“ခွဲမထွက်ရေးမူ” ကိစ္စ ကြေလည်အောင်ညှိဖို့ အတိုင်ပင်ခံတိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)

ဒီကနေ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ်ညီလာခံမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတွေအကြား ညှိနှိုင်းမရဖြစ်နေတဲ့ “ ခွဲမထွက်ရေးမူ” နဲ့ပတ်သက်လို့ သက်ဆိုင်ရာခေါင်းဆောင်တွေက သူတို့ရပ်တည်ချက်တွေကို အဖွင့်မိန့်ခွန်းထဲမှာ ပြောခဲ့ကြပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအချက်ဖြစ်တဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်းပြဌာန်းခွင့်မူတွေကို ကြေလည်အောင်ညှိနှိုင်းဖို့အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပေမယ့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ထဲမှာ ခွဲထွက်ရေးကိစ္စမပြောဖို့ ပါပြီးသားဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပြောသွားပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ တတ်ရောက်သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားတာပါ။

တနှစ်ကျော်ကြာရပ်နားနေခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မြန်မာကွန်ဗင်းရှင်းစင်တာ MICC 2 မှာ ဒီမနက်က စတင်ကျင်းပခဲ့တာပါ။

ညီလာခံအဖွင့်မိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာမှာ လက်ရှိ ညီလာခံမှာ ထည့်သွင်းမဆွေးနွေးဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူကိစ္စတွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ ဒါကြောင့် “ဖက်ဒရယ်”ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူများနဲ့ ပတ်သက်တဲ့အမြင်တွေ ညှိဖို့က အင်မတန်အရေးကြီးသလို၊ အင်မတန် နက်နဲ၊ သိမ်မွေ့တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာ ဒီကိစ္စဆွေးနွေးရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ဒီကိစ္စရဲ့ကြီးမားတဲ့အရေးပါမှုကို ကျွန်မတို့အားလုံး သတိရှိနေကြမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ”

ဆက်လက်ပြီးတော့လည်း ၂၀၂၀ မတိုင်ခင်ကျင်းပမယ့် ညီလာခံတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူတွေကို အပြီးအပြတ်ချမှတ်မှာဖြစ်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

“ ကျွန်မတို့အစိုးရအနေနဲ့ ပင်လုံညီလာခံအစည်းအဝေးနှစ်ကြိမ် ကျင်းပပြီးပါပြီ။ ညီလာခံ မကျင်းပနိုင်သေးတဲ့ကာလတွေမှာလည်း NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ အပြင် မထိုးရသေးတဲ့အဖွဲ့တွေနဲ့လည်း အလွတ်သဘောဆွေးနွေးပွဲတွေ ပုံမှန်လိုလိုပဲ ရှိနေခဲ့ ပါတယ်။ လက်ရှိ ၂၀၁၈ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ(၁)ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ဖို့၊ ဒီညီလာခံ(၃)ကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေး နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း ခွဲထွက်ရေးကိစ္စရပ်နဲ့ပတ်သက်ပြီးသူရဲ့ နုတ်ဆက်အမှာစကားမှာ အခုလို ထည့်သွင်း ပြောဆိုပါတယ်။

“ပါတီစုံဒီမိုကရေစီခေတ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်အမှတ်၊ ၁/၂၀၁၁ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုဖိတ်ခေါ် တဲ့ ဖိတ်ခေါ်ချက်ထဲမှာ “နိုင်ငံတော်သည် ဒို့တာဝန်အရေး(၃)ပါးကိုထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်” ဆိုတဲ့ ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒို့တာဝန်အရေး(၃)ပါးကို လက်ခံရမယ်။ ခွဲထွက်ရေးကိစ္စမပြောဖို့နဲ့ ရွေးကောက်ပွဲလမ်းကြောင်းသည်သာ အဓိကဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ရှင်းလင်းပြီးမှ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းဟာ ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားကို လိုက်နာစောင့်ထိန်းကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ”

ဆက်လက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာနေမယ်ဆို ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိထားတဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲရယူထားကြတဲ့ သဘောတူညီချက်တွေ အားနည်း သွားနိုင်ကြောင်း ပြောဆိုခဲ့သလို ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြီးပြတ်စေလိုကြောင်းလည်း တိုက်တွန်းပါတယ်။

“ကိုယ်စားလှယ်များအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရတဲ့အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရတဲ့ အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တစ်ဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက် သွားပါလို့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်။ ”

ကရင်အမျိုးသားအစည်းအရုံးက ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်ဖို့၊ စာချုပ်ပါရည်မှန်းချက်ဖြစ်တဲ့ ရေရှည်တည်တံတဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ အာမခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေးကို ထည့်သွင်းပြောကြားပါတယ်။

ရခိုင်အမျိုးသားပါတီဒုဥက္ကဌ ဒေါ်အေးနုစိန်ကတော့ လက်ရှိရခိုင်ပြည်နယ်အရေးအပေါ် အလေးထားထည်သွင်းပြောကြားခဲ့ပါတယ်။

ဒီညီလာခံကို နိုင်ငံတော်သမတ အပါအဝင် အစိုးရ၊ လွှတ်တော် ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ နဲ့ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ လေ့လာသူတွေအပြင် နိုင်ငံတကာသံတမန်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ညီလာခံဖွင့်ပွဲကိုတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

“ခွဲမထွက်ရေးမူ” ကိစ္စ ကြေလည်အောင်ညှိဖို့ အတိုင်ပင်ခံတိုက်တွန်း


Your browser doesn’t support HTML5

၂၁ ရာစုပင်လုံ တတိယညီလာခံ အဖွင့်နေ့