ကယ်လီဖိုးနီးယား Coronavirus ကူးစက်မှု အခြေအနေ

ကယ်လီဖိုးနီးယား LAX လေဆိပ်အတွင်း တရုတ်နိုင်ငံမှ ပြန်လာကြတဲ့ ခရီးသည်များ

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း (၁၂) ဦးထိရှိလာရာမှာ တဝက်က ကယ်လီဖိုးနီးယားပြည်နယ်က ဖြစ်ပါတယ်။ အခုဆိုရင် တရုတ်စားသောက်ဆိုင်အများစုဟာ အရင်ကထက် အရောင်းကျလာသလို၊ ခရီးသွားလုပ်ငန်းတွေနဲ့၊ အငှားယာဉ်မောင်းတဲ့ လုပ်ငန်းတွေမှာ ထိခိုက်မှု တချို့ရှိလာတယ်လို့ California ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ-အမေရိကန်တချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ အသွားအလာအများဆုံး ဝင်ပေါက် ထွက်ပေါက်ဖြစ်နေတဲ့ California ပြည်နယ်မှာ လူအများစိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မြန်မာနွယ်ဖွား အမေရိကန်တချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

တနင်္လာနေ့က နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူပေါင်း ၁၂ ဦးရှိနေတဲ့အထဲမှာ California ပြည်နယ်မှာ ကူးစက်ခံရသူ ခြောက်ဦးရှိနေတာပါ။ နှစ်ဦးကတော့ Santa Clara ကောင်တီကဖြစ်ပြီး နောက်ထပ်နှစ်ဦးကတော့ San Benito ကောင်တီနဲ့ တဦးက Los Angeles ကောင်တီ၊ နောက်ဆုံးတဦးကတော့ Orange County ကဖြစ်တယ်လို့ California ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Coronavirus ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ တထောင်ကျော်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အခြေအနေဟာ California ပြည်နယ်မှာ အရေးပေါ်အဆင့် ရောက်ရှိတဲ့ အနေအထားမရှိပေမယ့် တဖြေးဖြေး ကူးစက်ခံရတဲ့ အရေအတွက် တိုးလာနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ရှိလာပါတယ်။ ဒါကြောင့် လူပေါင်း ရာနဲ့ချီ တက်ရောက်မယ့် တောင်ပိုင်း California မြန်မာအသင်းရဲ့ နှစ်စဉ် ညစာစားပွဲ အစီအစဉ်ကို ဒီစိုးရိမ်မှုကြောင့် ရွှေ့ဆိုင်းခဲ့တယ်လို့ အသင်းရဲ့ ဒုဥက္ကဌ ဒေါ်လေးနိုင်အိကပြောပါတယ်။

“Southern California Burmese Association (SCBA) မှာ ပြီးခဲ့တဲ့ ၈ ရက်နေ့ညက Annual dinner လုပ်ဖို့ရှိတယ်။ နှစ်တိုင်း တရုတ်နှစ်သစ်ကူး ထမင်းစားပွဲပေါ့နော် ။ အဲဒါကို သူတို့ စိတ်ပူတဲ့အခါကျတော့ သူတို့က အဲဒီပွဲကို ပြန်ကြေညာမယ်ဆိုပြီးတော့ ရက်ရွှေ့လိုက်တယ်။ လူ ၅၀၀ ကျော်မယ်ဆိုတော့ လူ၅၀၀ ကျော်တဲ့တချို့ပွဲတွေ မလုပ်စေချင်ဘူးဆိုတဲ့အသံကြားတယ်။ အဲဒီအတွက်ကြောင့် တချို့ပွဲတွေ ဖျက်တယ်။ တချို့တွေကတော့လည်း လုပ်တာပဲ။”

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

အမေရိကန်မှာ နောက်ဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးကို ဖေဖေါ်ဝါရီလ (၆)ရက်နေ့က California ပြည်နယ် Santa Clara ကောင်တီမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ တရုတ်နိုင်ငံကို မကြာသေးခင်က ခရီးသွားခဲ့ကြ သူတွေဖြစ်တယ်လို့ USA Today သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့နှစ်ဦးထဲက တဦးဦးနဲ့ အတူနေခဲ့သူ မည်သူမဆို ရောဂါပိုးကူးစက်နိုင်ခြေအန္တရာယ်အများ ဆုံးရှိနေသူတွေလို့ စဉ်းစားမှာဖြစ်ကြောင်း ကောင်တီရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လက်ထောက်တာဝန်ခံ Dr. Sarah Rudman ကပြောပါတယ်။ သူတို့နှစ်ဦးလုံးကို အခြားလူတွေနဲ့ အဝေးမှာနေဖို့နဲ့ သူတို့ရဲ့နေအိမ်တွေမှာပဲ ၁၄ ရက်ကြာ ဆက်ပြီးနေဖို့ ကန့်သတ်ထားသလို၊ ဖျားနာတဲ့ ရောဂါအခြေအနေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်နေတယ်လို့ ကောင်တီကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မျာ ဖေါ်ပြထားပါတယ်။

ဒါကြောင့် ဆေးရုံတွေအတွက် ကျန်းမာရေးဌာနက အမိန့်ထုတ်ပြန်ထားတဲ့ အထူးစောင့်ကြည့်စစ်ဆေးရမယ့် အခြေအနေနဲ့ ပတ်သက်လို့ California ပြည်နယ်အခြေစိုက် မန္တလေး ဂက်ဇက် သတင်းစာထူထောင်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း ကျန်းမာရေးဝန်ထမ်းတဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ကြည်က ပြောပါတယ်။

“လူနာတွေက တရုတ်ပြည်က ပြန်လာတာတို့ သတင်းပေးရင် ချက်ချင်းအရမ်းသတိထားပြီးတော့ History ယူရမယ်။ နောက်ပြီးတော့ လေရှုလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါလက္ခဏာတွေရှိတယ်ဆိုရင် အားလုံး ကာကွယ်ရေးဝတ်စုံအပြည့်နဲ့ ဝတ်စုံကို ဝတ်ရမယ်။ နောက် နှာခေါင်းစည်းတွေလည်းတပ်ရမှာပေါ့နော်။ အရင်ဆုံးလူနာကို ခွဲပြီးထားရမယ်။ ဆေးရုံမှာ အဓိကတော့ နှာခေါင်းထဲက ထွက်တဲ့အရည်ရယ်၊ အောခေါင်မှာရယ် နောက်ပြီးတော့ သလိတ် ကို ယူပါတယ်။ ပိုးမွေးယူဖို့ ယူတာပေါ့နော်။ အဲဒါကို သီးသန့်ထုတ်ပြီးတော့ CDC ကိုပို့ရတာပေါ့နော် ။ CDC က သူတို့ လူလွှတ်ပြီးလာယူတယ်။ ဆေးရုံက လွှတ်စရာမလိုဘူးပေါ့နော်။ သာမန်ဆေးရုံကတော့ ဘာလုပ်သလဲဆိုရင် အဖျားရှိတယ် နောက်ပြီး လေရှုလမ်းကြောင်းက ရောဂါတွေကြောင့် လူနာ က ချောင်းဆိုးနှာစေးတယ်ဆိုရင် သူတို့က သာမန် screening လုပ်ပါတယ်။ screening က ဘာလုပ်သလဲဆိုတော့ ခုနပြောတဲ့ ၃ မျိုးယူတယ်။ Flu A ရှိ လား၊ Flu B ရှိလားဆိုတာကို စမ်းပါတယ်။

မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ပိုးက တရုတ်ကနေ စတင်ပျံနှံလာတာဆိုတော့ အခြား အမေရိကန်တွေက အာရှ တရုတ်တွေ တွေ့ရင် ကြောက်တာမျိုး၊ ရှောင်သွားတာမျိုးရော အဲဒီဘက်မှာရှိလား။ အထူးသဖြင့် ကျောင်းတွေမှာရော ရှိလား။

ဖြေ။ ။ အထက်တန်းကျောင်းမှာတော့ တချို့နည်းနည်းဖြစ်တယ်ပြောတယ်။ ဖြစ်တယ်ဆိုတာကတော့ ဥပမာ နှာစေးချောင်းဆိုးတယ်ဆိုရင် တရုတ်နွယ်ဖွားတွေဖြစ်တယ်ဆိုရင် ကျောင်းကတော့ အိမ်ပြန်လွှတ်ပါတယ်။ ကျောင်းမလာဖို့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့နေတဲ့ ဒီနားတဝိုက်က အထက်တန်းကျောင်းမှာတော့ ဆရာမတွေကတော့ အရမ်းသတိထားရတယ်။ နှာစေးချောင်းဆိုးနည်းနည်းဖြစ်တာနဲ့ အဲဒီကျောင်းသားကို အိမ်ပြန်လွှတ်ပါတယ်။ အဆင့်အတန်း၊ လူမျိုးခွဲခြားပြီးတော့ မဟုတ်ဘူးပေါ့နော်။ သူက ကျန်းမာရေးအကြောင်းပြချက်ကို ဦးတည်ပြီးတော့ အိမ်ပြန်လွှတ်ပါတယ်။”

လောလောဆယ်မှာတော့ ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုရှိနေပြီး စားသောက်ဆိုင် လုပ်ငန်း အပါအဝင် အငှားယာဉ်မောင်းတဲ့လုပ်ငန်းတွေမှာပါ ထိခိုက်မှုတချို့ရှိလာတယ်လို့ ဒေါ်လေးနိုင်အိက ပြောပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ပျံ့နှံလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၉၀၀ ထက်မနည်းရှိသွားပြီး လူပေါင်း လေးသောင်းကျော် ကူးစက်ခံနေရပြီဖြစ်တယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

Your browser doesn’t support HTML5

ကယ်လီဖိုးနီးယား Coronavirus ကူးစက်မှု အခြေအနေ


..................

ကယျလီဖိုးနီးယား Coronavirus ကူးစကျမှု အခွအေနေ

(Unicode)













