သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ ဧပြီ ၁၉ စတင်မည်


 ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က အာဏာရ BJP အမျိုးသားရေးပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်ရုံး မှာ အိန္ဒိယ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - R.SATISH BABU / AFP)
၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က အာဏာရ BJP အမျိုးသားရေးပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်ရုံး မှာ အိန္ဒိယ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - R.SATISH BABU / AFP)

အိန္ဒိယနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ တတိယသက်တမ်း ဆက် အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်ကနေ စတင်ကာ ခြောက်ပတ်ကျော် ကျင်းပမှာဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရက်နိုင်ငံ အဖြစ် အသိအမှတ်ပြုခံရတဲ့ အိန္ဒိယမှာ မဲဆန္ဒရှင် ၁ ဘီလီယံနီးပါးဟာ အောက်လွှတ်တော်ရဲ့ ရွေးကောက်ခံအမတ် ၅၄၃ ဦးကို ရွေးချယ်ဖို့ အရည်အချင်းပြည့်မီမှာ ဖြစ်ပြီး ကျန်နှစ်နေရာကိုတော့ သမ္မတက ခန့်အပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဇွန်လ ၁ ရက်အထိ အဆင့်ခုနစ်ဆင့်နဲ့ ကျင်းပမှာ ဖြစ်ပြီး မဲတွေကိုတော့ ဇွန် ၄ ရက်က စတင်ပြီး ရေတွက်မှာ ဖြစ်ပါတယ်။ မဲရုံတွေမှာ လုံခြုံရေးအလုံအလောက် ရယူနိုင်ဖို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နိုင်ငံအနှံ့ ရွှေ့ပြောင်းချထားရလို့ အိန္ဒိယရဲ့ ရွေးကောက်ပွဲတွေဟာ ရက်သီတင်းပတ်များစွာ ကျင်းပရလေ့ရှိပါတယ်။ မိုဒီရဲ့ လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီ BJP ပါတီနဲ့ သူရဲ့ ဒေသအဆင့် မဟာမိတ်ပါတီတွေဟာ အဓိက အတိုက်အခံ ကွန်ဂရက် ပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ I-N-D-I-A အိန္ဒိယ လို့အတိုကောက် ခေါ်တဲ့ နိုင်ငံရေး မဟာမိတ်အဖွဲ့နဲ့ ဒေသအဆင့် ပါတီ နှစ်ဒါဇင်ကျော်တို့နဲ့ ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့အရေး အိန္ဒိယရပ်တည်ချက်
please wait

No media source currently available

0:00 0:05:30 0:00

မိုဒီဟာ ဆယ်စုနှစ်များအတွင်း အိန္ဒိယရဲ့ လူကြိုက်အများဆုံး ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေတာကြောင့် ဒီရွေးကောက်ပွဲမှာ လတ်တလော စစ်တမ်းတွေမှာတော့ အာဏာရ BJP ပါတီပဲ လွယ်လွယ်ကူကူ နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ မိုဒီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် သူ အာဏာရလာကတည်းက စီးပွားရေးတိုးတက်မှုကို အာရုံစိုက်ကာ ပြင်းထန်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒနဲ့ လူအများစုကို ဆွဲဆောင်ထားပြီး နိုင်ငံကို စုစည်းထားနိုင်ခဲ့ပါတယ်။

အိန္ဒိယကို ၂၀၄၇ ခုနှစ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတခုအဖြစ် သတ်မှတ်နိုင်ဖို့ သူ့အနေနဲ့ သန္နိဋ္ဌာန်ချထားကြောင်း လူထုတွေ့ဆုံပွဲတွေမှာ မိုဒီက ပြောကြား စည်းရုံးနေပြီး သူ့အစိုးရ လုပ်ဆောင်နေတဲ့ ကြီးမားတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကို ထုတ်ဖော်ပြသနေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်မှာ မိုဒီရဲ့ BJP ပါတီကို အရေးနိမ့်ခဲ့တဲ့ အဓိက ပြိုင်ဘက် ကွန်ဂရက်ပါတီကတော့ ဒေသခံ ပါတီငယ်တွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲမှာ အသာစီး ပြန်ရဖို့ ကြိုးစားနေပါတယ်။ အတိုက်အခံတွေက အလုပ်လက်မဲ့နဲ့ ငွေကြေးဖောင်းပွမှုလို လူထုရဲ့ စိုးရိမ်ချက်တွေကို ထောက်ပြ ပြောဆိုနေပြီး အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှုအများစုဟာ စီးပွားရေးလုပ်ငန်းကြီးတွေကိုသာ အကျိုးပြုပြီး လူအများစုကြီးအတွက် တိုးတက်စေခြင်းမရှိဘူးလို့ ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG