သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လူ့အခွင့်ရေးအခြေအနေ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမည်


မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးအခြေအနေကိုရော ဒါနဲ့ဆက်စပ်နေတဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးတရပ်ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပဖို့ အမေရိကန်က ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါတယ်။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ခုလို ကြေညာလိုက်တဲ့အချိန်မှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အယ်ဘေးနီးယား သံအမတ်ကြီးတွေနဲ့အတူ ကြေညာခဲ့တာပါ။ အမေရိကန်ဟာ ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ ဒီလ အလှည့်ကျ သဘာပတိတာဝန်ယူထားပြီး လူ့အခွင့်အရေးဟာ ဒီလ လုံခြုံရေးကောင်စီရဲ့ အကြောင်းအရာဖြစ်တယ်လို့ သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ် က ပြောပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းကဆိုရင် ဒါဟာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီမှာ ပထမဆုံး တံခါးဖွင့်ဆွေးနွေးတာပါ။ လုပ်သင့်တာကြာပါပြီ လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးရမယ့် နေရာမဟုတ်ဘူးလို့ ရုရှားနဲ့တရုတ်က မကြာခဏပြောကြပါတယ်။ တခြား လူ့အခွင့်အရေးဆွေးနွေးတဲ့နေရာတွေမှာ မြောက်ကိုရီးယားရဲ့ လူတွေ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်နဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေရဲ့ အချိတ်အဆက် ကို မဆွေးနွေးခဲ့ကြဖူးဘူးလို့ အမေရိကန်တာဝန်ရှိသူတဦးက သတင်းထောက်တွေ ကို ကြာသပတေးနေ့ က ပြောပါတယ်။

ခုလို အစည်းအဝေးမျိုး ခေါ်တာကို ဟန့်တားနိုင်ဖို့အတွက် ရုရှားနဲ့တရုတ်တို့က လုပ်ထုံးနည်းလမ်းဆိုင်ရာ မဲပေးဖို့ တောင်းဆိုနိုင်ပါတယ်။ အဲဒီလိုလုပ်ခဲ့ရင် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၉ နိုင်ငံက ခုလို အစည်းအဝေးခေါ်တာကို ထောက်ခံမဲပေးကြဖို့ လိုအပ်ပါတယ်။ ဒီလို မဲရရှိဖို့ အမေရိကန်အနေနဲ့ လွယ်ကူတဲ့အနေအထားမှာ ရှိတယ်လို့ အကြီးတန်း အမေရိကန်တာဝန်ရှိသူတဦးကတော့ ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Volker Türk နဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန် Elizabeth Salmón တို့ နဲ့အတူ အရပ်ဘက်အဖွဲ့အစည်းတွေက မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လုံခြုံရေးကောင်စီမှာ တင်ပြကြမှာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG