သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု နဲ့ ပတ်သက်လို့ မြန်မာ-တရုတ်ချစ်ကြည်ရေး ဥက္ကဌတဦးရဲ့ အမြင်


မြန်မာ - တရုတ် အလံ
မြန်မာ - တရုတ် အလံ

(Zawgyi/Unicode)

စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူတွေရဲ့ အမြင်မကြည်မလင်ဖြစ်မှု ပိုများလာနေတာတွေ့ရသလို၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ အရင်လို နှစ်နိုင်ငံ ပြည်သူချင်းဆက်ဆံဆောင်ရွက်တာမျိုးတွေ မရှိကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်က ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမြန်မာစစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ မန္တလေးမြို့မှာပေါ့နော် အခုညဘက် လုံခြုံရေးဘယ်လိုရှိသလဲရှင့်။ ဥပမာ-ရန်ကုန်မှာဆိုရင်တော့ လူတွေ ညဘက်ထွက်ပြီးတော့ ကင်းစောင့်နေရတဲ့အခြေအနေ၊ ကိုယ့်လုံခြုံရေးကို ရပ်ကွက်အလိုက်ယူနေရတယ်ဆိုတော့ မန္တလေးမြို့မှာ အခြေအနေတွေ ဘယ်လိုရှိပါသလဲရှင့်။

ဦးပိုမြင့်။ ။ အခုရပ်ကွက် လူငယ်လေးတွေကတော့ ဦးဆောင်နေတာပေါ့လေ။ ကိုယ့်မိတ်ဆွေအိမ်ကနေ စုပြီးတော့ စောင့်ကြတာပေါ့လေ။ ကျနော်တို့ရပ်ကွက်ကတော့ အေးဆေးပဲ ဘာမှ ဘာသံမှ မကြားဘူး။

အင်ကြင်းနိုင်။ ။မန္တလေးမြို့မှာ အခုလို လူထုလှုပ်ရှားတာတွေဖြစ်ပေါ်လာတာ၊ အခြေအနေတွေ ပြောင်းလဲသွားတဲ့အနေအထားမှာရော ဘယ်လို ယူဆသလဲရှင့်။ မြန်မြန်ပြီးသွားမလား ဒါမှမဟုတ်ရင် ဘယ်လိုမျှော်လင့်ချက်တွေရှိ သလဲရှင့်။

ဦးပိုမြင့်။ ။ အခုကတော့ ပြည်သူလူထုတွေကတော့ တော်တော်လေးကို ပူးပေါင်းပါဝင်မှုတော့များပါတယ် မကြာခင်မှာတော့ ပြီးသွားမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကလည်း မေးမြန်းပြီးတော့ ဖိအားတွေပေးနေတယ်ပေါ့လေ။ ဒီဘက်ကလည်း လုံး၀ အကြမ်းမဖက်ပဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်ဆိုတော့ အထိအခိုက်မများပဲနဲ့ ပြီးသွားမယ်လို့ ကျနေ်ာယုံကြည်ပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ အန်ကယ်တို့ရဲ့ ရပ်တည်ချက်ကို ရှင်းပြလို့ ရမလား။

ဦးပိုမြင့်။ ။ ကျနော်ကတော့ တိုင်းပြည်အခြေအနေကောင်းတုန်းကတော့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံလုပ်ဆောင်တာပေါ့လေ။ အဲဒီမှာတော့ များသောအားဖြင့်တော့ မြန်မာပြည်ဖွားတရုတ်အမျိုးသားတွေနဲ့ ကျနော်တို့ ပြောတာများတယ်။ မြန်မာနိုင်ငံ အဆက်ရှိနေတော့ အေးအေးချမ်းချမ်းနဲ့ နေချင်ကြတာပဲလေ။ သူတို့ကလည်း ဝိုင်းပြီးတော့ မြန်မာပြည်အတွက် လှူတာတွေရှိတယ်။ အရင်တုန်းက အခြေအနေကောင်းတုန်းကတော့ ကျနော်တို့က ချစ်ကြည်ရေးအတွက်ပဲ လုပ်တယ်။ ဟိုဘက်က လှူတာတန်းတာတွေ ဒီဘက်က လိုအပ်တဲ့နေရာတွေလည်းရှိတော့ ချစ်ကြည်ရေးကိစ္စပဲလုပ်တယ်ဆိုတော့ အဆင်ပြေ တာပေါ့လေ။ သပ်ပြဿနာတွေဘာတွေ မရှိဘူး ။ အခုကတော့ ပြည်သူအများစုက တရုတ်နိုင်ငံအပေါ်မှာ သိပ်မကြည်ဘူးပေ့ါ။ အဲဒီအနေအထားဆိုတော့ ကျနေ်ာတို့က အရေးအခင်းကာလဖြစ်တဲ့အတွက်လည်း လှုပ်ရှားမှုတွေ မရှိဘူး။

အင်ကြင်းနိုင်။။ ခုဆိုလည်း မြန်မာနိုင်ငံကို တရုတ်စစ်သားတွေလာတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ်မှာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနဲ့ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဦးပိုမြင့်။ ။ ကမ္ဘာ့ရေးရာမှာ တခြားနိုင်ငံက စစ်သားတွေလာတယ်ဆိုတာကတော့မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ စစ်တလင်းဖြစ်မှာ ကျနော်မလိုလားဘူး။ ကျနော်တို့ ပြည်သူတွေဘက်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ။ အဲဒီမှာ နှစ်ဖက်ညှိုနှိုင်းနိုင်ရင် တော်တော်ကိုကောင်းမယ့် အနေအထားရှိပါတယ်။ နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနဲ့ ပြောမယ်ဆိုရင် မြန်မာပြည်ဖွား တရုတ်အမျိုးသားတွေကတော့ တကယ့်မြန်မာပြည်သူပြည်သားစိတ်ဓါတ် အပြည့်အဝရှိနေတယ်။ အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားစေလိုတဲ့ ဆန္ဒရှိတယ်။

အင်ကြင်းနိုင်။။ အခု စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာရော မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရဲ့ ရပ်တည်ချက် ဘယ်လိုရှိပါသလဲ။

ဦးပိုမြင့်။ ။ ဟိုးတနေ့ကတော့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းအနေနဲ့ မဟုတ်ပဲနဲ့ မြန်မာပြည်ဖွား တရုတ်အမျိုးသားတွေအနေနဲ့ဆန္ဒပြချီတက်လမ်းကြောင်းကို ကျနော်တို့ တွေ့လိုက်ရတယ်။ တွေ့လိုက်ရတော့ ကျနော်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌတယောက်အနေနဲ့အဲဒီလို ငြိမ်းချမ်းစွာဆန္ဒပြတာကို ကျနော်တို့က ဝမ်းသာတယ်လို့ ကျနော်တို့ အသင်းရဲ့ ပေ့ချ်မှာ တင်လိုက်ပါတယ်။

အင်ကြင်းနိုင်။။ အန်ကယ်တို့ဘက်က တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေးအရ ပြည်သူချင်း ဆက်ဆံရေးလည်း လုပ်ခဲ့တဲ့အခါကျတော့ အခု မြန်မာနိုင်ငံ စစ်အာဏာသိမ်းလိုက်တဲ့ ကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ညှိုနှိုင်းသင့်သလား၊ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမျိုး ရပ်တည်ဆောင်ရွက်ပေးသင့်လဲလို မြင်သလဲရှင့်။

ဦးပိုမြင့်။။ ကျနော်တို့ ကြားရတဲ့ သတင်းအရပေါ့လေ တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေ လွှတ်ပေးဖို့ မနေ့က ပြောဆိုလိုက်တာ တွေ့ရတယ်။ တွေ့ရတော့ သူတို့ကလည်း ငြိမ်းချမ်းစွာဖြစ်စေချင်တဲ့ ဆန္ဒတော့ ပြလာတယ်ပေါ့ဗျာ။ အဲဒါကိုတော့ ကျနော်တို့ သဘောကျပါတယ်။

ကျနော်တို့ အသင်းထဲမှာကတော့ ကျနော်ကတော့ မြန်မာပေါ့လေ။ တဝက်လောက်က မြန်မာပြည်ဖွား တရုတ်တွေပါတယ်။ တချို့ကလည်း ကျနော်တို့နဲ့ ဆန္ဒမတူတာတွေ ရှိနိုင်တယ်။ ဒါကြောင့် အသင်းအနေနဲ့ ကျနော်တို့က လှုပ်ရှားလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းအနေနဲ့က ဆွေးနွေးဆုံးဖြတ်ပြီးမှ လုပ်လို့ရတာကိုး။ လုပ်ရင်တော့ ပုဂ္ဂိုလ်ရေးအနေနဲ့ ပဲ လုပ်လို့ရပါတယ်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


.................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG