မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မြန်မာပြည်နယ်စပ်က အင်တာနက်လောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို အမြစ်ပြတ်ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံတည်းသာမက၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာမှာ ကနဦးအနေနဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်းပြောပါတယ်။
ဒါပေမဲ့ ဒီအွန်လိုင်းလိမ်လည်မှုတွေဟာ တရုတ်နဲ့ မြန်မာနိုင်ငံတို့က ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေပြီး၊ မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် နယ်စပ်ဒေသတွေမှာ ဒီလုပ်ငန်းတွေက ပျံ့နှံ့နေတယ်လို့လည်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအစိုးရအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားသလို၊ တရုတ်ပြည်သူတွေကလည်း အလွန်မုန်းတီးတဲ့အတွက် နှစ်ဦးနှစ်ဖက် အားကောင်းတဲ့ အစီအမံတွေကို ဆက်လက်ဆောင်ရွက်ပြီး၊ အခြားသက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နောက်တဆင့် ပူးပေါင်းတိုက်ဖျက် နှိမ်နင်းမှုတွေကို လုပ်ဆောင်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လက အွန်လိုင်းတရားမဝင် လောင်းကစားလုပ်ငန်းတွေရှိနေတဲ့ ရွှေကုက္ကိုလ်အပါအဝင် မြန်မာနယ်စပ်မြို့နယ်တချို့ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်မှုတွေရှိခဲ့ပါတယ်။
ရွှေကုက္ကိုလ်မှာရှိတဲ့ ဟိုတယ်တွေနဲ့ ကာစီနိုရုံတွေဟာ တရုတ်ဖောက်သည်တွေကို ပစ်မှတ်ထားပြီး ဒီလုပ်ငန်းတွေကို နယ်ခြားစောင့်တပ် (BGF) က ဦးစီးဆောင်ရွက်နေတာလို့ လေ့လာသူတွေပြောတကို ကိုးကားပြီး AFP သတင်းမှာလည်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5