ရေဘေးသင့် ညောင်လေးပင်ဒေသ စစ်ဒဏ်ပါခံနေရ

FILE - Saw Win Myint, a commander of a military unit under the Karen National Union, the leading political body for the Karen ethnic minority that is part of the resistance against military rule in Myanmar, inspects the damaged armory in the captured army base of Infantry Battalion 275 in Myawaddy township in Kayin state, Myanmar, on April 12, 2024.. (AP Photo/Metro, File)

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ  ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ရွှေကျင်မြို့နဲ့ မုန်းမြို့တို့မှာ စစ်ကောင်စစ်တပ်ရဲ့လက်နက်ကြီး နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ ဦးဒဏ်ရာရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဒေသမှာ လူဦးရေ တသိန်းကျော်ရေဘေးသင့်နေတာဖြစ်ပြီး ဒေသခံတွေ စားသောက်ရေး သွားလာရေးခက်ခဲနေချိန်မှာ တိုက်ပဲွတွေမရှိဘဲ လက်နက်ကြီးနဲ့ဒရုန်းတွေနဲ့လာရောက်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာကပေးပို့ထားပါတယ်။

ရွှေကျင်မြို့ နဲ့ မုန်းမြို့တွေမှာ စစ်ကောင်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့်ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရတယ်လို့ KNU ကသတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီဒေသမှာရေဘေးသင့်ပြည်သူ တသိန်းကျော်ရှိပြီး ရေဘေးကိုခံစားနေရချိန်မှာ ဒေသခံတွေ စစ်ဘေးကိုပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့မှာပေါ့၊ မနက်ပိုင်းမှာပေါ့ ၊ ရွှေကျင်မြို့နယ် ဇလုပ်ကြီး အခြေစိုက်ထားတဲ့ ခြေမြန်တပ်ရင်း ၅၉၈ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာ စံဖဲကျေးရွာထဲကို ကျရောက်ပေါက်ကဲွပြီးတော့ အမျိုးသမီး ၂ဦးနဲ့အမျိုးသား ၁ ဦး ဒဏ်ရာရတယ်။ နောက် အောက်တိုဘာလ ၂ရက်နေ့မှာလည်း ပဲနွယ်ကုန်းအခြေစိုက် ညောင်လေးပင်ခရိုင်ထဲကို လက်နက်ကြီးနဲ့ပစ်နေတဲ့ တပ်ပေါ့၊ ၃၀၇ခြေမြန်တပ်ရင်းပေါ့၊ တာအထိုင်တပ်ရင်းတွေပေါ့။ အခုက ဒရုန်းနဲ့ဗုံးလာကြဲလို့ ကလေး ၃ဦး ဒဏ်ရာရတယ်။ သနပ်ကွင်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးသီးနဲ့လာ ကြဲတာ အခုလောလောဆည် ရေကြီးလို့ဒုက္ခရောက်နေတဲ့အချိန်ရေကြီးလို့ ဒုက္ခတွေ့နေတဲ့အချိန်သွားစရာလာစရာမရှိဘူး စားစရာလည်းမရှိချိန် အလှူရှင်လေးတွေကိုစောင့်ပြီး မှီခိုစားနေရတဲ့အချိန်မှာ စစ်ကောင်စီက ခဏ ခဏ လက်နက်ကြီးနဲ့ပစ်နေတော့ ထိတဲ့သူက ထိ၊ ဘယ်မှ လည်းသွားလာမရ၊ စားစရာကလည်းမရှိ အကုန် ဒုက္ခရောက်နေရတာပေါ့။

SEE ALSO: မုန်းမြို့နယ်တွင်း ရေဘေးကူညီရေး အနှောင့်အယှက်ကြုံ

စက်တင်ဘာလ ၂၈ ရက်နေ့က KNU က သတင်းထုတ်ပြန်ချက်အရ ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာ ခရိုင် ၇ ခုထဲက မြို့နယ် ၂၇ မြို့နယ် ရှိတဲ့အထဲက မြို့နယ် ၂၀မှာ ရေဘေးဒဏ်ကိုခံစားနေရပြီး အခု ညောင်လေးပင်ခရိုင်မှာတော့ ရေဘေးသင့်ပြည်သူ ၁၁၇, ၂၉၆ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသမှာ အိမ်ခြေ ၂၂,၇၀၀ ကျော် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရပြီး ကျေရွာပေါင်း ၁၈၀ ကျော် ရေကြီးရေလျှံမှု ဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ရေဘေးကော၊ စစ်ဘေးကော ကြုံနေရတယ်လို့ပြောပါတယ်။

"ရွှေကျင်မြို့နယ် မုန်းမြို့နယ် ကျောက်ကြီးမြို့နယ် ထဲမှာရေဘေးသင့်လို့ အကုန်ခံစားနေရတာ ရေလေးနည်းနည်ကျလို့ နာလန် ထူဖို့ လုပ်နေချိန်မှာ ကျနော်တို့က ရေဘေးကော၊ စစ်ဘေးကောခံစားနေရတာပေါ့။"

အဲဒီဒေသမှာ တော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူ့ လက်နက်ကြီးနဲ့ပတ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ အိုးအိမ်တွေ စာသင်ကျောင်းတွေ ပျက်စီးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။