ICJ မှာ မြန်မာလျှောက်လဲချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိတ်ပျက်

ICJ မှာ မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

(Zawgyi/Unicode)

မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ရက်ရက်စက်စက် ပြုမူခဲ့တာမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ICJ နိုင်ငံတကာတရားရုံးမှာ ချေပခဲ့တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

ICJ မှာမြန်မာကိုတရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေကတော့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်တဲ့အနေအထားအထိ ဆိုးရွားခဲ့ကြောင်း လျှောက်လဲခဲ့ကြသလို၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဒုက္ခသည်တွေအလုံးအရင်း ထွက်ပြေးရတဲ့အထိဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း တစိတ်တပိုင်း တာဝန်ရှိတယ်ဆိုပြီး ဝေဖန်သူအများအပြားလည်း ရှိနေပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့အထိ အခြေအနေတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာ ဒီသီတင်းပတ်ထဲ ချေပခဲ့တာပါ။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေဟာ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်လှုပ်ရှားမှုတွေကို တုံ့ပြန်ဆောင်ရွက်ခဲ့တာသာ ဖြစ်ပြီး ဂမ်ဘီယာဘက်က စွပ်စွဲတာတွေ မမှန်ကန်တာကြောင့် ဒီအမှုကို တရားရုံးတော်က ပယ်ဖျက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ်။

"ဒီအမှုကို ရုံးတော်ကကြားနာမယ့် အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံအနေနဲ့ တောင်းဆိုပါတယ်။ အခြေမခိုင်သေးတဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ စတင်ဆောင်ရွက်နေချိန်မှာ လူမှုအသိုင်းအဝိုင်းတွေကြား သံသယတွေ၊ မယုံကြည်မှုတွေ၊ မလိုလားမှုတွေ ဖြစ်ပေါ်စေမယ့် လုပ်ရပ်တွေဟာ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။”

ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခုခံ ချေပခဲ့တဲ့အချက်တွေကို အနောက်နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

"လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ သူနဲ့ သူ့အဖွဲ့က ချေပသွားတာပါ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုတွေ၊ မတရားပြုကျင့်ခံရတာတွေ၊ အုပ်စုလိုက် မတရားကျင့်တဲ့ အခြေအနေတွေကို ထည့်ပြောမသွားပါဘူး။ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းပါတယ်။”

ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ Yasmin Ullah ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ်ချုပ်မှာ ဆယ်စုနှစ် ၂ စုလောက် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်က လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကမ္ဘာ့ပြယုဂ်တခုအဖြစ် အမြင်ခံခဲ့ရပေမဲ့၊ ၂၀၁၆ ခုနှစ် အရပ်သားအစိုးရ ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ဝေဖန်မှုတွေ ကြုံလာရပါတယ်။

တချိန်က သူ့ကိုထောက်ခံအားပေးခဲ့သူတွေကိုယ်တိုင် အခုချိန်မှာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မလုပ်နိုင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က Mark Farmaner က ပြောပါတယ်။

“သူဟာ ပြည်သူတွေကို စုစည်းထားနိုင်တဲ့ ပုဂ္ဂိုလ်ပါ။ နိုင်ငံတွင်းက လူမျိုး ဘာသာ မတူသူ အားလုံးရဲ့ အလေးထား အားထားခံထားရသူပါ။ ဒီလိုအလေးထားသူတွေကို စုစည်းမယ့်အစား အခု သူက ဆန့်ကျင်ဘက်တွေ လုပ်နေပါတယ်။ ဆိုတော့ ဗုဒ္ဓဘာသာအခြေခံတဲ့ အမျိုးသားရေး ခံစားချက်တွေ၊ ရိုဟင်ဂျာတွေကို မလိုလားတဲ့အမြင်တွေ ရှိနေတဲ့သဘော ဖြစ်နေပါတယ်။ ဒီလူတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေကို သူကိုယ်တိုင် ကျင့်သုံးနေတာပါ။”

ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ သန်းနဲ့ချီလူထုတွေရဲ့ ထောက်ခံမှုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ရှိနေဆဲဖြစ်တဲ့၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာတိုင်းပြည်မှာ အကောင်းဆုံးအုပ်ချုပ်နိုင်အောင် ကြိုးစားနေတာဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို နှစ်ပေါင်းများစွာ ကြုံနေရတဲ့ တိုင်းရင်းသားတွေ အတွက်ကတော့ အခု ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ကာကွယ်ပြောဆိုသွားတာကြောင့် သူ့အပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ကျဆင်းသွားစေတယ်လို့ Mark Farmaner ကပြောပါတယ်။

တချိန်တည်းမှာပဲ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာလည်း ဆက်ပြီး ဖြစ်နေတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒီလိုပြောနိုင်တဲ့ သက်သေအထောက်အထားတွေ ရှိတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က John Quinley III ပြောပါတယ်။

“ရိုဟင်ဂျာတွေကို လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် မပေးထားပါဘူး။ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်တာနဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ လုပ်အားခိုင်းစေတာတွေ ဆက်ရှိနေတဲ့ အထောက်အထားတွေကို သိပ်မကြာခင်ကပဲ ကျနော်တို့ စုဆောင်းရရှိထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ ဆက်ဖြစ်နေတာကို အဆုံးသတ်ဖို့အတွက် ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ကြားဖြတ် အရေးယူဆောင်ရွက်ချက် ချမှတ်သင့်တယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေးလှုပ်ရှားသူ အတော်များများကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိထိရောက်ရောက် ဟန့်တား ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးဆိုပြီး ဝေဖန်နေကြတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲပြောဆိုနေသလောက် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တယ်ဆိုတဲ့အထိ ချိုးဖောက် လုပ်ဆောင်မှုတွေ မရှိတဲ့အကြောင်း၊ အခုနောက်ဆုံး ICJ တရားရုံးမှာလည်း အလားတူ ချေပခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ICJ မှာ မြန်မာလျှောက်လဲချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိတ်ပျက်


.........................


(Unicode)
















Your browser doesn’t support HTML5

ICJ ကြားနာပွဲ မြန်မာလျှောက်လဲချက်နဲ့ နိုင်ငံတကာအမြင်