ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ရုရှား စ သုံးလာ

ရုရှားကို သူ့တပ်ဖွဲ့ဝင်တွေစေလွှတ်ထားတဲ့ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲအောင်နိုင်ချိန်အထိ ရုရှားကို အထောက်အကူပေးမယ်လို့ အရင်က ထုတ်ဖော်ပြောကြားထား။ ဓာတ်ပုံ - File/AP

ယူကရိန်းရဲ့ နယ်မြေတွေကို သိမ်းယူဖို့ ရုရှားဟာ Kursk ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်ချထားတာတွေ စလုပ်နေပြီလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောပါတယ်။

ယူကရိန်းကို တိုက်ဖို့ မြောက်ကိုရီးယား တပ်ဖွဲတွေကို စ သုံးလာနေတဲ့ ကနဦး သက်သေ အထောက်အထားတွေ ရှိနေပြီး စစ်သည် အရေအတွက် သိသိသာသာ များတယ်လို့လည်း သမ္မတ Zelenskyy က သူ့ရဲ့ ပုံမှန် ညစဥ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သူ ရရှိတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ယူကရိန်းဘက်က ပြန်လည် ထိုးစစ်ဆင်နေတဲ့ Kursk ဒေသမှာ ရုရှားဟာ သူ့တပ်ဖွဲ့တွေနဲ့အတူ မြောက်ကိုရီးယားတပ်တွေကို သုံးလာနေတာလို့ သမ္မတ Zelenskyy က ပြောပါတယ်။

ရုရုားဘက်မှာ စစ်သည်တွေ သိသိသာသာ ကျရှုံးနေတဲ့အကြောင်းနဲ့ တခြား ရှေ့တန်း စစ်မြေပြင်တွေမှာပါ မြောက်ကိုရီးယားတပ်တွေကို သုံးနေတာ ရှိနိုင်တယ်ဆိုတာကိုလည်း သူ သိထားရတဲ့အကြောင်း ပြောပါတယ်။ ရုရှားနိုင်ငံ အနောက်ခြမ်း Kursk ဒေသမှာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယား တပ်သာ ၁၁,၀၀၀ အထိ ရှိခဲ့ပြီး ကျဆုံးသူတွေလည်း ရှိခဲ့တယ်လို့ သမ္မတ Zelenskyy က ပြောပါတယ်။

Your browser doesn’t support HTML5

စိုးရိမ်ဖွယ် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး


ရုရှားနဲ့ မြောက်ကိုရီးယားကြား ကာကွယ်ရေးဆိုင်ရာ အထင်ကရ သဘောတူညီချက်တရပ် ပြီးခဲ့တဲ့နွေရာသီက လက်မှတ် ရေးထိုး ခဲ့ကြပြီးနောက်ပိုင်း မြောက်ကိုရီးယားက စစ်သား ၁ သောင်းကျော် ရုရှားကို စေလွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေကလည်း စွပ်စွဲ ပြောဆိုထားကြပါတယ်။

၂၀၂၂ ခုနှစ် ယူကရိန်း ကျူးကျော်စစ် စတင်ချိန်ကစလို့ ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေး ဆက်ဆံမှုတွေ တိုးမြှင့် တည်ဆောက်လာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ရုရှား စ သုံးလာ