လူကုန်ကူးခံ ရိုဟင်ဂျာကလေး ၄၀ ခန့် မလေးရှားအာဏာပိုင်တွေ ကယ်တင်

မလေးရှားရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာလူငယ်များ။ (ဓာတ်ပုံ - Jabatan Immigration)

(Zawgyi / Unicode)

မလေးရှားနိုင်ငံ ကွာလာလမ်ပူအနီးက မျက်နှာဖုံး (Mask) တွေချုပ်လုပ်တဲ့ စက်ရုံမှာ လုပ်အားခမပေးဘဲ ခိုင်းစေခံထားရတဲ့ UNHCR လက်မှတ် ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာကလေး ၄၀ နီးပါးကို မလေးရှားရဲက ကယ်ဆယ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူအနီးက မျက်နှာဖုံးတွေချုပ်လုပ်တဲ့ စက်ရုံကို မလေးရှားနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန၊ မလေးရှားရဲတပ်ဖွဲ့၊ ပြည်ထဲရေးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေခဲ့ရာမှာ လုပ်အားခမပေးဘဲ ခိုင်းစေခံထားရတဲ့ ရိုဟင်ဂျာကလေး ၃၈ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှား Japatan လဝက က သတင်းထုတ်ပြန်ခဲ့ပါတယ်။

SEE ALSO: ဆေးရုံသုံးလက်အိတ် အများဆုံးထုတ်တဲ့ မလေးရှားကုမ္ပဏီမှာ ကိုဗစ်ကူးစက်နေ

ဒီအကြောင်းနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ အနေကြာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ဦးသန်းထွန်းက အခုလိုပြောပြပါတယ်။

“ကွာလာလမ်ပူနဲ့ အနီးအနားက Mask တွေချုပ်လုပ်တဲ့ စက်ရုံပေါ့။ အလုပ်ခိုင်းပြီး လစာမပေးတာပေါ့။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ရိုဟင်ဂျာကလေးတွေ လူငယ်လေးတွေ ၃၈ ဦးပေါ့။ အဲဒီစက်ရုံ ကုမ္ပဏီက အလုပ်ခိုင်းပြီး လစာမပေးတာပေါ့။ မလေးရှားရဲက သူတို့ကို ကယ်ထုတ်လိုက်တဲ့ သဘောပေါ့။”

လုပ်အားခမပေးဘဲ ခိုင်းစေခံထားရဲ့ ကလေးတွေဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒုက္ခသည်ဖြစ်ကြောင်း ထုတ်ပေးထားတဲ့ အထောက်အထားတွေ ကိုင်ဆောင်ထားတယ်လို့လည်း ပြောပြပါတယ်။

“သူတို့က UNHCR ကတ် ကိုင်ထားတဲ့ ရိုဟင်ဂျာ ကလေးတွေပေ့ါ။ သူတို့သူဌေး စက်ရုံပိုင်ရှင်က သူတို့ကို အလုပ်ခေါ်ခိုင်းတာ တရက်ကို မလေးရှားရင်းဂစ် ၄၅ ပေးမယ်ပေါ့၊ သူတို့ကို အလုပ်ခေါ်ခိုင်းတာ ၂ ပတ်တကြိမ် လုပ်အားခရှင်းမယ်ပြောတယ်။ သူတို့ကိုခိုင်းထားတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက လုပ်အားခမပေးဘဲ ခိုင်းထားတာ။ မလေးရှားရဲက ကယ်ထုတ်လိုက်တာ။ လူ့အခွင့်အရေး ချိုးဖောက်တဲ့သဘောပေါ့။ Mask စက်ရုံကလည်း လော့ဒေါင်းကာလ (ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ကာလ) မှာလည်း Mask စက်ရုံဆိုတော့ အလုပ်တွေကတော့ လုပ်နေရတယ်။”

ကလေးတွေကို လုပ်အားခမပေးဘဲ ခိုင်းစေထားတဲ့ တာဝန်ရှိသူ လူ ၆ ဦးထက်မနည်းကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီစက်ရုံမှာတော့ UNHCR ကတ် ကိုင်ဆောင်ထားတဲ့ အရွယ်ရောက်ပြီးသား လူ ၁၅၀ ကျော်လည်း အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

SEE ALSO: မလေးရှား ပြည်ပလုပ်သားတွေကြား ကိုဗစ်ကူးစက်မှု အလုပ်ရှင်တွေ တရားစွဲခံရ

မလေးရှားနိုင်ငံမှာတော့ လက်ရှိ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ တိုးလာတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကိုလည်း ပိုမိုတင်းကျပ်ပြီး စစ်ဆေးနေသလို သြဂုတ်လအထိ တနိုင်ငံလုံး ကိုဗစ်အရေးပေါ်ကာလအဖြစ် သတ်မှတ်ကြေညာထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀၀ နီးပါး၊ ကူးစက်သူ ၁၅၅,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နေ့စဉ် လူဦးရေထောင်ဂဏန်းလောက် ကပ်ရောဂါပိုး ကူးစက်နေတာတွေကြောင့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူကုန်ကူးခံ ရိုဟင်ဂျာကလေး ၄၀ ခန့် မလေးရှားအာဏာပိုင်တွေ ကယ်တင်

-------------------------

(Unicode)






SEE ALSO: မြန်မာနိုင်ငံသား နောက်ထပ် ၁၇၀ နီးပါး မလေးရှားကနေ ပြန်ခွင့်ရ




SEE ALSO: ကိုဗစ်ကူးစက်မှုလှိုင်းသစ် မလေးရှားစိုးရိမ်

