြသလို ဆေးရုံတွေလည်း ထိမှန်ပြီး လူသားချင်းစာနာထောက်ထားရေး အထောက်အကူ ပစ္စည်းတွေကို လုယူကြတာတွေ ရှိနေပါတယ်။ နိုင်ငံခြား‌ အကူအညီပေးရေးအဖွဲ့တွေကလည်း သူတို့လုပ်ငန်းတွေ ရပ်ထားရပါတယ်။ ဝန်ထမ်း ၃ ဦး သေဆုံးသွားလို့ လုပ်ငန်းရပ်ထားခဲ့တာကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လုပ်ငန်းတွေ ပြန်စနေပြီလို့ တနင်္လာနေ့က ပြောပါတယ်။

ဆူဒန်နိုင်ငံရဲ့ယိုင်နဲ့နေတဲ့ကျန်းမာရေးကဏ္ဍဟာ ဘေးအန္တရာယ်ထဲဝင်နေပြီလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ အရှေ့အလယ်ပိုင်းဒေသ အရှေ့ပိုင်းရုံး ညွှန်ကြားရေးမှူး Ahmed al-Mandhari က ပြောပါတယ်။ မိုးရာသီနီးလာပြီး စိတ်ချရတဲ့ရေ မရနိုင်တဲ့အခြေအနေမှာ ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါအန္တရာယ်တွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

ဆူဒန်စစ်တပ်ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan နဲ့ RSF ပြည်သူ့စစ် ဗိုလ်ချုပ်ကြီး Mohamed Hamdan Daglo တို့ကြား သဘောထားကွဲပြားပြီး ဧပြီလ ၁၅ ရက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ခုဆိုရင် သီတင်းသုံးပတ်အတွင်း ရောက်လာခဲ့ပါပြီ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ မလေးစားဘဲ ပျက်သွားခဲ့ကြပါတယ်။ ဒီ တိုက်ခိုက်မှုတွေကြောင့် ခါတွန်မြို့မှာ အစားအစာနဲ့ရေ ပြတ်လပ်နေပြီး လျှပ်စစ်မီးတွေလည်း ပြတ်နေပါတယ်။

ဆူဒန်ပဋိပက္ခ လူ ၈၀၀,၀၀၀ ကျော် ထွက်ပြေးလာနိုင်ဟု ကုလသတိပေး
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG