ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ပြန်လည် လက်ခံရေးစခန်းတွေကို မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တချို့ ဒီရက်ပိုင်း သွားရောက်ခဲ့ကြပါတယ်။ ခုလို နိုင်ငံတကာသံရုံးတွေ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေ ဒုက္ခသည်စခန်းတွေကို မကြာခဏ လာရောက်တာတွေ ရှိပေမဲ့လို့၊ ဒုက္ခသည်တွေရဲ့ လိုလားချက်တွေကို တစုံတရာ ဖြည့်ဆည်းပေးတာ မရှိသလို ဘာမှ ထူးခြား ပြောင်းလဲလာတာတော့ မရှိဘူးလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ သတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
စစ်ကောင်စီ ရခိုင်ပြည်နယ် တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် သံရုံးတွေက သံတမန်တချို့ ပါဝင်တဲ့အဖွဲ့ဟာ စစ်တွေ မြို့နယ်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းနဲ့ မောင်တောမြောက်ပိုင်းက ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းတွေကို ဒီလ အစောပိုင်းက သွားရောက်ခဲ့ကြပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒီလို နိုင်ငံခြားသံတမန်တွေ ရောက်လာပြီး မိုခါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်ပေးမယ့်အကြောင်း ပြောဆိုသွားပေမဲ့ ဒုက္ခသည်တွေ ဘက်တော့ ဘာမှ တင်ပြခွင့် မရလိုက်တဲ့အကြောင်း စစ်တွေမြို့နယ် သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မူလနေရပ်ကို ပြန်ချင်ကြပေမဲ့လည်း နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သတ်လို့ ဘာမှ ပြောဆိုသွားတာ မရှိကြောင်းလည်း ဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။
“ နေရပ်ပြန်ရေးစကားကို လုံးဝမပြောဘူး။ အမှန်ဆိုရင် နေရပ်ပြန်မယ့် စကားကို ပြောရမှာပေါ့နော်။ အန်တီတို့ဆိုရင် မြို့ပေါ်ကနေ ဒုက္ခသည်စခန်းကို ရောက်နေတာ၊ ကိုယ့်အိမ်ကိုယ့်မြေ ကိုယ့်နေရာကို ပြန်ရမယ်။ အဲ့ဒါကို ဘာတခုမှ မပြောသွားဘူး။”
နိုင်ငံခြား သံတမန်တွေဟာ စစ်တွေမြို့က သက္ကယ်ပြင် ဒုက္ခသည်စခန်းအပြင် မောင်တောမြောက်ပိုင်းမှာရှိတဲ့ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင် ဒုက္ခသည် ပြန်လည် လက်ခံရေး စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့တယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တဦးက ပြောပါတယ်။
“ အထူးသဖြင့် စခန်းနှစ်ခုကို ပြန်လာတဲ့ သူတွေ လက်ခံတဲ့စခန်းပေါ့။ ယာယီဆိုတဲ့ ကိစ္စ အဲ့ဒီဟာတွေကို ကြည့်တယ်။ ပြီးရင် မိုခါမုန်တိုင်းနဲ့ ပတ်သတ်ပြီးတော့ လုပ်တဲ့ဟာတွေ အမိုးလန်တာတွေ၊ ဘာတွေ ညာတွေ၊ ဒါတွေ လုပ်ပေးတယ် ဆိုတဲ့ ဟာတွေကို ရှင်းလင်းချက်ပေါ့။ ဒါတွေ တွေ့လို့ ဝမ်းသာပါတယ်ဆိုတဲ့ စကားလုံး နှစ်လုံး သုံးလုံးလောက်တော့ ပြောတယ်ပေါ့။ လာကြည့်ရုံလောက်ပဲဗျာ။ ”
ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေကို မြန်မာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ ခုလို မကြာခဏ လာရောက်တာတွေ ရှိပေမဲ့လည်း ဒုက္ခသည်တွေအတွက် တစုံတရာ ထူးခြားပြောင်းလဲ လာတာမျိုး မရှိတဲ့အကြောင်းလည်း မွတ်ဆလင်ဒုက္ခသည် နောက်တဦးက ပြောပါတယ်။
“ဒီမှာ ဒုက္ခသည်စခန်းက လူတွေကိုတော့ သူတို့က အခါ ၁ဝဝ လောက် လာနေတာပေါ့။ လူကြီးတွေက ဘာတခုမှ ထူးတာမရှိဘူး။ အခုလည်း လာကြည့်တယ်။ ဘာမှမထူးဘူး။ ဒီလိုပဲနေကြတယ် ဒုက္ခသည်တွေကလည်း။”
ဆက်စပ်ဖတ်ရှုရန်
ကန့်သတ်မှုတွေကြောင့် ရခိုင်မုန်တိုင်းအကူအညီများခက်ခဲမိုခါမုန်တိုင်းသင့် ရခိုင်ဒေသတချို့မှာ ရာသီတုတ်ကွေး အဖြစ်များနေမိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲအခုလာရောက်တဲ့ သံတမန်တွေထဲမှာ ဘယ်နိုင်ငံ သံရုံးတွေက အရာရှိတွေ ပါသလဲ ဆိုတာကိုတော့ သေချာမသိရကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ သံတမန်တွေထဲမှာ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Monwar Hossain လိုက်ပါသွားခဲ့ပြီး၊ နေရပ်ပြန်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့တယ်လို့လည်း ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောပါတယ်။
နိုင်ငံခြား သံတမန်တွေရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ စစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန်တာ မတွေ့ရသလို၊ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကိုရော၊ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုပါ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို နေရပ်ပြန်ပို့ရေးကိစ္စ အစပျိုး လုပ်ဆောင်မှုတွေ ဒီနှစ်ကုန်မှာ စတင်သွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးတာ၊ အပြန်အလှန် သွားရောက် တွေ့ဆုံတာတွေ လုပ်သွားမယ့်အကြောင်း ပြောဆိုထားပေမဲ့၊ အခုခရီးစဉ်နဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာတော့ မသိရပါဘူး။
ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဆယ်နှစ်ခုတခုကြာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာဖြစ်ပြီး လက်ရှိမှာလည်း စခန်းတွင်း စားနပ်ရိက္ခာ မလုံလောက်တာ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်တွေရဲ့ သွားလာမှုတွေကိုလည်း စစ်ကောင်စီက လက်ရှိအချိန်ထိ ကန့်သတ် ထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေသာမက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာလည်း စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5