စစ်ကောင်စီ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ဖို့ ကုလ တောင်းဆို

Stephane Dujarric ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အထိမ်းအမှတ်နေ့မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၃ လကျော်ကာလ အတွင်း အဖမ်းခံနေရတဲ့ ဒါဇင်နဲ့ချီနဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေအဖွဲ့ကြီးက တောင်းဆိုလိုက်တယ်” လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ အဖမ်းဆီး ခံနေရတဲ့ သတင်းသမား ၈၂ ယောက် လောက်ရှိနေပြီး အဲဒီဲထဲက ထက်ဝက်ကျော်ကို ခုထိ ပြန်လွှတ်မပေးသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲက သတင်းမီဒီယာ ဌာနကြီး ၆ ခုအတွက် သတင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရုပ်သိမ်းတာ ခံနေရတယ်လို့လည်း ပြောပါတယ်။

မဇ္ဈိမ၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် မီဒီယာလုပ်ငန်းတွေကို အာဏာသိမ်းပြီး မကြာခင်မှာ လုပ်ငန်းလုပ်ခွင့် ပိတ်သိမ်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်တိုက်ကိုလည်း လုပ်ငန်းထုတ်ဝေခွင့် ပိတ်သိမ်းလိုက်ပါတယ်။

တချိန်ထည်းမှာပဲ အမေရိကန်သံရုံးအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက စုပေါင်းကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြပြီး ဒီမိုကရေစီလူ့ဘောင်မှာ သတင်းလွတ်လပ်ခွင့်ဟာ အခြေခံအုတ်မြစ်တခုဖြစ်တဲ့ အတွက် ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် အင်တာနက်ကန့်သတ်မှုတွေကို ရပ်တန့်ဖို့၊ မီဒီယာလွတ်လပ်ခွင့်ကို အာမခံချက်ရှိရှိပေးဖို့ ၊ သတင်းသမားတွေ လွတ်လပ်စွာသတင်းရယူခွင့်ကိုအာမခံချက်ပေးဖို့ နိုင်ငံခြားသံရုံးတွေက စစ်ကောင်စီကို တောင်းဆိုထားကြပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ဖို့ ကုလ တောင်းဆို


.............


(Unicode)






