စစ်ကိုင်းစစ်ဘေးဒုက္ခသည်ကလေးငယ်တချို့ နာမကျန်းဖြစ်နေကြ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက အလှူတခုမှာတန်းစီနေတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

ရန်ကုန်မြို့က စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကြား အဖြစ်များနေတဲ့ ရာသီတုပ်ကွေးနဲ့ အဆုတ်လေပြွန်ရောင်နာ ရောဂါလက္ခဏာတွေ စစ်ကိုင်းတိုင်း အတွင်းက စစ်ဘေးရှောင်ကလေးငယ်တွေ ကြားမှာလည်း တွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပေမဲ့ ဒီရက်ပိုင်း ရာသီတုပ်ကွေးတွေကတော့ အဖြစ်များနေတယ် လို့လည်း ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ သတင်းအပြည့်စုံကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတွေက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကြား အဆုတ်လေပြွန်ရောင်နာ ရောဂါ လက္ခဏာနဲ့ ရာသီတုပ်ကွေး အဖြစ်များနေတာကြောင့် ပုဂ္ဂလိက စာသင်ကျောင်းတချို့ ယာယီ ပိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မိုးရာသီကာလဖြစ်လို့ ဒီလို ရာသီအလိုက်ဖြစ်တဲ့ တုပ်ကွေးနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ ဖျားနာမှုတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင် ကလေးငယ်တွေကြားမှာလည်း ဒီရက်ပိုင်း အဖြစ်များလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်းက ပြည်သူ့အခြေပြု စာသင်ကျောင်းတွေမှာ စစ်ရှောင်ကလေးငယ်တချို့ ဒီရက်ပိုင်း ရာသီတုပ်ကွေး ဖြစ်ကြသလို၊ အရေပြားရောဂါ ဖြစ်ပွားသူတချို့လည်း တွေ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"ကျနော်တို့ အခုလတ်တလောမှာ ကျောင်းပေါင်း ၅၀ ကျော်ကို ရောက်ဖြစ်တယ်ပေါ့။ အဓိကတော့ သန်ချဆေးတိုက်တာ။ တချို့ကျောင်းတွေမှာ ဘာသွားတွေ့လဲဆိုတော့ ကလေးတွေက ရာသီတုပ်ကွေး ခံစားနေရတာတွေ့တယ်။ နောက် အပူလွန်ကဲတဲ့ ရောဂါမျိုးပေါ့၊ အရေပြားပေါ်မှာ အဖုတွေပေါက်တာမျိုးတွေ ထပ်ပြီးတွေ့နေရတယ်။ ကျောင်းတွေကတော့ လတ်တလောမှာ ဖွင့်တဲ့ရွာတွေကလည်း ဖွင့်ကြသလို၊ မဖွင့်တဲ့ရွာတွေ ကလည်း တခြားသော အကြောင်းတွေကြောင့် မဖွင့်ကြတာမျိုးတွေ ရှိတယ်။ ကျန်းမာရေး အခြေအနေကြောင့်မို့လို့ ကျောင်းတွေ ပိတ်ပစ်ရပါတယ် ဆိုတာမျိုးတော့ ကနီမှာမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ရောက်ခဲ့တဲ့ ရွာတွေမှာတော့ ခုနကပြောခဲ့တဲ့ ရာသီတုပ်ကွေး ဆိုတာမျိုးတွေ ရှိတယ်။ ဆေးဝါးကုသမှုပေးရင်း သွားနေရတာဆိုတော့ ကျနော်တို့ မျက်မြင်တွေ့တာပေါ့ဗျာ။"

ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။

ပြည်သူ့အခြေပြု ကျောင်းတွေမှာ တက်ရောက်နေတဲ့ စစ်ရှောင်ကလေးငယ်တွေကို ၆ လတကြိမ် သန်ချဆေး လိုက်လံ တိုက်ပေးနေတဲ့ အချိန်မှာ ရာသီ တုပ်ကွေး အဖြစ်များနေတာကို တွေ့ခဲ့ရတာပါ။ နှာစေး၊ ချောင်းဆိုး ဖျားနာသူတွေ လောလောဆယ် များနေပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အထိတော့ ဆိုးဆိုးရွားရွား ဖြစ်နေတာမျိုးမဟုတ်တာကြောင့် ကျောင်းတွေ လည်း ဆက်ဖွင့်ထားကြတယ်လို့ အညာဒေသက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

"ကလေးတွေ အနေနဲ့ကတော့ ဖျားနာတာတော့ ရှိတယ်ပေါ့နော်။ ရာသီတုပ်ကွေးလောက်ပဲ ရှိတာပေါ့။ အဖွဲ့အနေနဲ့ သွားခဲ့တဲ့ ကျောင်းတွေမှာလည်း ကလေးတွေ တော်တော်များများလည်း ကျောင်းတက်ကြတယ်။ ဖျားတာတော့ မိုးတွင်းမို့လို့ ဖျားကြတယ်။ ဖျားပေမဲ့ ကြီးကြီးမားမား ဖြစ်တာရယ်လို့တော့ မကြားမိဘူး။"

ကူးစက်လွယ်တဲ့ ဖျားနာမှုတွေ ဖြစ်ပေမဲ့ ရာသီတုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်တွေကို သီးသန့် ခွဲထားနိုင်တဲ့ အခြေအနေ မရှိသလို၊ ကုသဖို့ ဆေးဝါးနဲ့ ဆေးဝန်ထမ်းတွေလည်း အလုံအလောက် မရှိပါဘူး။ တနိုင်တပိုင်အကူအညီတွေနဲ့ နီးစပ်ရာ အဖွဲ့တွေက ဝိုင်းဝန်း ကုသ ကူညီပေးနေရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကျန်းမာရေး အနေနဲ့ကတော့ သူတို့အတွက်သီးသန့် လုပ်ပေးထားတာတော့ မရှိဘူး။ တချို့ကျောင်းတွေဆိုရင် သန်ချဆေးတောင်မှ တနှစ်ပတ်လုံး မသောက်ရလို့ အဖွဲ့ကိုချိတ်ဆက်ပြီး အကူအညီတောင်းတာလည်း ရှိတယ်။ နေမကောင်းဖြစ်တယ်၊ ဖျားနာတယ်ဆိုရင် ဒီအတိုင်းပဲ ကျေးလက်ကဆရာမတွေနဲ့ပဲ ပြကြတယ်။"

လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ စစ်ဘေး တိမ်းရှောင်ရသူတွေလည်း ပိုများလာနေပြီး ခုလို မိုးတွင်းကလာမှာတော့ ကျန်းမာရေး လိုအပ်ချက်တွေ ပိုများလာနေတာပါ။ စစ်ဘေးဒုက္ခသည်တွေဟာ ပြေးလွှားတိမ်းရှောင်ရင်း ရောက်ရာအရပ်မှာ ကြုံသလို နေထိုင်ကြရသလို၊ စားသောက်ရေးနဲ့ အခြေခံကျန်းမာရေး ကုသနိုင်ဖို့အတွက် ကူညီပေးနေသူတွေကိုပဲ အားထားနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရာသီတုပ်ကွေးနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုတွေ ပိုပြီး မဆိုးရအောင်နဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသခံအဖွဲ့တွေကပဲ ဝိုင်းဝန်းကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ကိုင်းစစ်ဘေးဒုက္ခသည်ကလေးငယ်တချို့ နာမကျန်းဖြစ်နေကြ