စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရပ်တန့်အောင်လုပ်ကြဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews

{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကလေးတွေအပါအဝင် အရပ်သားအများအပြား သေဆုံးနေရတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ လူမှုကျင့်ဝတ်သဘောအရလက်ခံလို့မရသလို နိုင်ငံတကာဥပဒေအရလည်း တရားဝင်မှုမရှိတာကြောင့် နိုင်ငံတကာအနေနဲ့ ဒါတွေကို ရပ်တန့်နိုင်ဖို့လုပ်ရမယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကောင်စီရဲ့ အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ပဇီကြီးရွာက ကလေးအနည်းဆုံး ၃၀ အပါအဝင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကုလသမဂ္ဂပါအဝင် နိုင်ငံတကာ အစိုးရတွေက အပြင်းအထန်တုံ့ပြန် ကန့်ကွက်ခဲ့ကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ရေး နိုင်ငံတကာအနေနဲ့ ပိုပြီးအလုပ်လုပ်ဖို့ လိုနေကြောင်း ဗွီအိုအေကို Skype ကနေ အခုလိုပြောပါတယ်။

“ကျနော် တကယ်ပဲ ထိတ်လန့်မိပါတယ်။ ဒါပေမယ့် မအံ့သြပါဘူး။ မြန်မာကလေးငယ်တွေ၊ မိသားစုတွေ၊ အပြစ်မဲ့သူတွေရဲ့ အသက်၊ လုံခြုံရေးနဲ့ ပတ်သက်လို့ ဘာကိုမှ အလေးထားတာမျိုးမရှိဘူးဆိုတာကို စစ်ကောင်စီက သရုပ်ပြခဲ့တာဖြစ်ပါတယ်။ အဆိုးရွာဆုံးကတော့ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကို ရန်သူလိုသတ်မှတ်ပြီးတော့ တိုက်ခိုက်တာ၊ အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်ပြီး အင်အားအလွန်အကျွံသုံးဖိနှိပ်နေတဲ့အတွက်စစ်ကိုင်းတိုင်းဒေသတွင်းသာမက မြန်မာနိုင်ငံတဝှမ်း အပြစ်မဲ့ပြည်သူတွေ ဒီဆိုးကျိုးကို ခံစားနေရတာပါ။ တကယ့်ကို ကြောက်စရာကောင်းပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုး လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလို စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရပ်တန့်ဖို့ ပိုပြီးအလုပ်လုပ်ရမှာဖြစ်ပါတယ်။

မေး။ ။ ဒီလို အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေအရဆိုရင် ဘယ်အတိုင်းအတာအထိ ချိုးဖောက်နေပါသလဲ။

ဖြေ။ ။ ဒီလို လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်တာဖြစ်ပါတယ်။ ပထမအချက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ရဟတ်ယာဉ်တွေနဲ့ ရွာတွေကို ဆင်းပြီး ပစ်ခတ်တာတွေကို စစ်ကောင်စီတပ်တွေ ကျူးလွန်တာ ထင်ထင်ရှားရှားတွေ့မြင်ရတယ်။ နောက်ပြီးတော့ ဒီလို လက်နက်တွေနဲ့ တိုက်ခိုက်တာတွေ ပိုပြီးများလာတယ်။ စစ်ကောင်စီသုံးနေတဲ့ လက်နက်တွေဟာ ခွဲခြားမှုအကန့်အသတ်မရှိဘဲ အားလုံးကိုပစ်သတ်နိုင်တယ်။ ရွာလုံးကျွတ်ကို သူတို့က ပစ်ခတ်နေတာဖြစ်တယ်။ ဒီကိစ္စတွေအားလုံးက စစ်ရာဇဝတ်မှုရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လက္ခဏာတွေပါ။ ဒါတွေကို လူမှုကျင့်ဝတ်ရှုထောင့်ကနေ လက်ခံလို့မရတဲ့အပြင် နိုင်ငံတကာဥပဒေရှုထောင့်မှာဆိုရင် စစ်ကောင်စီလုပ်ရပ်က တရားမဝင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကိုအတည်ပြုခဲ့ပြီး ဒီလိုတိုက်ခိုက်ရတာဟာ အကြမ်းဖက်အုပ်စုလို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လက်အောက်ခံ PDF အဖွဲ့တွေကြောင့်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရပ်တန့်အောင်လုပ်ကြဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

---------

{{Unicode}}






