Zawgyi/Unicode
လူကိုယ်တိုင်တက်ရောက်မယ့် စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေရဲ့ G 7 ထိပ်သီးအစည်းဝေး ကို အမေရိကန်နိုင်ငံက လက်ခံကျင်းပဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီအစည်းဝေးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။
ဒီ G 7 ထိပ်သီးအစည်းဝေးကို အရင် သတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ ဝါရှင်တန်ဒီစီ Camp David မှာပြန်ကျင်းပဖို့ စဉ်းစားနေတယ်လို့ သမ္မတကတွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း သူတို့နိုင်ငံတွေက အခြေနေတွေ စပြီး ပြန်ကောင်းလာနေတာ ကြောင့် အခုလို ကျင်းပမယ် ဆိုရင် အားလုံး နဂိုအခြေနေပြန်ရောက်ပြီဆို တာ ပြတဲ့ လက္ခဏာကောင်းတရပ် ဖြစ်လာမယ်လို့လည်း ပြောပါတယ်။
သမ္မတထရမ့်က ဝါရှင်တန်ဒီစီနားမှာ ရှိတဲ့ မေရီလန်းပြည်နယ်က Camp David သမ္မတအပန်းဖြေစခန်း မှာ ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ G 7 ထိပ်သီးအစည်းဝေး ကျင်းပဖို့ ကနဦးမှာ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ နှစ်ပတ်လည် အစည်းဝေးကို ကပ်ရောဂါကြောင့်လို့ ပြောပြီး သမ္မတက ဖျက်သိမ်းခဲ့သလို ဗီဒီယိုနဲ့ အစည်းဝေးကျင်းပဖို့ ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ တသန်းခွဲကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေသလို သေဆုံးရသူကလည်း ၉၂၀၀၀ ကျော်ရှိနေတာ ဖြစ်ပေမယ့် ဒီကပ်ရောဂါကြောင့် အတော်လေးကျဆင်းနေတဲ့ အမေရိကန် စီးပွါးရေး ပြန်လည်နိုးထလာအောင် သမ္မတထရမ့်က တွန်းအားပေးနေတာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အစည်းဝေးကို ဘယ်လို အမြန်ဆုံး စီစဉ်မယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူက ဘာမှ ထုတ်မပြောသေးသလို G 7 စက်မှု ထိပ်သီးနိုင်ငံတွေ ဘက်ကလည်း ဘာမှ တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။
ဒါ့အပြင် ဒီ G-7 အဖွဲ့ဝင် ၄ နိုင်ငံတည်ရှိတဲ့ ဥရောပ ဒေသက လာရောက်မယ့် သူတွေအတွက် ခရီးသွားတားမြစ်ချက်တွေကို ထရမ့်အစိုးရအဖွဲ့က ထုတ်ပြန်ထားဆဲပါ။ အမေရိကန် နဲ့ G-7 အဖွဲ့ဝင် ကနေဒါ နိုင်ငံတို့ ကြားမှာလည်း မလိုအပ်ရင် ခရီးမသွားဖို့ ဇွန်လ ၂၁ ရက်နေ့ အထိ နယ်စပ်ဒေသကို ပိတ်ထားတာ ဖြစ်ပါတယ်။
[Unicode]
Your browser doesn’t support HTML5