သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁ မြန်မာသတင်း ခြုံငုံသုံးသပ်ချက်


Doctors and health workers hold a banner and signs as they take part in a protest against the military coup in front of the Chinese embassy in Yangon on February 11, 2021. (Photo by Ye Aung THU / AFP)
Doctors and health workers hold a banner and signs as they take part in a protest against the military coup in front of the Chinese embassy in Yangon on February 11, 2021. (Photo by Ye Aung THU / AFP)
တိုက်ရိုက် လင့်ခ်

နှစ်ဆန်းချိန်က ရှိခဲ့တဲ့ မျှော်လင့်ချက်

၂၀၂၁ ဟာ မြန်မာတနိုင်ငံလုံးအတွက် မျှော်လင့်ချက်အားတက်စရာ အပြည့်အဝနဲ့ ဆန်းသစ်လာခဲ့တဲ့ နှစ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD က တခဲနက်အနိုင်ရရှိခဲ့ပြီးတဲ့နောက် မြန်မာ့ဒီမိုကေရစီဟာ တဆင့်တိုး ခြေကုတ်ရခဲ့ပြီလို့ မျှော်လင့်ယူဆနိုင်ဖွယ် ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ ဒေသတချို့နဲ့ ရွေးကောက်ပွဲအတွင်း အာဏာလက်ရှိ NLD ရဲ့ လုပ်ရပ်တွေဟာ မျှှမျှတတ မရှိဘူးဆိုပြီး၊ မကျေနပ်ဖြစ်နေသူတွေ နည်းနည်းရှိခဲ့ပေမဲ့ NLD ရဲ့တခဲနက်အောင်မြင်မှုကို စောဒတက် ငြင်းချက်ထုတ်သူဆိုလို မရှိသလောက်ရှားပါးခဲ့ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေကလည်း ဒီရွေးကောက်ကာလမှာ အားနည်းချက် တချို့ရှိခဲ့တယ်ဆိုတာကလွဲပြီး အပြီးသတ် 'ရလဒ်' ကိုတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့တခဲနက် အောင်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။

ပြည်သူတွေ သတိမထားမိခဲ့ကြတာကတော့ မကြာမီအချိန်အတွင်းမှာ မြန်မာ့ဒီမိုကရေစီ အလင်းရောင်ကို အမှောင်ထုကြီး ဖုံးလွှမ်းတော့မယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် မုန်တိုင်းအကြိုတိုက်ခိုက်နေတဲ့ လေပြေလေညှင်းကို ထိုအချိန်အထိ မြန်မာပြည်သူတွေ ရှူရှိုက်ပျော်မွှေ့နေခဲ့ကြတုန်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းပွဲ

ဒီလို အောင်ပွဲခံနေလို့ လက်ခုပ်သံတွေ မစဲခင်မှာပဲ ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ခံအရပ်သားအစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ စစ်တပ်ဟာ ဒုတိယသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ်ခန့်အပ်ပြီး၊ နိုင်ငံတော် အရေးပေါ်အခြေအနေကို ကျေညာပါတယ်။ အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပြောင်း ရယူခဲ့ပါတယ်။

အဲဒီလိုနဲ့ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ဟာလဲ မြန်မာ့သမိုင်းမှာ ဆန်းသစ်အားယူဖို့ လုပ်နေတဲ့ ဒီမိုကရေစီ ဒုတိယအကြိမ် ချုပ်ငြိမ်းကျဆုံးရတဲ့ နေ့အဖြစ် သမိုင်းဝင်သွားခဲ့ပါတော့တယ်။

ဒီလို ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး နိုင်ငံတော်သမ္မတ အပါအဝင် အရပ်သားအစိုးရအကြီးအကဲတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စစ်တပ်ဘက်က ဘယ်လိုပင်အကြောင်းပြ ပြောဆိုခဲ့ပေမဲ့ ပြည်သူလူထုက လက်မခံကြပါဘူး။ အာဏာသိမ်းပြီး နောက်ရက်အနည်းငယ်အကြာမှာပဲ နိုင်ငံတဝှမ်း နေရာကွက်ကျား ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ NLD နဲ့ သိပ်အစည်းမကပ်လှတဲ့ တိုင်းရင်းသားနဲ့ အရပ်သားနိုင်ငံရေးသမားတချို့ကို ခေါင်းခေါက်ရွေးပြီး၊ နိုင်ငံတော်စီမံ အုပ်ချပ်ရေးကောင်စီ ဆိုတာကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာစစ်အစိုးရဆိုတဲ့ ပုံရိပ်ကိုဖျက်ချင်လို့ ဒီလို အရပ်သားတွေကို ထည့်သွင်းတာ ဖြစ်ဟန်ရှိပေမဲ့ သူတို့ကို လူတိုင်းက 'စစ်ကောင်စီ' လို့သာ ခေါ်ဝေါ် သုံးနှုန်းခဲ့ကြတာ တွေ့ရပါတယ်။

CRPH ဖွဲ့စည်းခြင်း

တကယ်တော့ ဒီလို စစ်တပ်က အာဏာသိမ်းယူတဲ့ အချိန်ဟာ မကြာခင် လွှတ်တော်သစ် ခေါ်ယူကျင်းပတော့မယ့် အချိန်ဖြစ်နေတဲ့အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အားလုံးလိုလိုဟာ နေပြည်တော်မှာ စုရုံးရောက်ရှိနေခဲ့ကြပြီ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လွှတ်တော်ကို မခေါ်ယူပဲထားရှိနေချိန်၊ ဖေဖေါ်ဝါရီ (၅) ရက်နေ့မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH - Committee Representing Pyidaungsu Hluttaw) ကို ဖွဲ့စည်းလိုက်ကြပါတယ်။

အကြမ်းဖက် နှိမ်နင်းမှု

ရန်ကုန်မြို့လမ်းမတွေပေါ်ကို ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်လာကြပြီး၊ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်လာခဲ့ကြပါတယ်။ စစ်တပ်ကလဲ မြိုနယ်တချို့မှာ စစ်အုပ်ချုပ်ရေး ကျေညာပြီး၊ ဆန္ဒပြလူအုပ်ကို စတင်နှိမ်နင်းပါတော့တယ်။ အဲဒီနောက် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေ၊ အချင်းချင်းဆက်သွယ်ညှိနှိင်းတာကို ဟန့်တားတဲ့အနေနဲ့ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေ ရုံးစိုက်နေထိုင်တဲ့ နေပြည်တော်က လူထုဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းတဲ့အတွက် မမြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာသိမ်းပြီး၊ ပထမဦးဆုံး အသက်ဆုံးရှုံးရသူ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ဖေဖေါ်ဝါရီ (၂၈) ရက်နေ့မှာ (၁၈) ဦး၊ မတ်လ (၂၈) ရက်နေ့မှာ (၃၈) ဦး စသဖြင့် ဆန္ဒပြပြည်သူတွေ သေဆုံးရမှုဟာ တချိန်ထက်တချိန် ပိုပြီးများပြားလာခဲ့ပါတော့တယ်။ သေဆုံးရသူ အရေအတွက် ဘယ်လောက်ရှိလာပြီဆိုတာ နိုင်ငံရေးသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က တောက်ရှောက် စာရင်းပြုစု ထုတ်ပြန်ပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ ဒါဟာချဲ့ကားပြောဆိုထားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ပထမလဝက် ရောက်လာချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ လွတ်လပ်တဲ့ မီဒီယာတွေကို နှိပ်ကွပ်လာပါတယ်။ မီဒီယာသမားတချို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး၊ တချို့လဲ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီအတောအတွင်းမှာပဲ စက်ရုံအလုပ်ရုံတချို့လည်း မီးရှို့ခံခဲ့ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို အာဏာသိမ်းစစ်ကောင်စီက အင်အားအလွန်အကျွံသုံး ပစ်ခတ်နှိမ်နင်းတဲ့အတွက် နိုင်ငံတကာက ရှုတ်ချပြောဆိုမှုတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။

မတ်လ (၁၇) ရက်နေ့မှာတော့ CRPH (ခေါ်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီဟာ ယခင် NLD အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပေါ် မတရားသင်းအဖြစ် ကျေညာထားတာကို ပယ်ဖျက်လိုက်ပါတယ်။

သွေးစွန်းတဲ့ တပ်မတော်နေ့

မြန်မာစစ်တပ်က တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ မတ်လ (၂၇) ရက်နေ့မှာ ပုံမှန်လိုပဲ စစ်ရေးပြ အခမ်းအနားတွေကို ကျင်းပခဲ့ပေမဲ့ နိုင်ငံတဝှမ်း ကန့်ကွက်ဆန္ဒပြမှုတွေ လွန်စွာများမြာပြားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံးမြို့နယ်ပေါင်း (၂၀) မှာ သေဆုံးရသူ (၁၀၆) ဦး ရှိခဲ့ပါတယ်။

ဒီစစ်ရေးပြအခမ်းအနားကို နိုင်ငံခြားသံတမန်တွေ အများအပြား သပိတ်မှောက်ခဲ့ကြပေမဲ့၊ ရုရှား နဲ့ အိန္ဒိယ အပါအဝင် (၈) နိုင်ငံသံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ အထူးခြားဆုံး ဧည့်သည်ကတော့ ရုရှားနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Aleksandr Fomin ပဲ ဖြစ်ပါတယ်။ သူဟာ စစ်တပ်အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက်တဲ့ အဆင့်အမြင့်ဆုံး နိုင်ငံခြားအစိုးရ ဧည့်သည်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီ ဒုဝန်ကြီးကို နိုင်ငံတော် အကြီးအကဲတယောက်လို ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ ရုရှားနိုင်ငံကိုလည်း စစ်မှန်တဲ့ မိတ်ဆွေစစ် ဖြစ်တယ်လို့ သူမိန့်ခွန်းမှာ ချီးကျူးပြောကြားသွားပါတယ်။

ဧပြီလဆန်းပိုင်းမှာတော့ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကျေညာပြီး၊ Federal Democracy Charter (ခေါ်) ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ ပဋိဉာဉ် ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဧပြီ (၁၀) ရက်နေ့မှာ ပဲခူးမြို့ ဆန္ဒပြလူအုပ်ကို စစ်ကောင်စီလုံခြုံရေးတပ်တွေ ပစ်ခတ်လို့ လူပေါင်း (၈၀) ကျော် သေဆုံးရပြန်ပါတယ်။

CRPံ ဘက်ကတော့ ဧပြီ (၁၆) ရက်နေ့မှာ NUG (National Unity Government) (ခေါ်) အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။

စီးပွားရေးထိခိုက်မှု

ဒီလို နိုင်ငံရေးပဋိပက္ခ လှိုင်းတံဘိုး မြင့်မားလာတဲ့အတွက် COVID ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းနေရတဲ့ မြန်မာနိုင်ငံရေး စီးပွားရေး ထပ်မံကျဆင်းသွားခဲ့ပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအပြင်၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ CDM (ခေါ်) အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာလဲ အာဏာသိမ်းစစ်ကောင်စီကို အတော်လေးအကျပ်ရိုက်စေခဲ့သလို၊ အထူးသဖြင့် ဆေးဘက်၊ ပညာရေးဘက် ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်မှုကြောင့် ပြည်သူလူထုအဖို့ ကျန်းမာရေး၊ ပညာရေးတွေ အများကြီးထိခိုက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ Amata Corporation က တည်ဆောက်မယ့် ဒေါ်လာ (၁) ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန် တည်ဆောက်ရေးစီမံကိန်း၊ ဂျပန် 'ဆူဇူကီးကား' ထုတ်လုပ်မှုတို့ ရပ်ဆိုင်းသွားခဲ့သလို၊ ရန်ကုန်အစုရှယ်ယာ ရောင်းဝယ်ရေးဈေးကွက်လည်း အလုပ် မဖြစ်တော့ပါဘူး။ နော်ဝေးအခြေစိုက် 'တယ်လီနော' ဆက်သွယ်ရေးကုမ္ပဏီဟာ သူတို့လုပ်ငန်းကို ရောင်းပြီး၊ မြန်မာနိုင်ငံကထွက်သွားခဲ့ပါတယ်။

မြန်မာအိမ်နီးချင်း နိုင်ငံတချို့ကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့၊ အထည်ချုပ်လုပ်ငန်းဟာမျိုးဟာလည်း အစက စက်ရုံပေါင်း (၇၀၀) ကျော်ရှိလာခဲ့ပြီးမှ၊ တဝက်ခန့် ပိတ်သွားပြီး ဝန်ထမ်းအများအပြား အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါတယ်။

အလားတူစွာပဲ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း အဆက်အသွယ် ပြတ်တောက်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတ Joe Bieden ကတော့ မြန်မာအစိုးရရဲ့အပ်နှံငွေ ဒေါ်လာ (၁) ဘီလီယံကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ပြီး စစ်ကောင်စီဝင်တွေ၊ သူတို့ရဲ့မိသားစုဝင်တွေ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ ရပ်တည်ချက်များ

စစ်အာဏာသိမ်းပိုက်မှုကို ဒီမိုကရေစီနိုင်ငံတွေက အပြင်းအထန် ရှုတ်ချဝေဖန်ခဲ့ကြပေမဲ့၊ မြန်မာ့အိမ်နီးချင်းလည်းဖြစ် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်လို့လဲ ကြွေးကြော်နေတဲ့ အိန္ဒိယနိုင်ငံကတော့၊ တရုတ်နိုင်ငံလိုပဲ စစ်အာဏာသိမ်းတဲ့အတွက် စိတ်မကောင်းကြောင်းမျှသာ ပြောကြားခဲ့ပါတယ်၊ အခုနောက်ဆုံးမှာဆိုရင် အိန္ဒိယဟာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု လုပ်နေတာတွေကိုပါ တွေ့နေရပါတယ်။

Consensus (ခေါ်) အများသဘောတူညီမှုအရ ဆုံးဖြတ်မယ်၊ အဖွဲ့ဝင်တွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ မူချမှတ်ထားတဲ့ ASEAN (ခေါ်) အရှေ့တောင်အာရှများအသင်းကတော့ ဒီအရေးမှာ အဓိက ဦးဆောင်ဖြေရှင်းပေးရမယ့် အနေအထားကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့်လဲ ဧပြီ (၂၄) နေ့မှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ဆီ ဖိတ်ခေါ်ပြီး၊ အာဆီယံရဲ့ မူ (၅) ချက် ပါရှိတဲ့ သဘောတူညီချက်ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီအပေါ် အမှန်တကယ် ထိရောက်နိုင်တဲ့ တောင်းဆိုချက်တွေမပါရှိဘဲ နှစ်ဘက်စလုံးက အကြမ်းဖက်မှုတွေကို လျှော့ချရမယ်ဆိုတာကိုသာ တောင်းဆိုထားတဲ့အတွက် တက်ကြွလှုပ်ရှားသူတချို့က အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

ထိုစဉ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး လာရောက်ရေးကိစ္စဟာလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရနိုင်ဘူးဆိုတဲ့ အကြောင်းကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။

အခုတော့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျတာဝန်ဟာ ကမ္ဘောဒီးယားနိုင်ငံလက်ထဲ ရောက်ရှိသွားပါပြီ။ ကမ္ဘောဒီးယားကတော့ မြန်မာစစ်ကောင်စီအပေါ် သဘောထား ပျော့ပျောင်းလိုဟန် ရှိနေပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်းကိုယ်တိုင် လာမယ်နှစ် ဇန်နဝါရီမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောကြားနေပါလေရဲ့။

မြန်မာနိုင်ငံမှာ စီးပွားရေးအရရော၊ မဟာဗျူဟာအရပါ အများဆုံးစိတ်ဝင်စားတဲ့ တရုတ်နိုင်ငံဟာလဲ ဒီအရေးကို မြွေမသေတုတ်မကျိုး ကိုင်တွယ်ဖို့ အားထုတ်နေတာကို တွေ့ရပါတယ်။ အာဆီယံကို ရှေ့တန်းတင်ထားပြီး ကိုယ်တိုင်ပြောဆိုညှိနှိုင်းပေးမယ့် အလားအလာတော့ မတွေ့ရပါဘူး။ အလားတူပဲ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ထောက်ခံအားပေးတာမျိုးလဲ မတွေရပါဘူး။

ဒီအချိန်မှာ မြန်မာစစ်ကောင်စီအတွက် အဓိက အားထားရာဟာ ရုရှားနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ ရုရှားဟာ အရှေ့တောင်အာရှဒေသကို မဟာဗျူဟာအရ စိတ်ဝင်စားနေခဲ့တာပါ။ ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ၊ မြန်မာစစ်သားတွေကို ခေါ်ယူလေ့ကျင့်ပေးတာတွေ လုပ်နေခဲ့တာပါ။ မြန်မာစစ်တပ်ကလဲ တရုတ်နိုင်ငံပေါ် မှီခိုနေရတဲ့ အဖြစ်ကို ပြောင်းလဲပစ်ချင်နေတာပါ။ အခုအာဏာသိမ်ပြီးနောက်မှာတော့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိမ်နီးချင်း တရုတ်ကိုမသွားဘဲ၊ ရုရှားကိုအရင် သွားရောက်ခဲ့ပါတယ်။ ရုရှားအစိုးရက သူ့ကိုနိုင်ငံတော်အကြီးအကဲ တယောက်လို မဆက်ဆံခဲ့ပေမဲ့၊ တန်ဖိုးကြီးတဲ့ လက်နက်ဖောက်သည် တယောက်လိုတော့ ဆက်ဆံခဲ့ပါတယ်။

ရုရှားပြန်ရောက်ပြီး တလလောက်အကြာမှာတော့ ဗိုလ်ချုပ်မျူးကြီးမင်းအောင်လှိုင်ဟာ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။

ကုလသမဂ္ဂကတော့ စစ်အာဏာသိမ်းတာကို လက်မခံ၊ စစ်ကောင်စီရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ရှုတ်ချ၊ စစ်ဘေးရှောင်တွေအတွက် စာနာမှုအကူအညီပေးရေးတို့ကလွဲပြီး၊ ကိုယ်ထိလက်ရောက် လုပ်ဆောင်နိုင်မယ့် အခြေအနေ မတွေ့ရပါဘူး။ ဒါပေမဲ့ တဘက်မှာလဲ စစ်ကောင်စီခန့် အမြဲတန်းကိုယ်စားလှယ်ကို လက်မခံပဲ NUG ကို သစ္စာခံတဲ့၊ NLD အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်း ကို ဆက်ပြီးတော့ လက်ခံထားတာကို တွေ့ရပါတယ်။

လက်နက်ကိုင်တိုက်ပွဲ

စစ်အာသိမ်းတာခံလိုက်ရတဲ့အတွက် အပြင်းထန်ဆုံး နာကျည်းခံပြင်းခဲ့ကြသူတွေကတော့ မျိုးဆက်သစ်လူငယ်တွေပဲ ဖြစ်ပါတယ်။ Generation Z လို့ခေါ်တဲ့ ဒီမျိုးဆက်သစ် လူငယ်တွေဟာ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြရင်း ကျဆုံးသွားရတဲ့အထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။ မြို့ပေါ်မှာ အကြမ်းမဖက် ဆန္ဒပြေဖော်ထုတ်ရုံနဲ့ ဘာမှဖြစ်မလာနိုင်တော့ဘူးဆိုတာကို သဘောပေါက်သွားပြီးနောက်မှာတော့ ဒီလူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ပြီး၊ စစ်ပညာသင်ယူကြပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဒေသလိုက်ဖွဲ့စည်းပြီး၊ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရင်ဆိုင်လာကြပါတယ်။

NUG အစိုးရရဲ့ယာယီသမ္မတ လရှီးလာ က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ကြဖို့ ပြည်သူတရပ်လုံးကို ဆော်သြတဲ့ စစ်ကျေညာချက်တစောင်ကို စက်တင်ဘာ (၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးသလို၊ တချို့အင်အားစုတွေဆိုရင် သူတို့ကိုယ်တိုင် စစ်ရေးအရှိန် မြှင့်လာတာကို တွေ့ရပါတယ်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ချုပ်ဆိုခဲ့တဲ့ NCA အပစ်ရပ်သဘောတူညီချက်ဟာလည်း ပျက်ပြယ်သလောက် ဖြစ်သွားခဲ့ပါပြီ။

ဒီအခြေအနေကို ပြည်တွင်းစစ် အခြေအနေလို့ သုံးသပ်သူအတော်များများက မှတ်ချက်ချကြပါတယ်။

အခု ၂၀၂၁ ကုန်ဆုံးလု အခြေအနေမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေ အရှိန်ပိုမြင့်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် အပစ်ရပ်အဖွဲ့တွေအထဲ အင်အားအကြီးဆုံး နဲ့ အဓိကကျတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဟာ ချည့်နဲ့နေတဲ့ အပစ်ရပ်သဘောတူညီချက်ကို လုံးဝပျက်ပြယ်တော့မယ့် အခြေဆိုက်နေပါတယ်။ ဒီလိုတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်တွဲ တိုက်ခိုက်နေတဲ့ PDF တွေရဲ့လှုပ်ရှားမှုတွေကိုလည်း ပိုမိုမြင်တွေ့လာရပါတယ်။ သူတို့အနေနဲ့ ဖောင်ဖျက်ခဲ့ပြီး ဖြစ်တဲ့အတွက် နောက်ပြန်လှည့် စရာအကြောင်း မမြင်သလို၊ ဆွေးနွေးစေ့စပ် အဖြေရှာရေးကို ပယ်ချထားတဲ့ စစ်ကောင်စီအနေနဲ့လည်း ဆက်လက်ပြီး အင်အားသုံးဖြိုခွင်း သွားဖွယ်သာ မြင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ရွေးကောက်ပွဲ ကတိနှင့် နောင်နှစ်အလားအလာ

စစ်ကောင်စီဟာ အာဏာသိမ်းပြီးစကတော့ တနှစ်အကြာမှာ ရွေးကောက်ပွဲကျင်းပပြီး၊ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို ကျေညာခဲ့ပေမဲ့၊ အခုတော့ တနှစ်ထပ်တိုးပြီး (၂) နှစ်အကြာ ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပေးမယ်လို့ ပြောလာပြန်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို ရွေးကောက်ပွဲ မဲမသမာမှုအပါအဝင် စွဲချက်များစွာနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။ သူတို့ကို ရွေးကောက်ပွဲမှာ ဝင်မပြိုင်စေချင်လို့ ဒီလုပ်ရပ်ကို လုပ်တာဖြစ်တယ်လို့ သုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။

အချုပ်ပြောရရင်တော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေကြောင့် လာမယ့် ၂၀၂၂ မှာလည်း စီးပွားရေး၊ လူမှုရေး ဆင်းရဲနိမ့်ကျပြီး ပြည်သူတွေ အခက်ဒုက္ခရောက်ကြလေရအုံးမလားဆိုတာကို ဒီလိုနှစ်သစ်ကူး ပျော်ရွှင်ရမယ့်အချိန်မှာ လူတိုင်းစိုးရိမ်မကင်း ဖြစ်နေကြတယ်ဆိုရင် မှားမယ်မဟုတ်ကြောင်းပါခင်ဗျား။


==Unicode ==




















































XS
SM
MD
LG