သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီစတာဝတ်ပြုပွဲ ပုပ်ရဟန်းမင်းကြီး ကြီးမှူးကျင်းပ


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မတ်လ ၃၀ ရက်၊ စနေနေ့က ဗာတီကန် နန်းတော် စိန့်ပီတာ ဘာစီလီကာ (St. Peter's Basilica) ကျောင်းတော်ကြီးမှာ ကျင်းပတဲ့ စနေနေ့ အီစတာ ဝတ်ပြုပွဲကို ကြီးမှူးကျင်းပနိုင်ခဲ့ပါတယ်။ (AP Photo/Alessandra Tarantino)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မတ်လ ၃၀ ရက်၊ စနေနေ့က ဗာတီကန် နန်းတော် စိန့်ပီတာ ဘာစီလီကာ (St. Peter's Basilica) ကျောင်းတော်ကြီးမှာ ကျင်းပတဲ့ စနေနေ့ အီစတာ ဝတ်ပြုပွဲကို ကြီးမှူးကျင်းပနိုင်ခဲ့ပါတယ်။ (AP Photo/Alessandra Tarantino)

ကျန်းမာရေးအရ စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ် သာသနာရဲ့ အချိန် အကြာဆုံး ဝတ်ပြုဆုတောင်းပွဲ တခုဖြစ်တဲ့ စနေနေ့ ညပိုင်း အီစတာ ဝတ်ပြုပွဲကို နှစ်နာရီကျော်ကြာ တက်ရောက် ကြီးမှူး ဆုတောင်းပေးခဲ့ပါတယ်။

သက်တော် ၈၇ ခုနှစ် ရှိပြီ ဖြစ်တဲ့ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ အကြီးအကဲဟာ အခု လပိုင်းတွေထဲ ကျန်းမာရေး ယုတ်လျော့လာမှုတွေ ဆက်တိုက် ကြုံတွေ့နေရတာပါ။ သောကြာနေ့ကလည်း ရောမမြို့က ကိုလော့စီယမ် အမိုးပွင့် ဘဲဥပုံသဏ္ဌန် ဇာတ်ရုံကြီးထဲမှာ ကျင်းပတဲ့ ခရစ်တော် ကားစင် တင်ခံရတဲ့နေ့ Good Friday နေ့ ဝတ်ပြုပွဲကို နောက်ဆုံးမိနစ်ပိုင်းအလိုကျမှ ကျန်းမာရေး အကြောင်းပြချက်နဲ့ မတက်ရောက်နိုင်ခဲ့ပါဘူး။

စနေညမှာတော့ ဗာတီကန် နန်းတော်ထဲက အထင်ကရ စိန့်ပီတာ ဘာစီလီကာ (St. Peter's Basilica) ကျောင်းတော်ကြီးမှာ ကျင်းပတဲ့ ဝတ်ပြုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် တရားဟောကြားရာမှာ သူ့အသံက တခါတလေမှာ တိမ်သွားသလို အသက်ရှူမဝသလို ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ တမျက်နှာကျော် ရှည်လျားတဲ့ ကိုယ်ကျင့်သီလ ဆိုင်ရာ တရားတော် အပါအဝင် သူပြင်ဆင်လာတဲ့ တရားတွေကို အဆုံးထိ မြွက်ကြားနိုင်ခဲ့ပြီး ပရိသတ်ကို ပြုံးပြ လက်ဝှေ့ယမ်းကာ ဘီးတပ်ကုလားထိုင်နဲ့ ပြန်လည် ထွက်ခွာသွားပါတယ်။

တခြား ပွဲတွေမှာဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးဟာ ရှည်လျားတဲ့ တရားဟောကြားမှုတွေကို လက်ထောက်တွေကို လွှဲပေးလေ့ရှိတာပါ။ ပုပ်ဖရန်စစ်ဟာ ငယ်စဥ်ကတည်းက အဆုတ် တစိတ်တပိုင်းကို ဖယ်ထုတ်ခံထားရသူဖြစ်ပြီး ဆောင်းရာသီတလျှောက်လုံး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မိန့်ခွန်းနဲ့ ဆုတောင်းပွဲတွေ အချိန်ကြာရှည် ကျင်းပဖို့ အခက်အခဲရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့ တနင်္ဂနွေ (မတ်လ ၃၁) နေ့မှာတော့ စိန့်ပီတာရင်ပြင်က ဆုတောင်းပွဲမှာ ဘာစီလီကာ ကျောင်းတော် လေသာဆောင်ကတဆင့် တနှစ်မှာ နှစ်ကြိမ် ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာနဲ့ သဝဏ်လွှာကို ဖတ်ကြားပြီး အီစတာပွဲတော်ကို အဆုံးသတ်ဖို့ စီစဉ်ထားပါတယ်။ .


ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ ပုပ်ရဟန်းမင်းကြီး ဟာ သခင်ယေရှုရဲ့ နှိမ့်ချစိတ်ထားကို ပုံဖော်တဲ့ အီစတာ ပွဲတော် ထုံးတမ်းစဥ်လာတခု ဖြစ်တဲ့ ခြေထောက် ဆေးကြောပေးခြင်း အမှုကို ရောမမြို့ဆင်ခြေဖုံးက Rebibbia အကျဥ်းထောင်မှာ အမျိုးသမီး အကျဥ်းသူ ၁၂ ယောက် ရဲ့ ခြေထောက်ကို ဆေးကြောပေးရင် နမ်းရှုံ ချီးမြှင့်ပေးခဲ့ပါတယ်။ အီစတာ ပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ အရေးကြီး ဘာသာရေးပွဲတခုဖြစ်ပြီး အီစတာ တနင်္ဂနွေနေ့မှာ ခရစ်တော် တဖန်ပြန်ရှင်သန် ထမြောက်တော်မူတဲ့ အထိမ်းအမှတ် ယုံကြည်ကျင်းပကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG