သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်စစ်ပွဲတွေနဲ့ ဒရုန်းတပ်ဖွဲ့


Russia Ukraine War Tech Cluster
Russia Ukraine War Tech Cluster

ယူကရိန်းနိုင်ငံထဲက စစ်မြေပြင်တွေမှာ ရုရှားဘက်ကရော ယူကရိန်းစစ်တပ်ဘက်ကပါ အဝေးထိန်းဒရုန်းယာဥ်တွေသုံးပြီးတိုက်ခိုက်နေကြပါတယ်။ အမေရိကန်စစ်ဖက်ကျွမ်းကျင်သူတွေရဲ့အဆိုအရ ခေတ်သစ်စစ်ပွဲတွေမှာ အသေးစားဒရုန်းတပ်ဖွဲ့တွေ ပုံမှန်ပါဝင်လာမယ့်ပုံ ရှိနေပါတယ်။ ဒါပေမယ့်လည်း သတ်မှတ်ထားတဲ့ပစ်မှတ်ကို သူ့အလိုလို ရှာဖွေတိုက်ခိုက်တဲ့လက်နက်တွေ ကမ္ဘာတဝန်းတီထွင်ထုတ်လုပ်နေတဲ့အပေါ် စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။ VOA သတင်းထောက် Maia Kay သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

တရုတ်စစ်တပ်ကို ကောင်းကောင်း ယှဥ်ပြိုင်နိုင်ဖို့ Replicator လို့နာမည်ပေးထားတဲ့ ဒရုန်းယာဥ် အစီအစဥ်သစ်တမျိုးကို အမေရိကန်ကတီထွင်ခဲ့ကြောင်း ၂၀၂၃ သြဂုတ် လမှာ အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ အသေးစားဒရုန်းယာဥ်တွေ အများအပြားတပ်ဆင်ထားတဲ့ အဲဒီအစီအစဥ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက်တော့ ထင်ရှားတဲ့ပြောင်းလဲမှုဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဌာနက ပြောပါတယ်။ အမေရိကန်လေတပ်၊ Air War ကောလိပ်၊ မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာဌာန၊ လက်ထောက်ပါမောက္ခ Mark Jacobsen က Skype ကနေ အခုလိုရှင်းပြပါတယ်။
“အသေးစားဒရုန်းတွေဟာ တိကျတဲ့ ပဲ့ထိန်းတပ်လက်နက်တွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်သူမဆို ဒေါ်လာထောင်ဂဏန်းလောက်နဲ့ အလွန်အစွမ်းထက်ပြီး တိကျတဲ့လက်နက်တွေကို တပ်ဆင်နိုင်ပါပြီ။ အရင်တုန်းကတော့ ဒီလိုအစွမ်းထက်ပြီး အားကောင်းတဲ့လက်နက်မျိုးတွေကို အင်အားကြီးနိုင်ငံတွေကပဲ လက်လှမ်းမီနိုင်ပါတယ်။ ဒါကြောင့် စစ်မြေပြင်တွေမှာ ဒရုန်းလက်နက်တွေကို ဆက်ပြီးမြင်နေရဦးမယ်လို့ ယူဆရပါတယ်။”
ယူကရိန်းစစ်ပွဲမှာ မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို မျှော်မှန်းမထားလောက်အောင် အသုံးပြုခဲ့တယ်လို့ လက်ထောက်ပါမောက္ခ Mark Jacobsen က VOA ကိုပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ တလကို ဒရုန်းယာဥ်ပေါင်း ၅ ထောင်ကနေ တသောင်းကြား အသုံးပြုကြပြီး တနှစ်ကို ပျမ်းမျှ ဒရုန်းယာဥ်ထိန်းချုပ်မောင်းနှင်သူ ၁၀,ဝဝဝ ဝန်းကျင်လောက် လေ့ကျင့်သင်တန်းပေးနေတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းစစ်မြေပြင်တွေမှာသုံးနေတဲ့ တချို့ဒရုန်းယာဥ်တွေဟာ လူက ထိန်းချုပ် မောင်းနှင်ဖို့မလိုပဲ သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို ခွဲခြားနိုင်သလို ပစ်မှတ်ကိုခြေရာခံနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာ AI တွေကိုပါ တပ်ဆင်ထားတာပါ။ သတ်ဖြတ်ဖို့အထိ သူ့အလိုလို ဆုံးဖြတ်နိုင်တဲ့ Autonomy စနစ်ကြောင့် ကျင့်ဝတ်ရေးရာအပေါ် စိုးရိမ်မိတယ်လို့လည်း Jacobsen ကပြောပါတယ်။

"ရှုပ်ထွေးတဲ့ အီလက်ထရောနစ်စစ်ပွဲတွေပေါ်ပေါက်နေတာကြောင့် ချိတ်ဆက်ထားတဲ့ ဒေတာအချက်အလက်တွေ ဆက်ပြီးထိန်းထားဖို့ သိပ်ခက်ပါတယ်။ သူ့အလိုလို ရှာဖွေတိုက်ခိုက်တဲ့ Automation တွေ၊ ဒါမှမဟုတ် ဒရုန်းတွေ သူ့ဖာသာပျံသန်းပြီး ဆုံးဖြတ်ချက်တချို့ကိုတောင် သူ့ဖာသာချနိုင်အောင်လုပ်ဖို့ ဆိုတဲ့အပိုင်းမှာ အတော်ကို တွန်းအားပေးနေတာလည်းရှိပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင်တော့ ကျင့်ဝတ်ပိုင်းမှာ စိုးရိမ်စရာရှိပါတယ်။"

Cornell တက္ကသိုလ်၊ Brooks Tech Policy Institute က အမှုဆောင်ညွှန်ကြားရေးမှူး James Rogers ကတော့ ဒရုန်းယာဥ်တွေက အဲဒီလိုဆုံးဖြတ်ချက်တွေ သူ့ဖာသာချမှတ်ပြီးနေပြီလို့ ပြောပါတယ်။

“အဲဒီလက်နက်စနစ်တွေမှာ ပစ်မှတ်တွေကို ကြိုတင်သတ်မှတ်ထားတဲ့ အယ်လဂိုရီသမ်စနစ်နဲ့ ခွဲခြားသတ်မှတ်ပေးလိုက်တာနဲ့ သူတို့ပစ်မှတ်ဖြစ်တဲ့ လူတွေရဲ့ သေရေး၊ ရှင်ရေးကို သူတို့ဖာသာဆုံးဖြတ်သွားနိုင်ပါပြီ။ လူကဝင်ပြီးထိန်းချုပ်ပေးစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့်လည်းကျနော်တို့ပြောတဲ့ အနာဂတ်ဆိုတာ အခုလက်ရှိဖြစ်နေပြီဆိုတာကိုလည်း သတိပြုမိ ဖို့အရေးကြီးပါတယ်။”

ဒရုန်းယာဥ်တွေမှာ ပစ်မှတ်တွေကို ရှာဖွေတိုက်ခိုက်တဲ့ စွမ်းရည်တွေရှိနေပြီဆိုရင်တောင် အမေရိကန်စစ်ဖက်ကတော့ ဘယ်တပ်အင်အားကိုမဆို အသုံးမပြုခင်မှာ သင့်တော်တဲ့အဆင့်ထိ လူသားတွေကဝင်ပြီး ဝေဖန်ပိုင်းခြား ဆုံးဖြတ်မယ်လို့ ပင်တဂွန်ကပြောပါတယ်။ ဒါပေမယ့်လည်း တခြားတိုင်းပြည်က စစ်ဖက်တိုက်ခိုက်ရေးသမားတွေအနေနဲ့ အမေရိကန်စစ်တပ်လိုမျိုး ဆုံးဖြတ်ဆောင်ရွက်လိမ့်မယ်လို့ မျှော်မှန်းထားလို့တော့ မဖြစ်ဘူးလို့လည်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ခေတ်သစ်စစ်ပွဲနဲ့ ဒရုန်းတပ်ဖွဲ့
please wait

No media source currently available

0:00 0:03:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG