မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီး ၄ လကျော် ကြာလာတဲ့အထိ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ လျှပ်စစ်မီး ပြန်မရသေးတဲ့ ကျေးရွာ ၃ဝ ကျော် ရှိနေသေးတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။ လျှပ်စစ်မီး လနဲ့ချီ ပြန်မရသေးတဲ့အတွက် ဒေသခံတွေရဲ့ နေ့စဉ်လုပ်ငန်းတွေ အတော် အခက်ကြုံနေရတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းအပြည့်စုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
မိုခါမုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၄ လကျော် ကြာလာတဲ့အထိ ပြည်လည် ထူထောင်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးသလို၊ မုန်တိုင်းသင့်ဒေသက ပြည်သူတွေဟာ နေ့စဥ် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ရခိုင်မြောက်ပိုင်းမှာ ခုချိန်ထိ လျှပ်စစ်မီးပြန် မရသေးတဲ့ ကျေးရွာပေါင်း ၃ဝ ကျော် ရှိနေသေးတယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။
“ရွာတွေ အများကြီးထဲက တချို့ကတော့ ပြီးသွားပြီ။ ရွာ ၃ဝ ကျော်ကျော်လောက်တော့ အရင်အတိုင်းပဲ ကျန်နေသေးတယ်။ လုပ်နေတယ်လို့တော့ ပြောတယ် လျှပ်စစ်ကလေ။”
လျှပ်စစ်ဓာတ်ပေးစက်ရုံ တည်ဆောက်ထားတဲ့ ပုဏ္ဏားကျွန်း မြို့နယ်မှာဆိုရင်လည်း အခုအချိန်ထိ လျှပ်စစ်မီးမရတာ ၉ ရွာအထိ ရှိတယ်လို့ မီးပြန်မရသေးတဲ့ ယိုးတရုတ်ကျေးရွာရွာလူကြီးတဦးက ပြောပါတယ်။
“မိုခါမုန်တိုင်း တိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ယိုးတရုတ်ကျေးရွာ အပါအဝင် ကျေးရွာ ၉ ရွာ အခုထိ မီးမရသေးဘူး။ ယိုးတရုတ်ကျေးရွာ အုပ်စု၊ ရှင်တောင်ကျေးရွာအုပ်စု၊ သဲတော် ကျေးရွာအုပ်စု၊ ဂဏန်းတောင်ကျေးရွာအုပ်စု၊ အထက်မြတ်လှဲအုပ်စု၊ ပက်ခွက်ဆိပ် ကျေးရွာအုပ်စု၊ ရွာ ၉ ရွာ မီးမရသေးဘူး ကျနော်တို့။”
အခုလို လျှပ်စစ်မီး အချိန်ကြာ ပြတ်တောက်နေတာကြောင့် ဒေသခံတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ နေ့စဉ်ဘဝတွေ အတွက် အခက်ကြုံရတယ်လို့လည်း ယိုးတရုတ်ကျေးရွာ ရွာလူကြီးက ပြောပါတယ်။
“ကျနော်တို့ ကျေးရွာမှာက တိုက်နယ်ဆေးရုံရှိတယ်။ ကျနော်တို့ ရွာက ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ ရှိတဲ့ရွာ ဆိုတော့ အမြဲတမ်း ယာဉ်တိုက်မှုတွေ ရှိတယ်။ ပြီးတော့ ကျောက်တော်မြို့ နယ်က ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ရွာတွေ၊ နောက်ပြီး မြောက်ဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ ရွာတွေက ကျနော်တို့ တိုက်နယ်ဆေးရုံကိုပဲ အားကိုးနေရတာ။ မီးမရတော့ ကျနော်တို့ အရေးပေါ် ခွဲစိတ်ကုသတာတွေ မလုပ်နိုင်ဘူး။ မွေးလူနာတွေကို ခွဲစိတ်လို့ မမွေးနိုင်ဘူးဆိုတော့ မြို့ပေါ်ကို သွားရတော့ ပိုက်ဆံပိုကုန်တာပေါ့။ အထက်တန်းကျောင်းလည်း ရှိတော့ ကလေးတွေ စာဖတ်ရတာ အဆင်မပြေဘူး။ ခြင်ကိုက်တယ်။ အခုတလော ခိုးဆိုးလုယက်မှုတွေ ရွာမှာ များလာတယ်။”
အခုလက်ရှိ မီးမရသေးတဲ့ ကျေးရွာတွေအတွက် လျှပ်စစ်ဌာနက အမြန်ဆုံး မီးပြန်ရအောင် လုပ်ဆောင်နေကြောင်း ပြောပေမဲ့ မိုးရာသီ ဖြစ်တဲ့အတွက် ကားလမ်းတွေ ပျက်စီးပြီး မီးတိုင်တွေ သယ်ယူရတာ ခက်ခဲတာကြောင့် လျှပ်စစ်မီးတွေ ပြန်ရဖို့ ကြန့်ကြာနေပါတယ်။ ဒါ့အပြင် မိုခါအလွန် ရခိုင်ဒေသမှာ ဒေသခံတွေ တော်တော်များများ အခုအချိန်ထိ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေကြဆဲ ဖြစ်သလို စားဝတ်နေရေး အကူအညီတွေလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။