ယူကရိန်းသမ္မတ ဇာလန်းစကီးရဲ့ အီတလီ၊ ဗက်တီကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေ ၃ ရက် ခရီးစဥ်အတွင်း ဥရောပ ခေါင်းဆောင်တွေ က ဒုံးကျည်တွေ၊ တင့်ကားတွေ နဲ့ ဒရုန်းတွေ ကို ယူကရိန်း ကို ပေးဖို့ ကတိကဝတ်ပြုလိုက်ကြပါတယ်။
နွေဦး ထိုးစစ်မတိုင်မီ လျော့နည်းသွားတဲ့လက်နက်ခဲယမ်းမီးကျောက်တွေကို ပြန်ဖြည့်ဖို့ရည်ရွယ်ချက်နဲ့ ဒီခရီးစဥ်ကရည်ရွယ်ခဲ့တဲ့အတိုင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒီခရီးစဥ်ဟာ ယူကရိန်းနိုင်ငံ ရေရှည်ရပ်တည်နိုင်ရေးအတွက် စစ်ရေးသာမက နိုင်ငံရေးတိုက်ပွဲကို ပုံဖော်တဲ့ခရီးလည်းဖြစ်ကြောင်း ပြင်သစ်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့က ပိုင်းခြားသုံးသပ်သူ François Heisbourg က ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းက တောင်းဆိုနေတဲ့ တိုက်လေယာဥ်တွေကိုတော့ ဒီခရီးစဥ်မှာလည်း ယူကရိန်းသမ္မတ မရရှိခဲ့ပါဘူး။
ယူကရိန်းသမ္မတရဲ့ ဥရောပခရီးစဥ်ပြီးဆုံးသွားချိန်မှာ ဘော်လတစ်ပင်လယ်ပြင်က ရုရှားလေပိုင်နက် ကို ဂျာမနီနဲ့ ပြင်သစ်လေယာဥ်တွေက ကျူးကျော်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။ ရုရှားဖက်ဒရေးရှင်းရဲ့ နယ်နိမိတ်ကနေ နိုင်ငံခြားစစ်လေယာဥ်တွေကိုပြန်ထုတ်အပြီးမှာ ရုရှားတိုက်လေယာဥ်တွေက လေတပ်စခန်းကို လုံလုံခြုံခြုံ ပြန်လာနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကျေညာချက်ထုတ်ပြန်ပါတယ်။
ဂျာမန်ပတ္တရောင်လှည့်လေယာဥ် P-3C Orion အမျိုးအစားတစင်းနဲ့ ပြင်သစ်ရေတပ်က ရေငုပ်သင်္ဘော စောင့်ကြည့်လေယာဥ် Atlantique 2 လေယာဥ် အမျိုးအစားတို့ဖြစ်တယ်လို့ ရုရှားက ဆိုပါတယ်။